သဘောကောင်းတဲ့ မြွေဟောက်

တခါက တောရွာတရွာရဲ့ အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ ပေါက်ရောက်နေ ခဲ့ပါသတဲ့။ အဲဒီ မြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက် တကောင် နေထိုင်တယ်။ အဲဒီမြွေဟောက်ဟာ အင်မတန် မှလည်း ဒေါသကြီးတဲ့ အလျောက် အနီးအနား ဖြတ်သန်းသွားသမျှ ရွာသူ ရွာသားတွေကို အမြဲတမ်း လိုက်လံ ကိုက်ခဲ ပါသတဲ့။

အဲဒီလို ဆိုးလွန်းတဲ့ မြွေကြောင့် ရွာသူရွာသား တွေဟာ အင်မတန်မှ စိတ်ဆင်းရဲ သောက ရောက်ကြရ ပါသတဲ့။ မိမိ လယ်ယာကိုတောင် သွားရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့ အထိ ဖြစ်လာခဲ့ ပြန်တယ်။ အဲဒီအခါ မှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီးဟာ မြွေဟောက် ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ ပါသတဲ့။

အဲဒီအခါမှာလည်း မြွေဟောက်ဟာ ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ ပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစုံတရာမှ ထိခိုက်မှု မရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ်။ အဲဒီအခါ မြွေဟောက်က အံ့သြတကြီးနဲ့ မေးခဲ့တယ်။

"ရသေ့ သင်ဟာ ငါ ဘယ်လောက် ပေါက်ပေါက် မဖြုံဘူးပဲ။ ဒီရွာထဲက လူတွေဆို ငါပေါက်လိုက်လို့ ကတော့ ကွမ်းတရာ ညက်ဆို အသေပဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလို နေနိုင်ရတာလဲ"

အဲဒီလို မြွေဟောက်ရဲ့ အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးက အေးချမ်းစွာနဲ့ ဖြေလိုက်တယ်။ "တကာ မြွေဟောက်၊ လောကမှာ မေတ္တာတရားထက် ခွန်အားကြီးမားတဲ့ အရာ မရှိဘူး။ သည်းခံခြင်း တရားက ငါ့ကို ကာကွယ်ပေး ထားတာပဲ" လို့ ရသေ့ကြီး အေးချမ်းစွာ ဖြေကြားပုံကို မြင်တဲ့အခါ မြွေဟောက်ရဲ့ ဒေါသတွေ ပြေလျော့ သွားပြန်တယ်။

အဲဒီနောက်မှာလည်း ရသေ့ကြီးဟာ မြွေဟောက်ကို သည်းခံခြင်း တရား၊ ဒေါသကို ငြိမ်းအေးစေခြင်း တရားတို့ကို ကောင်းစွာ ဟောပြ ခဲ့တယ်။ အဲဒီ တရားအဆုံးမှာလည်း မြွေဟောက်ကို ဒီလို ပြောခဲ့တယ်။

"တကာမြွေဟောက် အသင်ဟာ အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက် သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ် ပြုမိနေတယ်။ အဲဒီ အကုသိုလ် မဖြစ်အောင် စောင့်ထိန်းလော့"

အဲဒီအခါမှာတော့ မြွေဟောက်ဟာ အင်တင်တင်နဲ့ပဲ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့် အကြောင်း ရသေ့ကြီးကို ကတိပေး လိုက်တယ်။ အဲဒီလိုနဲ့ မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံ တတ်လာတယ်။ ချုပ်တည်း တတ်လာတယ်။

အချိန်တွေ ကြာလာတဲ့ အခါမှာတော့ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေဟောက်တကောင် ဖြစ်လာပါသတဲ့။ အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင် ပေမယ့်လည်း အရင်တုန်း ကလို ထွက်မပြေး တော့ဘဲ တရင်းတနှီး ရှိလာကြပါသတဲ့။ နောင်အခါ မှာတော့ ရွာသားတွေဟာ တဖြည်းဖြည်း အတင့်ရဲလာ ပြန်တယ်။

သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ အပေါ်ကတောင် ခွကျော်သွား ကြပြန်တယ်။ ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲ သည်းခံနေပြန်တယ်။ တဖြည်းဖြည်းနဲ့ အချိန်တွေ ကြာလာပြန်တဲ့ အခါ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင် မသွားတော့ပဲ မြွေဟောက် အပေါ်က တက်နင်း လျှောက်လှမ်း သွားကြ ပြန်တယ်။

အဲဒီအခါ မှာလည်း မြွေဟောက်က သည်းခံမြဲ သည်းခံနေခဲ့ရပြန်တယ်။ အဲဒီလိုနဲ့ နောက်ပိုင်း မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တက်နင်းသွားတဲ့ အပြင် အမြီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ ဖိထားကြ ပြန်တယ်။ မြွေဟောက်က သည်းခံပြန်တယ်။

အဲဒီအခါ ရွာသားတွေက မြွေဟောက်ကို တွေ့တဲ့အခါ ကြိုးခွေလို ချည်ပြီး လိန်ကျစ်ခါ စနောက်ကြ ပြန်တယ်။ မြွေဟောက် ခမျာလည်း ကြိတ်မှိတ်ပြီး သည်းခံရ ပြန်တယ်။ နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြီးက ကိုင်ကာ တယောက်တလှည့် ဆော့ကစားကြ ပြန်သတဲ့။

အဲဒီအခါမှာတော့ မြွေဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်း မရှိတော့ဘဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို သွားရောက်ပြီး ဒီလို အပြစ်တင် ခဲ့တယ်။

"ရသေ့ကြီး ကျုပ်ဟာ အသင် ဟောပြတဲ့ တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ ပါတယ်။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့ ရောင့်တက် လာတယ်။ ခုဆို ကျုပ်ကို အမြီးက ကိုင်ပြီး ဆော့ကစားမှု ကိုတောင် ပြုလုပ်နေကြတယ်။ အဲဒီတော့ ကျုပ် ဆက်ပြီး သည်းမခံနိုင် တော့ဘူး။ ရသေ့ကြီးပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို၊ မေတ္တာ ရောင်ပြန် ဟပ်ဆို၊ ခုတော့ ရောင်ပြန် မဟပ်ပဲ ကြာရင် ကျုပ်သေတော့မယ်"

အဲဒီအခါ ရသေ့ကြီးက မြွေဟောက်ရဲ့ ဖြစ်အင်ကို ကြည့်ပြီး အားပါးတရ ရယ်မောပြန်တယ်။ ပြီးတော့ ရသေ့ကြီးက ဒီလိုမိန့်လိုက်တယ်။ "မြွေဟောက် သေချာ နားထောင်လော့။ ငါက သင့်ကို မကိုက်ဖို့ပဲ ဆုံးမခဲ့တာ။ ပါးပျဉ်း မထောင်ရဘူးလို့ မဆုံးမခဲ့ဘူး" တဲ့။

ပုံပြင်လေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်ထားပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ပုံပြင်ထဲက မြွေဟောက်လိုပဲ ဖြစ်ကြတယ်။ တခါတလေ အလွန်အမင်း သဘောကောင်းခြင်းဟာ အန္တရာယ် ရှိတတ်တယ် ဆိုတာ သိထားသင့်ပါတယ်။ တခါတလေ ပါးပျဉ်လေးတော့ ထောင်ပြလိုက်ပေါ့။ Crd

Post a Comment

0 Comments