မိဘ မုန်းတီးခြင်း

သားသမီးတွေ မုန်းတီးတာကို မိဘဖြစ်သူက မလိုလားဘူး ဆိုရင် မိဘတွေ အတ္တကြီးတာ ကိုလည်း သားသမီးတွေက မလိုလားပါဘူး။

ဒါ ငါ့ သားသမီး၊ ငါ လုပ်ချင်ရာ လုပ်မယ်၊ ငါ့စကားကို အမြဲ နားထောင် ရမယ်၊ ငါ့ကို ကြောက်နေ ရမယ်၊ ငါ့ကို လေးစား ရမယ်၊ ငါပြောသလို နေရမယ်၊ ငါ ခိုင်းသလို လုပ်ရမယ် ဆိုတဲ့ မိဘမျိုးတွေဟာ သိပ်ကို အတ္တကြီးတဲ့ မိဘ‌တွေပါ။

ဒီလို မိဘတွေနဲ့ နေတာ ကြာလာတဲ့ အခါ သားသမီးတွေရဲ့ မသိစိတ် ထဲမှာ မိဘ မုန်းတီးခြင်းဝါဒ တဖြည်းဖြည်းနဲ့ စွဲကပ်လာတတ် ပါတယ်။

ဒီနေရာမှာ မုန်းတီးတယ် ဆိုတာဟာ မိဘ အနားက အဝေးဆုံးကို ပြေးထွက် သွားချင်တာ၊ မိဘအပေါ် မကျေနပ်ချက်တွေ များလာတာ မိဘနဲ့ စကားပြောချင်စိတ် မရှိတော့တာ၊ မိဘ ဆိုတဲ့ အသံကြားရင် အလွန် ကြောက်ရွံ့လာတာ ကို ဆိုလိုတာပါ။

တချို့ မိဘတွေဟာ သားသမီးတွေ ဘယ်လောက် ကြိုးစားနေပါစေ စိတ်တိုင်း မကျပါဘူး၊ အကောင်း မြင်မပေးဘူး၊ အမှားကို မျက်စိ ဒေါက်ထောက် လိုက်ရှာပြီး အပြစ်တင် ဝေဖန် ကြတယ်။ ကိုယ့်သားသမီးကို တခြား သားသမီးတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး ပြောကြတယ်။

ကြာလာတော့ ဒီလို အပြုမူ ခံရတဲ့ သားသမီးတွေမှာ Inferiority complex လို့ ခေါ်တဲ့ စိတ်ရောဂါ တမျိုး စွဲကပ် လာတယ်။

ဒီ စိတ်ရောဂါကြောင့် အရာရာမှာ သိမ်ငယ်စိတ် ဝင်ကြတယ်။ စိတ် အတက် အကျ မြန်ကြတယ်။ အမြဲ အထီးကျန် သလို ခံစားကြ ရတယ်။

မိဘတွေကို သားသမီးတွေ ကိုယ်စား တခု တောင်းဆိုချင် ပါတယ်။ မြင်ပေးပါ။ မြင်ပေး ကြပါ။ သားသမီးတွေရဲ့ စိတ်ဒဏ်ရာတွေကို မြင်ပေး ကြပါ။

ထောင့် တနေရာရာမှာ ကပ်ငြိနေတဲ့ သူတို့လေးတွေရဲ့ မျက်ရည်တွေကို မြင်ပေးကြပါ။ ဆဲဆိုသံတွေ ကြားရတိုင်း တုန်လှုပ်ခြောက်ခြား နေတဲ့ ဟန်ပန်တွေကို မြင်ပေးကြပါ။

"ငါ ကောင်းစေချင်လို့ လုပ်ခဲ့တာပဲ ငါမမှားဘူး" ဆိုတဲ့ အတ္တစိတ် တွေကိုလည်း လျှော့ချ‌ ပေးကြပါ။ သင့်ရဲ့ ခလေးတွေဟာ လောကကြီး ထဲမှာ အားတင်းပြီး ရှင်သန် နေကြတယ် ဆိုတာ သတိရှိရှိနဲ့ မြင်နိုင်အောင် ကြိုးစား ပေးကြပါ။

သင်လည်း တချိန်တုန်းက သားသမီး ဖြစ်ခဲ့တာ ပါပဲ။ သားသမီးတွေရဲ့ ခံစားချက်ကို နားလည်နိုင် မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ သားသမီးတွေရဲ့ သွယ်ဝိုက်သော မုန်းတီးခြင်းနဲ့ ရင်ဆိုင်ရ ပါလိမ့်မယ်။ Thawtarmin

Post a Comment

0 Comments