ပျော်ရွှင်မှု ဆိုတာ

တခါက လူ ၅၀ လောက် လာတက်တဲ့ သင်တန်း တခုမှာ သင်တန်းဆရာက အခုလို ခိုင်းလိုက်တယ်။

"ဒီမှာ ဘောလုံး တယောက်တလုံး ယူကြ ပြီးရင် အဲဒီ ဘောလုံးပေါ်မှာ ကိုယ့်နာမည် ကိုယ်ရေးပြီး ဟိုဘက်က အခန်းလွတ် ထဲကို သွားထည့်" လို့ ခိုင်းလိုက်တယ်။

ဘောလုံး အကုန်လုံး အခန်းထဲ ထည့်ပြီး ချိန်မှာ နာမည်ရေး ထားတဲ့ ဘောလုံးတွေ ရောသွားတာပေါ့။

သင်တန်းဆရာက သင်တန်းသားတွေကို "ကဲ မင်းတို့ကို အချိန် ၅ မိနစ် ပေးမယ်။ အဲဒီ အခန်းက ကိုယ့်နာမည် ရေးထားတဲ့ ဘောလုံး ကိုယ်တွေ့အောင် ရှာခဲ့ကြ" လို့ ခိုင်းလိုက်တယ်။

လူတိုင်း အတင်း တိုးဝှေပြီး ကိုယ့်နာမည် ရေးထားတဲ့ ဘောလုံးကို အသဲအသန် ရှာကြတာပေါ့။ အချင်းချင်း တိုက်မိတဲ့ လူက တိုက်မိ၊ ချော်လဲတဲ့ လူက ချော်လဲ လို့ပေါ့။

၅ မိနစ်သာ ကျော်သွားတယ်။ တယောက်မှ ကိုယ့်နာမည် ရေးထားတဲ့ ဘောလုံးကို ရှာမတွေ့ ဘူးတဲ့။ အဲဒါနဲ့ ဆရာက နောက်တမျိုး ပြောင်းခိုင်း လိုက်တယ်။

"ကိုယ်နဲ့ အနီးဆုံးက ဘောလုံးကို အရင် ကောက်ထား လိုက်ပါ။ ပြီးရင် အဲဒီဘောလုံး ပေါ်က နာမည်ခေါ်ပြီး နာမည်မှန်တဲ့ သူကို ပေးလိုက်ပါ" တဲ့။

တမိနစ် ကျော်ကျော် ၂ မိနစ် မပြည့်ခင် မှာပဲ ဘောလုံး အားလုံးဟာ နာမည်မှန်တဲ့ သူဆီ ရောက်သွားပါတယ်။ အဲဒီ အချိန်မှာပဲ သင်တန်းဆရာက ပြောလိုက်ပါတယ်။

"ငါတို့ လက်တွေ့ ဘဝမှာလည်း ဒီအတိုင်း ဖြစ်နေတာပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ့်နာမည် ရေးထားတဲ့ ဘောလုံးလိုမျိုး အသဲအသန် လိုက်ရှာနေ ကြတယ်။ ဒါပေမယ့် ရှာမတွေ့ကြဘူး။

တကယ်တော့ ပျော်ရွှင်မှုဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ်က ဘယ်လောက် ပျော်အောင် လုပ်ပေးနိုင်လဲ ဆိုတဲ့ အပေါ်မှာ မူတည်နေတာပါ" လို့ ပြောလိုက် ပါတော့တယ်။

ကိုယ်က သူများကို ပျော်အောင် လုပ်ပေးလိုက် တာနဲ့ ကိုယ်ဆီကို ပျော်ရွှင်စရာ တွေက အလိုလို ရောက်လာမှာပါ။ ရဲမင်း

Post a Comment

0 Comments