အမုန်းခံ နှလုံးသား

၁။ ကျောင်းပြေးတဲ့ သမီးကို အဖေဖြစ်သူက မိန်းကလေး အဝတ်စားတွေ ဝတ်ပြီး အိမ်ကနေ ကျောင်းအထိ လိုက်ပို့တယ်။ သမီးက ရှက်လို့ ငိုတယ်။

ဒီလို လုပ်တဲ့အတွက် သူ့သမီး နောက်နေ့ ကျောင်းပြေးတော့မှာ မဟုတ်ဘူးလို့ အဖေဖြစ်သူက ဆိုတယ်။ သမီးအတွက် အရှက်စွန့်ခဲ့တဲ့ လုပ်ရပ်ပါ။

၂။ ပထမကြီးတန်းတုန်းက အပတ်စဉ် စာမေးပွဲတွေမှာ ကိုယ်က ပထမ ရနေကျ။ ဒါပေမဲ့ စာချဘုန်းကြီး တပါးက "ဒီနှစ် အကြီးတန်း ကတော့ တပါးမှ အောင်မယ့်ပုံ မမြင်ဘူး" လို့ ကိုယ်ကြားအောင် တမင်ပြောတယ်။

"လူကိုနှိမ်တာပဲ၊ အောင် အောင် လုပ်ပြမယ်" ဆိုတဲ့ အတေးနဲ့ ပိုကြိုးစားဖြစ် ခဲ့တယ်။ နှစ်ချင်းပေါက် အောင်ခဲ့တယ်။ အဲဒီ စာချဘုန်းကြီးရဲ့ စေတနာကို အခုချိန်မှာ ကောင်းကောင်း နားလည်နိုင်လေပြီ။

၃။ ဘုရားရှင် လက်ထက်က အမျိုးသမီးတဦးဟာ ကိုယ်ဝန် ရှိမှန်းမသိဘဲ ရဟန်းမ(ဘိက္ခုနီ) ဝတ်လာတယ်။ ဒါကြောင့် မွေးလာတဲ့ ကလေးကို ဘုရင်က မွေးစားထား လိုက်တယ်။ ဘိက္ခုနီမဟာ သားနဲ့ ခွဲနေရလို့ ငိုလိုက် ရယ်လိုက်နဲ့ တရားမကျင့်နိုင် ဖြစ်နေခဲ့တယ်။

သားက အရွယ်ရောက်တော့ ဘဝအကြောင်းမှန်ကို သိပြီး ရဟန်းဝတ်တဲ့ အခါ ရဟန္တာ ဖြစ်သွားတယ်။ တနေ့ မိခင်ဘိက္ခုနီမနဲ့ လမ်းမှာ ဆုံတော့ "ချိုချိုသာသာ ပြောနေရင် ငါ့အပေါ် ချစ်ခင်တွယ်တာတဲ့ စိတ်တွေ ပိုတိုးပြီး ဒုက္ခများလိမ့်မယ်" လို့ စဉ်းစားပြီး ဘိက္ခုနီမကို ခပ်ကြမ်းကြမ်း ငေါက်ငန်းပါတယ်။

မိခင်လည်း ငိုယိုပြီးတော့ "ပြောရက်လိုက်တာ၊ ငါ့မှာတော့ သူ့ကို သတိရတဲ့စိတ်နဲ့ ၁၂ နှစ်တောင် တရား အားမထုတ်နိုင်ခဲ့ဘူး၊ နှလုံးသားကကြမ်းတမ်းလိုက်တာ၊ တော်ပြီ ငါ့အတွက်ပဲ လုပ်တော့မယ်" ဆိုပြီး တရား ပြန်အားထုတ်တဲ့အခါ အဲဒီနေ့မှာပဲ ရဟန္တာ ဖြစ်သွားခဲ့ ပါတယ်။ (ကုမာရကဿပမာတုထေရီ ဝတ္ထု)

နာကြည်းအောင်၊ အရှက်ရအောင်၊ ငိုရအောင်၊ မခံချင်အောင် လုပ်တယ် ဆိုတိုင်း ကိုယ့်ကို မုန်းလို့ချည်း မဟုတ်ဘူး။ ကိုယ့်အကျိုးအတွက် အမုန်းခံ ချစ်ပေးကြတဲ့ သူတွေ ရှိတယ်။

တချို့သူတွေ အဆင်ပြေအောင် မြင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေနိုင်ကြတာဟာ အမုန်းခံ နှလုံးသားပိုင်ရှင်တွေက (မသိမသာ သို့မဟုတ် သိသိသာသာ) တွန်းကန် ပို့ပေးခဲ့မှုတွေ ကြောင့်ပါ။

ဒီလိုလူတွေဟာ ကိုယ့်သူငယ်ချင်း၊ ချစ်သူ၊ ဆွေမျိုး၊ မိဘ၊ ဆရာဆရာမ၊ ခေါင်းဆောင် လူကြီးတွေထဲပါ ရှိနေတတ်ပါတယ်။ သူတို့နေရာမျိုးရောက်လာတဲ့အခါ သူတို့ရဲ့ စေတနာမေတ္တာကို ပိုနားလည် ခံစားမိမှာပါ။

လမ်းမှားပေါ် ရောက်နေတဲ့အခါ မုန်းမှာစိုးလို့ အလိုက်သင့် ပေါင်းနေတဲ့ သူတွေထက် အမုန်းခံပြီး ဆွဲခေါ် ပြောဆိုပြုပြင်ပေးတဲ့ သူတွေကသာ ကိုယ့်အကျိုးကို တကယ် လိုလားတဲ့သူတွေပါ။ ဆေးခါးသောက်လို့ ရောဂါပျောက်တဲ့အခါ ဆေးခါးတိုက်သူဟာ ကိုယ့်ရဲ့ ရန်သူမဟုတ်မှန်း နားလည်နိုင်မှာပါ။ crd, photo ပန်းချီ Myo Man

Post a Comment

0 Comments