တခါတုန်းက သူဌေးတယောက်ဟာ ခြံတခြံ ဝယ်လိုက်တယ်။ ခြံထဲက အိမ်ကို ပြင်လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့ သစ်သီးပင်တွေ ရှိတယ်။ ဒီအိမ်ကို ဝယ်ရတဲ့ အကြောင်းရင်းက အဲဒီ သစ်သီးပင်တွေကြောင့် ပါပဲ။ အဲဒီ အသီးတွေကို သူဌေးမိန်းမက ကြိုက်နှစ်သက်လို့ပါ။
အိမ်ပြင်နေချိန် အတွင်းမှာ မိတ်ဆွေတချို့က ဗေဒင်ဆရာခေါ်ပြီး ကံကြမ္မာကို ကြည့်ဖို့ သူဌေးကို အကြံပေးတယ်။ သူဌေးက ဒါတွေကို အယုံအကြည် ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေက အကြံပေးတော့ ဗေဒင်ဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။
ဗေဒင်ဆရာက နာမည်ကြီးပါ။ ဗေဒင်ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင် သွားကြိုခဲ့ပါတယ်။ ဆရာ့ကို ခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ သူဌေးဟာ သူ့ကားကိုကျော်ဖို့ ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေး ခဲ့ပါတယ်။ ဒါကို ဗေဒင်ဆရာက တွေ့တော့
"ခင်ဗျားကားမောင်းတာ တော်တော် တည်ငြိမ်တာပဲ" လို့ ဆိုပါတယ်။ သူဌေးက "ကားကျော်ဖို့ ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ ကိစ္စတခုခု ရှိလို့ နေမှာပါ။ သူတို့ သွားလိုရာလမ်းမှာ အချိန် နှောင့်နှေးလို့ မဖြစ်ဘူး" လို့ ရယ်ပြီး ပြောပါတယ်။
အိမ်နားရောက်ခါနီး လမ်းကျဉ်းတခုမှာ သူဌေးက ကားအရှိန်ကို လျော့လိုက်ပါတယ်။ ကလေးငယ်တယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။ သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထား လိုက်တယ်။
ကလေးငယ် ဖြတ်ကျော်သွားပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကို နင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တခုခုကို စောင့်နေသလိုပါပဲ။
ခဏနေတော့ ကလေးငယ် နောက်တယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန် ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။ ဒါကို ဗေဒင်ဆရာက "နောက်မှာ ကလေးတယောက် ရှိသေးတယ် ဆိုတာ ခင်ဗျားဘယ်လိုသိလဲ" လို့မေးပါတယ်။
သူဌေးက "ကလေးဆိုတာ တယောက်ကို တယောက် ပြေးလိုက်၊ လိုက် လိုက် ဆော့ကစားကြတယ်။ သူ့တယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင် ပြေးလွှားနေမှာ မဟုတ်လို့ပါ" လို့ ဆိုတယ်။
အိမ်ကို ရောက်တော့ သူဌေးက ကားပေါ်က ဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံသွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါး မဖွင့်သေးဘဲ အားနာတဲ့ ပုံစံနဲ့ "ဆရာ ခဏလောက် စောင့်ပါနော်" လို့ဆိုတယ်။ ဘာကြောင့်လဲလို့ ဆရာက မေးတော့ သူဌေးက
"အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီး ဝင်ခိုးနေတယ် ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေ လန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေ ကျိုးမှာ စိုးတယ်။ သူတို့ကို ပေးခူးလိုက်မယ်။ ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင် ပတ်ကြည့်ကြ တာပေါ့" လို့ဆိုတယ်။
သူဌေးရဲ့ ပြောစကားကို ကြားတော့ ဗေဒင်ဆရာက တချက် စဉ်းစားလိုက်ပြီး "ကျွန်တော့်ကို ဘူတာပဲ ပြန်ပို့လိုက်ပါ။ ဒီအိမ်သားတွေရဲ့ကံကြမ္မာကို ကျွန်တော် မကြည့်တော့ပါဘူး" လို့ပြောတယ်။ သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဗေဒင်ဆရာက
"ဟုတ်ပါတယ်၊ ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ်ကောင်းတဲ့ နေရာ မို့ပါ" လို့ ရှင်းပြတယ်။
လူရဲ့ အပြုအမူက ကံတရား ဖြစ်ပါတယ်။ အပြုအမူ လုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့ အရပ်ဟာ ကံကောင်းတဲ့အရပ် ဖြစ်တယ်။
ဆန့်ကျင်ဘက် အနေနဲ့ အကျင့်စရိုက် မကောင်းသူ၊ ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုး မဖြစ်ထွန်းပါဘူး။ ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ် ဖြစ်ပါတယ်။ crd
0 Comments