လွန်ခဲ့သော သုံးရာစုနှစ် လောက်က တရုတ်နိုင်ငံက စစ်တိုက်တာ အင်မတန် တော်တဲ့ စစ်သူကြီးချူဟာ ဘုရင် မကြိုက်တာ တခုကို လုပ်မိလိုက်တယ်။ ဘုရင်က အမျက်တော် ရှပြီး သူ့ကို ခုလို အမိန့်ချ လိုက်ပါတယ်။
"၃ ရက် အတွင်း မြားအစင်း တသိန်း လုပ်ပေးရမယ်။ မလုပ်ပေး နိုင်ရင် ခေါင်းဖြတ် သတ်ခံရမယ်" တဲ့။ အဲဒီအချိန်မှာ အင်အားကြီးမားတဲ့ ရန်သူဟာ သူတို့မြို့ကို သိမ်းဖို့ ရေကြောင်း ကနေ ချီတက်လာရင်း မြို့နား ရောက်ခါနီး မြစ်ကမ်းစပ် တနေရာမှာ စခန်းချ နေပါတယ်။
ဘုရင့်မှာ အဲဒီရန်သူကို ပြန်တိုက်ဖို့ မြားတွေ အများကြီး လိုအပ်နေ ပါတယ်။ စစ်သူကြီးချူက ၃ ရက် အတွင်း မြားအစင်း တသိန်း လုပ်ပေးပါမယ် လို့ ဘုရင်ကို ပြန်လျှောက် လိုက်တယ်။
တကယ်တော့ မြားအစင်း တသိန်းလုပ်ပေးဖို့ သူ့မှာ ဝါး၊ အလုပ်သမား အလုံအလောက် မရှိသလို ၃ ရက် ဆိုတဲ့ အချိန်တိုလေးမှာ ပြီးဖို့ ဆိုတာ ပိုပြီး မဖြစ်နိုင် သေးတယ်။ ဒါပေမဲ့ သူ အသက် အသေမခံနိုင်လို့ အဲဒါကို ရွေးချယ် လိုက်တယ်။ စစ်သူကြီးဟာ တညလုံး မအိပ်ဘဲ ဘာလုပ်ရမလဲလို့ အကြံထုတ်တယ်။
မိုးလင်းခါနီးမှာ အကြံတခု ရလိုက်တယ်။ စစ်သူကြီးချူဟာ သူ့စစ်သားတွေကို ရွက်သင်္ဘောတွေ၊ လှေတွေရဲ့ ဘေးတွေမှာ ကောက်ရိုးထုံးတွေကို ချည်ခိုင်း လိုက်တယ်။ ကုန်းပတ် အပေါ်တွေ မှာလည်း ကောက်ရိုးထုံးတွေနဲ့ ဖုံးအုပ်ခိုင်း လိုက်တယ်။ ရွက်တွေ ကိုလည်း ကောက်ရိုးမျှင် တွေနဲ့ ကာခိုင်းလိုက်တယ်။
နောက်တနေ့ ညနေ နေဝင်ခါနီး နှင်းတွေ ထူထူထဲထဲ ကျနေချိန်မှာ စစ်သူကြီးက ရွက်သင်္ဘောတွေ၊ လှေတွေကို မြစ်ကြောင်းအတိုင်း ရန်သူ့ စခန်းနားကို ချီတက် ခိုင်းလိုက်တယ်။
ရန်သူဟာ နှင်းထုတွေ ကြားက မသဲမကွဲ မြင်ရတဲ့ မည်းမည်း အကြီးကြီးတွေဟာ စစ်သူကြီးချူရဲ့ ရွက်သင်္ဘောတွေ လှေတွေလို့ ရိပ်မိပေမယ့် ရေပြင်ကို ထွက်မတိုက် ရဲဘူး။ ဘာကြောင့်လဲ ဆိုတော့ စစ်သူကြီးချူဟာ စစ်ရေးပရိယာယ် အင်မတန် ကြွယ်ဝတယ် ဆိုတာကို သူတို့ သိထားကြ လို့ပါ။
ဒီတော့ ရန်သူဟာ စစ်သူကြီးရဲ့ သင်္ဘောတွေ သူတို့စခန်းနား ကပ်မလာ နိုင်အောင် မြားတွေနဲ့ ပစ်ကြတယ်။ သင်္ဘောတွေကလည်း စခန်းနား ကပ်နိုင်သလောက် ကပ်ကြတယ်။ ရန်သူလည်း ကြောက်လန့်ပြီး ရှိသမျှ မြားတွေ ပစ်လွှတ် ကြတယ်။
မိုးချုပ်တော့ စစ်သူကြီးချူက သင်္ဘော လှေတွေကို မြို့ကို လှည့်ပြန်ခိုင်း လိုက်တယ်။ မနက်ရောက်တော့ စစ်သားတွေဟာ သင်္ဘော လှေတွေပေါ်က ကောက်ရိုးထုံးတွေမှာ စိုက်နေတဲ့ ရန်သူ့မြားတွေကို နှုတ်ယူပြီး စစ်သူကြီးချူ ဆီမှာ အပ်နှံကြတယ်။
စစ်သူကြီးက ဘုရင့်ထံ မြားအစင်း တသိန်းကို ၃ ရက် အတွင်း ပေးအပ်လိုက် နိုင်လို့ ဘုရင်က သူ့ကို အသက်ဘေးက ကင်းလွှတ်ခွင့် ပေးလိုက်ပါတယ်။ အလုပ်တခုဟာ ကြီးမား ခက်ခဲလွန်းလို့ စစချင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်စရာပါ။
ဒါပေမဲ့ ဦးနှောက်ကို အပြည့်အဝ အသုံးချပြီး ဖြစ်နိုင်တဲ့ နည်းလမ်းကို စဉ်းစားရင် လုပ်လို့ရမယ့် နည်းလမ်းကို ရှာတွေ့ ပါလိမ့်မယ်။ (အထိရောက်ဆုံး နည်းက သင် အဲဒီနည်းလမ်းကို မရရင် အသက်သေတော့မယ် လို့ သဘောထား စဉ်းစားပါ။ သေချာပေါက် အဖြေကို ရှာရပါလိမ့်မယ်) ဗန်းမော်သိန်းဖေ
0 Comments