ကလေးတွေဟာ ငယ်ရွယ်စဉ်တုန်းက သိသင့်သိထိုက်တာတွေ၊ အပြောအဆိုတွေ၊ အမူအရာတွေကို သင်ခဲ့ပြီးပါပြီ။ “ကလေးတွေရဲ့ ဦးနှောက်ဟာ ရေမြှုပ်နဲ့တူတယ်” လို့ လူတချို့က ပြောကြပါတယ်။ ဒါတွေ တတ်သိနေရုံနဲ့လည်း အဆင်မပြေပါဘူး။ လူ့ဘဝကို ဆက်ပြီး လျှောက်လှမ်းရမှာမို့ တခြားအရာတွေလည်း တတ်ထားသင့်ပါတယ်။ ဒါကြောင့် ဘယ်လိုအရာတွေကို မိဘတွေက သင်ပေးရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ ဘာသာစကား

လေ့လာမှုတစ်ခုအရ ဘာသာစကားအသစ်ကို သင်ယူတဲ့ ကလေးတွေဟာ တစ်စုံတစ်ခုကို ပြောင်းလဲဖို့ ပိုမိုလျင်မြန်စွာ လိုက်လျောညီထွေ ရှိနေတတ်ပြီး မှတ်ဉာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ ကမ္ဘာရဲ့အခြားနေရာတွေမှာ ဆက်သွယ်ပြောဆိုတဲ့အခါ အထောက်အကူ ဖြစ်စေပြီးတော့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရွေးချယ်စရာတွေ ပိုမိုရရှိစေပါတယ်။

ကနေဒါနိုင်ငံ Rotman Research Institute က သိပ္ပံပညာရှင်တွေက ဘာသာစကား ၂ မျိုးပြောခြင်းက အသက်ကြီးလာချိန်မှာ ဦးနှောက်ကို အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို နှောင့်နှေးစေကြောင်း သက်သေပြခဲ့ပါတယ်။

၂။ ရေကူးခြင်း

ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို လေ့ကျင့်ခြင်းက ကျွန်တော်တို့ကို ပိုမိုကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေပါတယ်။ ရေကူးခြင်းက အန္တရာယ်များတဲ့ အခြေအနေမှာတောင် သင့်ကလေးရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။ ပြီးတော့လည်း ခြေလက်အင်္ဂါတွေကို သန်မာစေပါတယ်။

အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ ရေကူးခြင်းက သင့်ဦးနှောက်ကို ကြာရှည်ကျန်းမာအောင် ကူညီပေးတယ်လို့ National Center for Biotechnology က ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

၃။ တူရိယာတစ်ခုခုကို တီးတတ်အောင် သင်ပေးခြင်း

The Journal of Neuroscience က တူရိယာတီးခတ်ခြင်းကို သင်ယူခြင်းဟာ အကြားအာရုံ စွမ်းရည်ကို တိုးတက်စေပြီး ဦးနှောက်စွမ်းရည် ယိုယွင်းမှုကို နှောင့်နှေးစေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ တူရိယာတစ်ခုခုကို တီးတဲ့အခါ နားနှင့် ဦးနှောက်စနစ်များစွာကို တစ်ပြိုင်နက် အလုပ်လုပ်စေတာကြောင့် ဖြစ်ပါတယ်။ သင့်ကလေး အရွယ်ရောက်ပြီးတဲ့အခါမှာလည်း ပိုမိုကောင်းမွန်တဲ့ ပြောဆိုဆက်ဆံနိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုတို့ကို ထုတ်ဖော်ပြောဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

၄။ အက

Karlstad University က လေ့လာမှုတစ်ခုအရ ကခုန်ခြင်းဟာ ကလေးတွေရဲ့ အာရုံစူးစိုက်မှုစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဂီတရဲ့ အကူအညီနဲ့လည်း တီထွင်ဖန်တီးနိုင်မှု၊ လူမှုဆက်ဆံရေးစွမ်းရည်နှင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို တည်ဆောက်နိုင်စေပါတယ်။ အကက သင့်ကလေးတွေကို မတူညီတဲ့ ယဉ်ကျေးမှုတွေနှင့် ပိုမိုနီးစပ်လာစေပြီး သူတို့ရဲ့ ကိုယ်ခန္ဓာအပေါ်လည်း ယုံကြည်မှု ရှိလာစေပါတယ်။

၅။ ပြန်လည် အသုံးချတတ်အောင် သင်ပေးခြင်း

ပြန်လည်အသုံးပြုခြင်းက ကမ္ဘာဂြိုဟ်ကို စောင့်ရှောက်ဖို့နှင့် နောက်မျိုးဆက်တွေအတွက် ပိုမိုကောင်းမွန်တဲ့ကမ္ဘာကို ချန်ထားခဲ့ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ အကြံဥာဏ်တွေကို အကောင်အထည်ဖော်ဖို့ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေ အများကြီး မလိုအပ်ဘူးဆိုတာ သင့်ကလေးက သိပါလိမ့်မယ်။

