စိတ်စေတနာသာ အဓိက

ရှေးရှေးတုန်းက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး စိုးစံနေစဉ် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်ပြီး အရွယ်ရောက်သော် ဟိမဝန္တာတောတွင် ရသေ့ပြုကာ အဘိညာဉ်သမာပတ်တို့နှင့် ပြည့်စုံသော ရသေ့တပါးအဖြစ် သီတင်းသုံးတော် မူနေလေတယ်။

ဟိမဝန္တာတောတွင် သီတင်းသုံးတာ အချိန်ကာလတခုကြာလို့ ဟိမဝန္တာတောမှ ထွက်ခွာလာစဉ် ရွာတရွာအရောက်တွင် ခေတ္တသီတင်းဖို့ ရွာသားများမှ ကျောင်းဆောက်၍ ကိုးကွယ်ထားလေတယ်။

ထိုရွာတွင် ငှက်မုဆိုး တယောက်သည် ခါတိန်ညင် တကောင်ဖြင့် အခြားခါများကို တည်ကာ ဖမ်းယူလေ့ ရှိပါတယ်။ ထိုတည်ကြက် အဖြစ်အသုံးချခံရသော ခါတိန်ညင်မှာ မိမိကြောင့် အခြားမျိုးနွယ်တူ ငှက်များ ပျက်စီးရသည်ကို မြင်သဖြင့် အသံမပြုမိအောင် ဆိတ်ဆိတ်နေသော် မုဆိုးမှာ သူအသံ တိတ်နေသည်ကို လုံးဝအလိုမကျ။

သို့နှင့် အသံထွက်စေရန် အသံထွက်မှ သာလည်း အခြားငှက်များကို ဖမ်းမိနိုင်မှာ ဖြစ်သည့်အတွက် အသံ မထွက်မချင်း ဝါးခြမ်းစိတ်ဖြင့် ရိုက်နှက်ခြင်း ပြုလေတယ်။ ဘယ်လောက်ပဲ အသံတိတ်နေသည် ဆိုသော်လည်း ဝါးခြမ်းပြားဖြင့် အရိုက်ခံရသော ခါလေးမှာ နာကျင်မှုကြောင့် အသံ ထွက်လာရလေတယ်။ ထိုအခါ အခြားခါငှက်များမှာ ဖမ်းဆီးခံရပြန်လေတယ်။

ထိုအဖြစ်နှင့် ပတ်သက်ပြီး ခါငှက်လေးမှာ လွန်စွာ စိတ်မကောင်း ဖြစ်ရလေတယ်။ ဒီအဖြစ်အပျက်နှင့် ပတ်သက်ပြီးလည်း သူ့တွင် အပြစ်ရှိ မရှိကို သိလိုလာပါတယ်။

မည်သူ့ထံ မေးမြန်းရမည်ကို အမြဲ စဉ်းစားလျက် ရှိပြီး တနေ့ ငှက်မုဆိုး၏ ခါတည်ရာမှ ပြန်လာသော လမ်းတွင် သူနှင့် မုဆိုးတို့ ရေသောက်ရန် ရသေ့ကျောင်းတွင် ခေတ္တနားလေသော် ခါငှက်သည် ဘုရားအလောင်း ရသေ့နှင့် တွေ့လေတယ်။

ဒီလိုနဲ့ ခါငှက်လေးမှာ သူသိလိုသမျှကို ရသေ့အား မေးပါတော့တယ်။ "အရှင်ဘုရား၊ တပည့်တော်မှာ မျိုးတူခါငှက်တွေကို မုဆိုး ဖမ်းမိဖို့ရာ အသံပေးခြင်းအမှုကို ဆောင်ရွက်ပေးရပါတယ်။ တပည့်တော် မလုပ်ချင်၍ အသံတိတ်နေသော်လည်း မရ။ မုဆိုးမှာ အသံမထွက်မချင်း ရိုက်လို့ အသံထွက်စေ ပါတယ်။ အသံထွက်သော် မျိုးတူငှက်များ ပျက်စီးရလေတယ်။ အဲဒီလို ပျက်စီးမှုအတွက် တပည့်တော်မှာ အပြစ်ဖြစ်သလား သိချင်ပါတယ် အရှင်ဘုရား" လို့မေးလိုက်လေတယ်။

ထိုအခါ ဘုရားအလောင်း ရသေ့က "အလို ခါငှက်လေးရယ်၊ မုဆိုးပြုသမျှ သင့်တွင် အပြစ် မဖြစ်နိုင်ပါ။ သင်သည် မုဆိုး၏ အမှုကိစ္စ၌ စိတ်မပါခဲ့လျှင် မုဆိုးကျူးလွန်သော ထို ပါဏာတိပါတာ ကံသည် သင့်ထံသို့ မရောက်နိုင်ပါ။ ဒါကြောင့် သင့်တွင် အပြစ်မဖြစ်ပါလေ" လို့ ခါငှက်လေး သိလိုသော အဖြေကို ပေးလိုက်လေတယ်။

ဒီတော့မှ ခါငှက်လေးဟာ စိတ်ချမ်းသာမှု ရသွားလေတယ်။ သူ့အသံကြောင့် မျိုးတူငှက်များ ပျက်စီးရသည်ဟု သောက ရောက်နေရခြင်းတို့လည်း ပြေပျောက်သွားလေတယ်။ တကယ်လည်း ခါငှက်များ ဖမ်းမိစေရန် သူစေတနာ မပါခဲ့ပါ။ ဒါကြောင့် ကောင်းမှု မကောင်းမှု ပြုရာမှာ စိတ်စေတနာဟာ အင်မတန် အဓိက ကျပါတယ်။

မုဆိုးကျူးလွန်သော အမှုမှာ မုဆိုး၏ မကောင်းသော ဆန္ဒဖြစ်ပြီး ထိုမကောင်းမှု အပေါ် စိတ်မပါခဲ့သော ခါငှက်လေးရဲ့ စိတ်ထားစေတနာမှာ ကုသိုလ်ဖြစ်လေတယ်။ အပြစ်မရှိမှန်း သိလိုက်ရတဲ့ ခါငှက်လေးလည်း စိတ်ချမ်းသာစွာဖြင့် နေထိုင်သွား နိုင်တော့တယ်။

ဒီပုံပြင်လေးကနေ ပေးချင်တဲ့ အသိကတော့ မည်သည့် အမှုကိစ္စမဆို ပြုလုပ်ရာမှာ စိတ်စေတနာသည် အဓိက အကျဆုံး ဖြစ်ပြီး စိတ်စေတနာ ကောင်းခြင်း ဆိုးခြင်း အပေါ်မူတည်လို့ ကုသိုလ်၊ အကုသိုလ် ကွဲပြားသွားရတာပဲ ဖြစ်ပါတယ်။ cartoonbakery

Post a Comment

0 Comments