သူမ၏ နှုတ်ဆက်စကား

တကယ့် အဖြစ်အပျက်လေး တခုပါ။ တခါတုန်းက သားသတ်စက်ရုံ တခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီး တယောက်ဟာ သူ့အလုပ်ချိန် ပြီးခါနီး အိမ်မပြန်ခင်လေးမှာ ခုတ်ထစ်ပြီး အမဲသားတွေကို မပုတ်သိုးအောင် တန်းစီ ချိတ်ဆွဲထားတဲ့ အအေးခန်းထဲကို ဝင်စစ်ဆေး ခဲ့ပါတယ်။

ထိုအချိန်မှာ ဝင်ပေါက် သံတံခါးကြီးဟာ ရုတ်တရက် ပိတ်သွားတယ်။ တံခါးကြီးဟာ အထဲကနေ ဖွင့်လို့ မရဘဲ အပြင်ကနေပဲ ဖွင့်လို့ရတယ်။ အအေးခန်းထဲက အပူချိန်ကလည်း ရေခဲမှတ်အောက် ရောက်တဲ့အထိ အေးနေတယ်။ အခန်းတခုလုံးလည်း အလင်းရောင်မရှိ မှောင်ပိန်းသွားတယ်။

သူလည်း ကြောက်အား လန့်အားနဲ့ အသံကုန် အော်တယ်။ တံခါးကို လက်နဲ့ တဝုန်းဝုန်း ထုပုတ်တယ်။ ဒါပေမဲ့ ဝင်ပေါက်တံခါးဟာ သံထုထည် ကြီးကြီးမားမားနဲ့ အထူကြီး ပြုလုပ်ထားတာမို့ အပြင်က လူတွေ မကြားနိုင်ပါဘူး။ နောက်ပြီး အလုပ်ဆင်းချိန်မို့ အလုပ်သမား အားလုံးနီးပါးလည်း အိမ်ပြန်သွားကြပြီ။

သူလည်း တံခါးကို ထုလိုက်၊ အော်ခေါ်လိုက်နဲ့ တနှစ်ရီလောက် ကြာတော့ လက်တွေနာ၊ အသံကုန် မောပန်းလာလို့ အအေးခန်း အတွင်းနံရံကို မှီရင်း နားနေလိုက်တယ်။ တဖြည်းဖြည်းနဲ့ အအေးဓါတ်ဟာ သူ့ရဲ့ အရိုးအဆစ်တွေကို ကိုက်ခဲလာ စေပါတယ်။ နောက်ပြီး သူ့ ကိုယ်အပူရှိန်ဟာ အရမ်း ကျဆင်းလာတာကြောင့် တကိုယ်လုံး မလှုပ်နိုင်တော့လို့ နံရံကို မှီထားရတယ်။

သူ ပိတ်မိနေတဲ့ အချိန်ဟာ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီ ကြာလာပြီ။ သူ့မျက်လုံးတွေ မှေးလာပြီး ဖွင့်မရအောင် ဖြစ်နေတယ်။ သတိကလည်း ရလိုက် မရလိုက် ဖြစ်နေပြီ။ သူ့မျက်နှာ၊ အဝတ်တွေမှာ နှင်းခဲတွေ ဖုံးနေပြီ။ ၅ နာရီ ကြာသွားပြီ။ သူ မျှော်လင့်ချက် မရှိတော့လို့ စိတ်ကို လုံးဝ လျှော့လိုက်ပြီ။ သေမင်းလက်ကို အပ်နှံလိုက်ပြီ။

ဒီအချိန်မှာပဲ အအေးခန်း တံခါးကြီးဟာ ရုတ်တရက် ပွင့်လာတယ်။ တံခါးပေါက်မှာ လူတယောက်ရဲ့ ပုံရိပ် ပေါ်လာနေတယ်။ အပြင်က စူးရှတဲ့ အလင်းရောင်ကြောင့် မှောင်နေတဲ့ အခန်းထဲကနေ သဲသဲကွဲကွဲ မမြင်ရဘူး။ သူ မျက်စေ့ကို အတင်းဖွင့်ပြီး အားစိုက် ကြည့်လိုက်တော့ လုံခြုံရေးအစောင့် အဖိုးကြီး ဖြစ်နေတယ်။

