ရိုး ဂုဏ်

ဒီဇာတ်လမ်းလေးဟာ အိန္ဒိယနိုင်ငံက နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး အမီတာဘချမ်း ပြန်ပြောပြတဲ့ ဇာတ်လမ်းလေး တပုဒ်ဖြစ်ပါတယ်။

တနေ့တွင် ဘချမ်းသည် လေယာဉ်ဖြင့် ခရီးထွက်ရန် ကိစ္စတခု ပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့် ဘေးချင်း ကပ်လျက် ကျသော လူတယောက်မှာ သူ့ထက် အသက်ကြီးပြီး ရိုးရိုး ရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစား ပုံစံ ပေါက်နေသည့် လူကြီးတယောက် ဖြစ်သည်။

ထိုလူကြီးမှာ ပညာတော့ တတ်ပုံ ရသည်။ သတင်းစာ တစောင်ကို ဖတ်နေသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံသည်။ သူက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဘချမ်းကို ပြုံးပြ လိုက်သည်။

ဘချမ်းကလည်း သူ့ကို အခွင့်သာခိုက် ပြုံးပြ လိုက်ပြီး "ဟဲလို" ဟု နှုတ်ဆက် လိုက်သည်။ သူကလည်း "ဟဲလို" ဟု ပြန်ပြောသည်။ ထိုလူကြီးက သူ့ကို ပြုံးကာ ကြည့်လိုက်ပြီး "မောင်ရင် ဘာများ လုပ်သလဲကွယ်" ဟု မေးလိုက်သည်။

သေချာသည်မှာ သူသည် ဘချမ်း၏ ရုပ်ရှင်များကို မကြည့်ဘူးပါ။ ထို့ကြောင့် ဘချမ်းက ပြုံးလိုက်ပြီး "ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်ခင်ဗျာ၊ ဦး ရုပ်ရှင် ကြည့်ပါသလား"

"အင်း ကြည့်တော့ ကြည့်တယ် အများကြီးတော့ မဟုတ်ဘူး၊ နှစ်တော်တော် ကြာမှ တကားလောက် ဆိုပါတော့"

သေချာသည်မှာ သူသည် ဘချမ်း၏ ရုပ်ရှင်တွေကို မကြည့်မိ သေးကြောင်း ဖြစ်သည်။ သူ့စိတ်ထဲကလည်း သူလို နာမည်ကျော် တယောက်ကို မသိရ ကောင်းလား ဆိုကာ စိတ်ခု သွားမိသည်။

"မောင်ရင်က ရုပ်ရှင်လုပ်ငန်းမှာ ဆိုတော့ ဘာတွေ လုပ်သလဲ"

"ကျွန်တော်က သရုပ်ဆောင် တယောက်ပါ"

"အိုး မင်းသားလား ကောင်းတာပေါ့"

သူက ဤမျှသာ ပြန်ပြောသည်။ ထိုစဉ် လေယာဉ်က ဆင်းသက် နေပြီ။ သူတို့ ထွက်ခွာ ရတော့မည်။ ဘချမ်းက ထိုလူကြီးကို လက်ထိုးပေးရင်း "ကျွန်တော် အမီတာ ဘချမ်းပါ"

ထိုလူကြီး ကလည်း ပြုံးပြလိုက်ပြီး "ဟုတ်လား၊ ဝမ်းသာပါတယ်ကွယ်။ ဦးနာမည်လည်း မှတ်ထားပါ ဂျေ အာ ဒီ တာတာ"

အမှန်တော့ တာတာ ဆိုသည်မှာ အိန္ဒိယနိုင်ငံမှ သန်းပေါင်းများစွာ ချမ်းသာသော TATA လုပ်ငန်းရှင် သူဌေးကြီး တယောက် ဖြစ်သည်။ ဘချမ်းက ပြန်ပြောပြသည်မှာ

"ကျွန်တော် အဲဒီနေ့က စပြီးတော့ အများကြီး သင်ခန်းစာ ရသွားတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို အလွန် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး တယောက်လို့ ထင်ပြီး သွေးနားထင် ရောက်နေတာ။ သူက ကျွန်တော့်ကို မသိဘူး ဆိုတာ စိတ်ထဲတမျိုး ဖြစ်မိတာပေါ့။

ကျွန်တော့်ကို သူ မသိတာ ဘာမှ မဟုတ်ပါလား။ သူ့ကို ကျွန်တော် မသိတာမှ တော်တော် နောင်တ ရသွားတာ။ အလွန် ရိုးသား နှိမ့်ချပြီး သူ့ကိုယ်သူ ဘာမှန်း မသိအောင် နေပြသွားတဲ့ သူဌေးကြီး တယောက်က ပေးသွားတဲ့ သင်ခန်းစာက ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး ဆိုတာပဲ"

TinNyunt (Amithabh Bachan’s Traveling with Gentleman)

Post a Comment

0 Comments