တခါက ရွာသားတဦး ထင်းခုတ် နေသည့် အနားသို့ သစ်တော ဝန်ထမ်း တဦး ရောက်လာသည်။
"ဟေ့ကောင် ရပ်စမ်း၊ မင်း ဘာလုပ် နေတာလဲ"
"ထင်းခုတ် နေတာလေ ဆရာရဲ့"
"အောင်မာ မင်းက ဘယ်သူ့ အမိန့်နဲ့ ခုတ်တာလဲ"
"ဗျာ၊ ဘိုးစဉ် ဘောင်ဆက် တသက်လုံး ဒီအတိုင်း ခုတ်လာ ခဲ့တာပဲ ဗျာ။ ဘယ်သူ့ ဆီကမှ ခွင့်မတောင်းခဲ့ ဖူးပါဘူး"
"ဒါကို ဘာပင် မှတ်နေ လို့လဲ။ Golden Teak လို့ ခေါ်တယ် ကွ"
"ဟုတ်လား ဆရာ ကျွန်တော်က ထင်းပင် မှတ်လို့ ခုတ်နေတာ လက်စ သပ်တော့ အင်္ဂလိပ်ပင် ဖြစ်နေ တာကိုး"
"မြန်မာလို ကျွန်းပင်လို့ ခေါ်တယ်ကွ၊ ခုတ်ချင်တိုင်း ခုတ် မရဘူး ဒီအပင်ကို ရောင်းရင် နိုင်ငံခြား ပိုက်ဆံ ရတယ်"
"မသိလို့ မေးပါရစေ ဆရာ၊ မြန်မာ ပိုက်ဆံက ဘာဖြစ်လို့ လဲ"
"မင်းနဲ့ တော့ ခက်ပြီ၊ ဒီအပင်ကို အစိုးရ ပိုင်တယ် မင်းတို့ ခုတ်ချင်တိုင်း ခုတ်လို့ မရဘူး"
"အစိုးရမင်းတွေ ရေ လာလောင်းတာ၊ အပင် လိုက်စိုက် တာလည်း တခါမှ မတွေ့ပါဘူး ဆရာရယ်"
"မင်းတော့ ပြဿနာ တက်ပြီ ကျွန်းပင်ကို ခုတ်ရင် ထောင် ၇ နှစ်ကွ၊ နိုင်ငံတော် ပိုင်တဲ့ ပစ္စည်း မင်းတော့ ထောင် ၇ နှစ် ကျပြီ သာမှတ် လာ လိုက်ခဲ့"
သစ်ပင် ခုတ်နေတဲ့ ရွာသား စိတ်ထဲ၌ ရုတ်တရက် တွေးမိ လိုက်သည်။
ဟိုဘက်ရွာက အောင်ပုတို့ လူသတ်မှု ဖြစ်တာ ထောင် ၃ နှစ်ပဲ ကျတယ်။ ငါ ဒီအပင်ကို ခုတ်မိတာ ထောင် ၇ နှစ်တောင် ကျတော့မယ်။
ဒီကိစ္စကို သိတဲ့သူ ကလည်း ဒီကောင် တကောင်ပဲ ရှိတယ်။ ဒီကောင့်ကို သတ်လိုက်ရင် ငါ အဖမ်း ခံရရင်တောင် ထောင် ၄ နှစ် သက်သာမယ်။ ထို့နောက် တွင် --- ။ ဆရာနေဝင်းမြင့်
0 Comments