မကြာခင် ဆေးရုံက လူနာတင်ကား ရောက်လာတယ်။ သူနာပြုတွေက သူ့ကို စောင်တွေနဲ့ ပတ်၊ ထမ်းစင်နဲ့ သယ်ပြီး ဆေးရုံကို ခေါ်သွားတယ်။ သူ အသက်ရှင်ခဲ့ပါတယ်။ သူ သက်သာလာလို့ ဆေးရုံက ဆင်းတော့ သူ့ကို အသက် ကယ်ပေးခဲ့တဲ့ လုံခြုံရေး အဖိုးကြီကို ဘာကြောင့် အအေးခန်းတံခါးကို သူ့အလုပ် မဟုတ်ဘဲ လာဖွင့်ပေးရတာလဲလို့ မေးလိုက်တယ်။ အဖိုးကြီးက ခုလို ပြန်ဖြေတယ်။

"ငါ ဒီသားသတ်စက်ရုံမှာ လုပ်နေတာ ၃၅ နှစ် ရှိသွားပြီ။ ဒီစက်ရုံမှာ နေ့တိုင်း အလုပ်လာ၊ အလုပ် ပြန်ကြသူတွေ ရာနဲ့ချီ ရှိတယ်။ ဒါပေမဲ့ ငါ့ကို မနက်တိုင်းမှာ နှုတ်ဆက်တဲ့သူ မင်း အပါအဝင် နည်းနည်းလေးပဲ ရှိတယ်။ ကျန်တဲ့ လူတွေက ငါ့ကို ရှိတယ် လို့တောင် အလေးမထားသလို အဖက်လည်း မလုပ်ကြပါဘူး။

အဲဒီနေ့ မနက်က မင်း ငါ့ကို အရင်အတိုင်းပဲ "ဟဲလိုး ဂွတ်မောနင်း" ဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ နူတ်ဆက်ခဲ့တယ်။ ညနေ အလုပ်ဆင်းချိန်မှာ ငါ အရင်ကြားနေကျ ဖြစ်တဲ့ "ဘိုင့်ဘိုင် မနက်ဖြန် ပြန်တွေ့ကြမယ်" ဆိုတဲ့ အသံကို မကြားမိဘူး။ ဒါကြောင့် မင်း အလုပ်ကနေ မပြန်သေးဘူးဆိုတာ ငါသိနေတယ်။ ဒါပေမဲ့ မင်း အချိန်ပို ဆင်းနေတယ်လို့ ထင်တာကြောင့် ငါ မင်းအတွက် စိတ်မပူပါဘူး။

ဒါပေမဲ့ အလုပ်ဆင်းလို့ ၃၊ ၄ နာရီ ကြာတဲ့အထိ မင်း မပြန်သေးဘူး ဆိုတော့ မင်း တခုခု ဖြစ်နေပြီ ထင်ပြီး ငါ စိတ်ပူလာတယ်။ ဒါကြောင့် စက်ရုံအနှံ့ လိုက်ရှာကြည့်တယ်။ မတွေ့လို့ နောက်ဆုံးမှာ အအေးခန်းတံခါးကို ဖွင့်လိုက်တော့ မင်း သတိလစ်နေတာကို တွေ့လိုက်ရတာပဲ" တဲ့။

လူတယောက်နဲ့ ဆုံတွေ့တိုင်း စိတ်ရော ကိုယ်ပါ နူတ်ဆက်ပါ။ လူတယောက်နဲ့ တယောက် အဆင့်အတန်း မခွဲခြားကြပါနဲ့။ အဲဒီလို လုပ်ခြင်းကြောင့် သင့်အတွက် ထူးပြီး ပင်ပန်းသွားတာ မဟုတ်ပါဘူး။ တချိန်မှာ ဒီအဖြစ်အပျက် ထဲကလို နှုတ်ဆက်ခြင်းက သင့်အသက်ကို မကယ်တင်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ Crd

Post a Comment

0 Comments