ဆံပင်ကို တဖြည်းဖြည်းပါးလာစေတဲ့ နေ့စဉ်အမူအကျင့် (၁၀) ခု

ဆံပင်ပါးတဲ့အခါ မျက်နှာရဲ့ အလှအပကိုပါ ထိခိုက်လာစေပါတယ်။ ဆံပင်တွေ ခဏခဏ ကျွတ်ပြီးပါးတာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု နည်းနေမှာပါ။ ဆံပင်ပါးတာ သက်သာစေဖို့ ဆံပင်ပါးစေတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မနက်စာ မစားခြင်း

သင့်မှာ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီတွေရှိနေရင် စွမ်းအင်တွေက လိုအပ်တဲ့နေရာတွေကို ရောက်သွားမှာပါ။ အစားအစာက ဟော်မုန်းနဲ့ သက်ဆိုင်မှုရှိတဲ့အပြင် ဆံပင်နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ဆံပင်ပါးရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ရပ်ကတော့ မနက်စာ မစားတာပါ။

ဆံပင်ကို ကီရာတင်လို့ခေါ်တဲ့ ပရိုတိန်းနဲ့ အများအားဖြင့် ပြုလုပ်ထားတာပါ။ အဲဒါကြောင့် ဆံပင်တွေထူလာဖို့ အာဟာရ မျှမျှတတစားဖို့၊ မနက်စာစားဖို့ အရေးကြီးပါတယ်။

၂။ ဆံပင်က နေရောင်ခြည်နဲ့ ထိတွေ့တာများခြင်း

အပြင်သွားတဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့နေမှာပါ။ နေရောင်ခြည်က ဆံပင်နဲ့ ဦးရေပြားက ရေဓာတ်တွေကို ခြောက်သွေ့စေပါတယ်။ အဲဒါကြောင့် ဆံပင်တွေက ကျွတ်ဆတ်ပြီး ကျိုးလွယ်၊ ကျွတ်လွယ်လာမှာပါ။ အဲဒါကြောင့် အပြင်သွားတဲ့အခါမှာ ထီး သို့မဟုတ် ဦးထုပ်ဆောင်းပြီးတော့မှသာ သွားသင့်ပါတယ်။

၃။ ဆံပင်ကို တင်းတင်းကျပ်ကျပ်စည်းခြင်း

ကျစ်ဆံမြီးကျစ်တာ၊ ပိုနီတေးလ်စည်းတာတွေက ဆံပင်အပေါ်မှာ ဖိအားတွေအများကြီး ဖြစ်ပေါ်စေပြီး ဆံပင်ကျွတ်စေပါတယ်။ အဲဒါကြောင့် အရွယ်မတိုင်ခင်မှာ ဆံပင်တွေ ပါးလာမှာပါ။ ဆံပင်စည်းတဲ့အခါ မတင်းမကျပ် ဖွဖွလေးပဲ စည်းသင့်ပါတယ်။

၄။ ကြာကြာနေမှ ခေါင်းလျှော်ခြင်း

ဆံပင်မှာ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ဆီတွေများနေရင် မွေးညှင်းပေါက်လေးတွေက ပိတ်လာပါတယ်။ အဲဒီအခါ ဆံပင်တွေ သန်လာဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါ့အပြင် ဆံပင်ကို သေသေချာချာ မထိန်းသိမ်းတဲ့အခါ ကျိုးတိုးကျဲတဲနဲ့ ကြည့်မလှဖြစ်နေမှာပါ။

လှပပြီး ထူထဲတဲ့ဆံပင်ဖြစ်ဖို့ နှစ်ရက်တစ်ခါ သို့မဟုတ် သုံးရက်တစ်ခါ ခေါင်းလျှော်ပေးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆာလဖိတ်မပါဝင်တဲ့ ခေါင်းလျှော်ရည်ကို ဦးစားပေးရွေးချယ်ပါ။

၅။ ဆံပင်အဖျားတွေကို ပုံမှန်မညှပ်ခြင်း

ဆံပင်ရှည်မြန်ပြီး ကျန်းမာတဲ့ ဆံသားကိုရရှိဖို့ ဆံပင်အဖျားလေးတွေကို ပုံမှန်ညှပ်ပေးသင့်ပါတယ်။ ဆံပင်အဖျားလေးတွေကို ညှပ်ပေးမှသာ ထူထဲလှပတဲ့ ဆံပင်ကို ရရှိမှာပါ။ ဆံပင်အဖျားလေးတွေကို ၁၂ ပတ်တစ်ခါ ညှပ်ပေးနိုင်ပါတယ်။