စပိန်နိုင်ငံ၊ Ecoembes မှာ စားသုံးမှုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်မှုဆိုင်ရာ အသိပညာတွေ မြှင့်တင်ဖို့ စာသင်ကျောင်းတွေမှာ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ သင်ကြားမှုကို ထည့်သွင်းထားပါတယ်။

၆။ သန့်ရှင်းရေး

စည်းကမ်းရှိမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုက လူသားတိုင်းရဲ့ ဘဝအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သန့်ရှင်းရေး လုပ်တာက ကျန်းမာသောဘဝကို ရရှိစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဖြစ်စေဖို့ ကူညီပေးပါတယ်။ ဂျပန်နိုင်ငံမှာ စာသင်ခန်းနှင့် ကျောင်းကို သန့်ရှင်းရေးလုပ်ခြင်းကို ကျောင်းပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

၇။ ရည်ရွယ်ချက်ထားတတ်အောင် သင်ပေးခြင်း

ကလေးတွေကို ရည်ရွယ်ချက်ထားတတ်အောင် သင်ပေးတာက ဦးနှောက်အတွက် ကောင်းမွန်စေပြီး နေရာတိုင်းမှာ ပိုမိုလွယ်ကူစွာ ပြုမူနိုင်ဖို့ ကူညီပေးပါတယ်။ လေ့လာသလောက် ဦးနှောက်က တိုးတက်နေမှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကိုလည်း ပိုမိုခိုင်မာစေပါတယ်။

၈။ အချက်အပြုတ်

သင့်ကလေးတွေနှင့် တူတူချက်ပြုတ်တာက သူတို့နဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။ ပန်းကန်ပြင်ဆင်မှုကို သူတို့နဲ့တူတူလုပ်ရင်လည်း အစာစားတဲ့အခါ ပိုနားလည်သွားပြီး မကုန်တဲ့ ထမင်းဟင်းတွေ စွန့်ပစ်ရတာတွေ လျော့ကျသွားနိုင်ပါတယ်။

ဟင်းချက်နည်းကို လိုက်နာရုံနဲ့ သူတို့တွေ လိုက်နာရမယ့် ညွှန်ကြားချက်တွေရဲ့ အရေးပါမှုကို သိရှိကြပြီး ပါဝင်ပစ္စည်းတစ်ခုစီကို သူတို့ရဲ့ကိုယ်ပိုင် အာရုံတွေနှင့် စူးစမ်းလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အစားအစာတစ်ခုစီ ချက်ပြုတ်တဲ့အခါ ဘာတွေလုပ်တယ်ဆိုတာကို ပြပြီး သင့်ကလေးက အရမ်းငယ်သေးတယ်ဆိုရင်တော့ မတော်တဆမှု မဖြစ်ရအောင် ရိုးရှင်းတဲ့အရာတွေနဲ့ စတင်လိုက်ပါ။

၉။ ပိုက်ဆံကို သုံးတတ်အောင် သင်ပေးပါ။

လူသားတွေဟာ ကြီးပြင်းလာတာနှင့်အမျှ ငွေကြေးဆိုင်ရာ တာဝန်ဝတ္တရားတွေ ပိုများလာပါတယ်။ ငွေကို ခြစ်ခြစ်ကုတ်ကုတ် သုံးတတ်ဖို့၊ ငွေဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ပဲ အသုံးလိုတဲ့ နေရာမှာပဲ သုံးတတ်ဖို့ သင်ပေးသင့်ပါတယ်။

၁၀။ သူတို့ရဲ့ခံစားချက်တွေကို နားထောင်ပေးပါ။

ကလေးတွေဆိုတာက တချိန်လုံး ပျော်နေတတ်ကြတာ မဟုတ်ပါဘူး။ သူတို့မှာလည်း ကိုယ်ပိုင်ခံစားချက် ရှိကြပါတယ်။ သူတို့ ဝမ်းနည်းတာပဲဖြစ်ဖြစ်၊ ပျော်တာပဲဖြစ်ဖြစ် သူတို့ရဲ့ ခံစားချက်တွေ၊ ပြောစကားတွေကို နားထောင်ပေးပါ။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးတွေဟာ သင့်ကလေးကို ရှုပ်ထွေးသော အခြေအနေတွေမှာ ဆုံးဖြတ်ချက်တွေချနိုင်စေပြီး သင့်လျော်စွာ တုံ့ပြန်နိုင်စေနိုင်ပါတယ်။

zombie (lovemedia)