ကောင်မလေးနှင့် လှပသောမြွေ

တခါက ကောင်မလေး တယောက် သူ့အဘွားအိမ် သွားဖို့ ဆိုပြီး တောင်တက်လမ်း အတိုင်း လျှောက်လာနေတုန်း ရှောကနဲအသံကြားတော့ ငုံ့ကြည့် လိုက်တယ်။ ခြေထောက်နားမှာ မြွေတကောင်။ မြွေက ခလောက်ဆွဲ မြွေအမျိုးအစား။

အဲ့ဒီအချိန်မှာ ကောင်မလေးက ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ်။ သူသေရတော့မယ် ထင်တယ်တဲ့။ သူအရမ်းလည်း ချမ်းနေတယ်တဲ့။

ဒီနေရာမှာ အရမ်း အေးတာပဲတဲ့။ အခုထိ ဘာမှလည်း မစားရသေး ဘူးတဲ့။ ဖြစ်နိုင်ရင် သူ့ကို ကောင်မလေးရဲ့ အင်္ကျီထဲ ထည့်ပြီး ကောင်မလေးနဲ့ အတူ ခေါ်သွားပါလားတဲ့။ လုပ်ရော။

ကောင်မလေးက ပြန်ပြောတယ်။ "မဖြစ်ဘူး မဖြစ်ဘူး နင်ဘာမြွေလဲ ဆိုတာ ငါသိတယ်။ နင်က ခလောက်ဆွဲမြွေ။ ငါ နင့်ကို ခေါ်သွားရင် နင် ငါ့ကို ကိုက်မှာ။ နင်က အဆိပ်ပြင်းတယ်"

မြွေက ကောင်မလေး ပြောတာကို လက်မခံဘူး။ "မကိုက်ဘူး မကိုက်ဘူး စိတ်ချ။ နင်သာ ငါ့ကိုကူညီရင် ငါဟာ နင့်သူငယ်ချင်းကောင်းပဲ။ နင့်ကိုငါ ကောင်းကောင်း မွန်မွန် တကယ် ဆက်ဆံမှာ"

မြွေက ဒီလိုပြောလာတော့ ကောင်မလေး တွေသွားတယ်။ ပြီးတော့ မြွေကို ကြည့်တယ်။ မြွေက လှလိုက်တာ သူ့အကွက်လေးတွေက ပန်းချီကား တချပ်လိုပဲ။ ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ။ ကောင်မလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။

"ကောင်းပြီ နင့်ကို ငါယုံတယ်။ နင့်ကို ငါကယ်မယ်။ ဘယ်လို သက်ရှိ သတ္တဝါမဆို ကြင်နာမှုနဲ့ ထိုက်တန်တယ်ဆိုတာ ငါလက်ခံတယ်" ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်မလေးက မြွေကို ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲ ထည့်လို့ သူ့အဘွားအိမ်ကို ဆက်ထွက်လာ ခဲ့တယ်။

လျှောက်လာရင်း လျှောက်လာရင်းနဲ့ ကောင်မလေး ပြင်းထန်တဲ့ နာကျင်မှု တခုကို ခံစားလိုက်ရတယ်။ မြွေက သူ့ကို ကိုက်လိုက်ပါပြီ။ ကောင်မလေး ငိုတယ်။ နောင်တ ရတယ်။ "နင် ငါ့ကို ဘယ်လို လုပ်လိုက်တာလဲ နင်ပြောတော့ မကိုက်ဘူးဆို။ ငါ နင့်ကို ယုံခဲ့တယ်လေ"

မြွေက တခွန်းပဲ ပြန်ပြောပါတယ်။ "နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက ငါဘယ်လို အမျိုးအစားလဲ ဆိုတာ နင်သိပြီးသားပဲ။ မတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့ နင့်ကံပေါ့" လို့ ပြောပြီး အမြီးလေးကို ခလောက်လို့ တွန့်တွန့် တွန့်တွန့်နဲ့ ထွက်သွားပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်ထဲက မြွေလို ကျက်သရေတုံးတဲ့ လူဆိုတာတွေကို ကျနော်တို့ အတော်များများ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံဖူးမယ် ထင်ပါတယ်။ တချို့လူတွေက စေတနာနဲ့ မတန်ပါဘူး။ တချို့လူတွေက သွားသနားလို့ မရပါဘူး။

တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ။ တချို့လူတွေက ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ။ တချို့လူတွေက ခုတမျိုး တော်ကြာတမျိုးပါပဲ။ တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ် ပါတယ်။ တချို့လူတွေက မူယာမာယာ သိပ်များပါတယ်။ တချို့လူတွေက ကူလီကူမာ သိပ်ကျွမ်းပါတယ်။

ဒီတော့ လူတိုင်းကို သွားပြီးတော့ သနားဖို့ မလိုပါဘူး။ နင့်ကိုမှ မရရင် ငါသေရပါတော့မယ်တို့၊ ငါဒီတခါ တကယ် လိမ္မာပါပြီတို့ ငါနောက် မလုပ်တော့ပါဘူး ကတိပေးပါတယ်တို့ ဆို ချင့်ယုံကြပေါ့။

နောက်ပြီး သနားကမားရုပ်နဲ့ မျက်ရည်ခံ ထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထားပါ။

အပေါ်ယံ ရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေ နဲ့လည်း သူတို့ရဲ့ အတွင်း စိတ်သန္တာန်တွေကို ခဏတာ အားဖြင့် ပြည်ဖုံးကားချ ထားလို့ရတယ် ဆိုတာကိုလည်း စွဲမှတ်ထားပါ။

တချို့(တချို့) သော သူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး၊ စေတနာ ထားမှုမျိုး ယုံကြည်မှုမျိုး၊ ကိုးစားမှုမျိုးနဲ့မှ မထိုက်တန်ဘူး ဆိုတာကို နားလည်လိုက်ပါ။ Crd

Post a Comment

1 Comments

  1. ဟုန်မှာပါ ... ကျွန်တော် မွေပွေးကို ခါးပိုက်မပိုက်ပါဘူး ...

    ReplyDelete