၆။ ရေပူနဲ့ ရေချိုးခြင်း

ရေပူက စိတ်ဖိစီးမှုတွေကို လျော့ကျစေပေမယ့် ဆံပင်ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဆံပင်က ရေပူနဲ့ထိတဲ့အခါ ခြောက်သွေ့ပြီး ကျိုးလွယ်၊ ကျွတ်လွယ်လာပါတယ်။ ရေပူက ဆံပင်အရင်းတွေကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ဦးခေါင်းမှာလည်း ဘက်တီးရီးယားတွေလည်း တိုးလာစေပါတယ်။

၇။ ဦးခေါင်းကို ကုတ်ခြင်း

ဦးခေါင်းမှာ မှိုတွေ၊ ယားနာတွေ၊ ဓာတ်မတည့်တာတွေ ဖြစ်တဲ့အခါ ကုတ်မိသွားတတ်ကြပါတယ်။ မှိုတွေ၊ ဓာတ်မတည့်တာတွေ၊ ယားနာတွေကြောင့် ဆံပင်က ကျွတ်သလို ကုတ်လိုက်တဲ့အခါမှာလည်း ဆံပင်က ကျွတ်ပြန်ပါတယ်။

ဦးခေါင်းမှာ ရောဂါပိုးတွေ ဖြစ်မလာအောင် ပရိုတိန်းနဲ့ ဗီတာမင် A,D,E တို့ကို ထည့်သွင်းစားသုံးသင့်ပါတယ်။ ဦးခေါင်းမှာ ဓာတ်မတည့်တာတွေ ဖြစ်တဲ့အခါ ခေါင်းလျှော်ရည်ကို selenium နဲ့ ဇင့်ပါတဲ့ခေါင်းလျှော်ရည်တွေကို ရွေးချယ်ပါ။

၈။ ဆံပင်ကို ခဏခဏ အပူပေးခြင်း

ဆံပင်ကောက်တဲ့၊ ဖြောင်တဲ့အခါ၊ ပုံသွင်းတဲ့အခါ အပူပေးတဲ့ ပစ္စည်းကိရိယာတွေကို သုံးကြရပါတယ်။ အဲဒီလို အပူပေးပြီးသုံးရတဲ့ ပစ္စည်းတွေကြောင့် ဆံပင်မှာလိုအပ်တဲ့ သဘာဝအဆီနဲ့ ပရိုတိန်းတွေ မရှိတော့ဘဲ ဆံပင်တွေ ကျွတ်ပြီး ပါးလာပါတယ်။

ဆံပင်မှာ ရေဓာတ်လည်း နည်းလာတာကြောင့် ကျွတ်ဆတ်လာပါတယ်။ အဲဒါကြောင့် အပူပေးပြီးသုံးရတဲ့ ဆံပင်ပုံသွင်းပစ္စည်းတွေကို တစ်ပတ်မှာ ၂ ကြိမ်လောက်ပဲ အသုံးပြုသင့်ပါတယ်။

၉။ ဆံပင်ကို ကစားခြင်း

ဆံပင်ကို ငြိမ်ငြိမ်လေးမထားဘဲ လက်နဲ့ ဆွဲတာ၊ ပွတ်တာ၊ လိမ်တာတွေက ဆံပင်ခဏခဏကျွတ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဆံပင်ကို ခဏခဏ ဆွဲနေရင် မွေးညှင်းပေါက်လေးတွေ အားနည်းလာပါတယ်။ လက်က အညစ်အကြေးတွေ၊ ချွေးတွေကလည်း ဆံပင်မှာ သွားကပ်ပြီး မလှမပ ဖြစ်နေမှာပါ။

၁၀။ ဆံပင်စိုနေချိန်မှာ ခေါင်းဖြီးခြင်း

ဆံမျှင်လေးတွေက ဆံပင်ရေစိုနေချိန်မှာ အားအနည်းဆုံးပါပဲ။ အဲဒါကြောင့် ခေါင်းလျှော်ပြီးချိန် စိုနေချိန်မှာ ခေါင်းမဖြီးသင့်သလို တဘက်နဲ့လည်း ကြမ်းကြမ်းတမ်းတမ်းမသုတ်သင့်ပါဘူး။ ဆံပင်စိုနေချိန်မှာ ခေါင်းဖြီးရင် ဆံပင်အများကြီးကျွတ်ပြီး ဆံပင်ပါးလာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments