ဆိတ်ကျောင်းသားနှင့် ဝန်ကြီး

"တီ တီ တီ" လမ်းမှာ ကားဟွန်းသံတွေ ဆူညံ နေချိန်မှာ လမ်းကျဉ်းလေးကို ပိတ်ပြီးတော့ ဆိတ်တအုပ်က ရှေ့က သွားနေတယ်။ ဆိတ်တွေ ကလည်း နည်းနည်း နောနောမှ မဟုတ်တာ။

"ဟေ့ကောင်လေး မင်းဆိတ်တွေကို မြန်မြန် မောင်းစမ်း။ ဒီမှာ ဝန်ကြီး လာနေတာ မသိဘူးလား"

ဝန်ကြီးရဲ့ ရှေ့တော်ပြေးက ကားပေါ် ကနေ ဆိတ်ကျောင်းသမားကို အော်လိုက်ပါတယ်။ "ဟေ့ မြန်မြန်ပါ ဆိုမှကွာ" "အာဗျာ ဆိတ်တွေက လူတွေလို မသိဘူးဗျ။ ဒါ သူတို့ သွားနေကျ လမ်းဆိုတော့ သူတို့သွားနေတဲ့ နှုန်းအတိုင်းပဲ သွားမှာ" "မြန်မြန်မောင်းကွာ"

ဝန်ကြီးက ကားပေါ်က ဆင်းလိုက်ပြီးတော့ "ဟေ့ နေပါစေကွာ နေပါစေ" လို့ ပြောလိုက်တယ်။ ထို့နောက် ဝန်ကြီးက ဆိတ်ကျောင်းသားလေး နားကို သွားပြီးတော့

"ဒါနဲ့ မောင်ရင်၊ မောင်ရင့်ရဲ့ ဆိတ်တွေကို ဘယ်နှကောင် ရှိတယ် ဆိုတာ အမှန် ပြောနိုင်ရင် ဦးကို ဆိတ်တကောင် ပေးမလား"

"ဆိတ်အားလုံးရဲ့ အရေအတွက်လား" "အားလုံးပေါ့" "ဟာ ဒီဆိတ်အားလုံးကို ဘယ်လောက် ရှိတယ် ဆိုတာ အတိအကျ ပြောနိုင်ရင် ခင်များကို ဆိတ်တကောင် ပေးတယ်ဗျာ ယူသွား" "တကယ်လား" "တကယ်"

ဝန်ကြီးက ကားခေါင်းပေါ်ကို ကွန်ပျူတာ တင်လိုက်တယ်။ ပြီးတော့ ကောင်းကင်က ဂြိုဟ်တုနဲ့ ချိတ်တယ်။ ဌာနရဲ့ ပင်မ စခန်းက မြေပြင်ကြည့် စနစ်ဌာနကို လှမ်းပြောတယ်။ ကောင်းကင်ကနေ ဝန်ကြီးနေရာကို ရှာပေးတယ်။

တိတိကျကျ သိတော့ ဆိတ်အုပ်ကို ကြည့်တယ်။ ကွန်ပျူတာကြီးတွေနဲ့ အဖြေ ထုတ်တယ်။ ပြောတာ ကတောင် ကြာသေး။ တွက်ချက်ပြီး ဝန်ကြီးဆီကို အကြောင်း ပြန်လိုက်တာက နှစ်မိနစ်ပဲ ကြာတယ်။ "၅၈၆" "ကဲကောင်လေး မင်းဆိတ် စုစုပေါင်းက ၅၈၆ ကောင်"

"ဗျာ ဟုတ်လှချည်လား သောက်ကျိုးနည်း တော်တာပဲ။ ကျွန်တော့်ဆိတ် အားလုံးရဲ့ အရေအတွက် အတိအကျပဲ" "ကဲ ဒါဆို မင်းရှုံးပြီနော်" "ဟုတ်ကဲ့ ဝန်ကြီး ကြိုက်တဲ့ ဆိတ်တကောင် ယူသွားဗျာ" ဝန်ကြီး ဆိုသူက "ဟေ့ ဒီကောင်လေးကို ကားပေါ် တင်လိုက်ကွာ ဒီဆိတ်ကို ညကျရင် ချက်စား ကြတာပေါ့"

ဝန်ကြီးရဲ့ တပည့်တွေကလည်း ဝန်ကြီးနားရွက် ဆွဲထားတဲ့ အကောင်လေးကို ကားပေါ် ပွေ့တင်ကြတယ်။ ကားပေါ်တက် တော့မယ်လုပ်နေချိန်မှာ ဝန်ကြီးကို ဆိတ်ကျောင်းသမားက ပြောလိုက်တယ်။

"ဦးလေး ဦးလေးကို ဘယ်ဝန်ကြီးဌာနကလို့ အတိအကျ ပြောရင် ကျွန်တော့် အကောင်လေး ပြန်ပေးမှာလား"

"ဟာ ဟုတ်လှချည်လား။ ပြောစမ်းကွာ ငါဘယ်ဝန်ကြီးဌာနကလဲလို့ မင်းမှန်မှန် ပြောနိုင်ရင် မင်းအကောင်လေးကို ပြန်ပေးရုံတင် မဟုတ်ဘူး ငွေတသိန်းလည်း ပေးဦးမယ်" "တကယ်လား" " ငါလူကြီးကွ စကားကိုအတည်ပြောတယ်"

"ဦးလေးက ပညာရေး ဝန်ကြီးပဲ ဖြစ်ရမယ်" "အလို မင်းပြောတာ မှန်သကွာ။ ဟေ့ကောင်တွေ သူ့အကောင်လေးကို ကားပေါ်ကပြန်ချ ပေးလိုက်။ ဒါနဲ့ မင်းငါ့ကို ပညာရေးဝန်ကြီးမှန်း မင်း ဘယ်လို သိတာလဲ"

"ဦးလေးရယ် ဦးလေးက ကျွန်တော့်ဆိတ် ဆိုပြီး ကားပေါ်ကို တင်ခိုင်းနေတာ ဆိတ်မှ မဟုတ်တာ။ အဲဒါ ခွေးဗျ။ အဲဒါ ကျွန်တော့်ရဲ့ ခွေးပါ။ ဒီနိုင်ငံမှာ ဆိတ်မှန်းမသိ ခွေးမှန်း မသိအောင် လုပ်နိုင်တာ ပညာရေးဝန်ကြီးက လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်က ဦးလေးကို ပညာရေးဝန်ကြီးလို့ တန်းပြောနိုင်တာ ဟုတ်ပါတယ်နော်"

ဝန်ကြီးလည်း အောင့်သက်သက်နဲ့ ငွေတသိန်းပါ ထပ်ထုတ်ခဲ့ရသဗျ။ Crd တင်ညွန့် (အိန္ဒိယဇာတ်လမ်းလေးတခုကို မှီငြမ်းပါတယ်ဗျာ)

Post a Comment

0 Comments