မြင်းရိုင်းလို မဖြစ်ပါစေနဲ့

အာဖရိက တောအုပ်ထဲမှာ သွေးစုပ်တတ်တဲ့ လင်းနို့တွေ ရှိကြပါတယ်။ သူတို့ဟာ တခြား တိရိစ္ဆာန်ရဲ့ သွေးကို စုပ်ယူ စားသုံးပြီး အသက်ရှင် ကြတယ်။ သွေးစုပ်တယ် ဆိုပေမယ့် သူတို့ဟာ အဆိပ်မရှိတဲ့ ဘာမှ မဟုတ်တဲ့ အကောင်တွေသာ ဖြစ်တယ်။

ဒီလို ဘာမှ မဟုတ်တာ ကပဲ မြင်းရိုင်းတွေကို သေစေတဲ့ အကြောင်းရင်း ဖြစ်တယ် လို့ တိရိစ္ဆာန် ပညာရှင်များက ခန့်မှန်း ကြတယ်။

လင်းနို့တွေဟာ မြင်းရိုင်းတွေကို သွေးစုပ် တော့မယ် ဆိုရင် မြင်းရိုင်းရဲ့ ပေါင်ကို အရင်ဆုံး တွယ်ကပ် ကြပါတယ်။ တွယ်ကပ်ပြီး ပေါင်ကို ချွန်ထက်နေတဲ့ သူ့တို့ရဲ့ သွားနဲ့ ထိုးလိုက်ပြီး သွေးတွေကို စုပ်ယူ ပါတော့တယ်။

မြင်းရိုင်း ဘယ်လောက်ပဲ ခုန်ပါစေ၊ လှုပ်ခါ ပါစေ လင်းနို့တွေက ပြုတ်မကျတဲ့ အပြင် သွေးစုပ် မပျက်ပါဘူး။ သွေးတွေကို စိတ်ကြိုက် စုပ်ယူတော့တယ်။ သနားစရာ မြင်းရိုင်း ကတော့ ခုန်ရင်း၊ ပေါက်ရင်း မောပန်းပြီး သေပွဲ ဝင်ကြ ရတယ်။

လင်းနို့က မြင်းရိုင်းရဲ့ သွေးကိုပဲ စုပ်ယူတာ မဟုတ်ပါဘူး။ တခြား တိရိစ္ဆာန်တွေရဲ့ သွေးကိုလည်း စုပ်ယူ ပါသေးတယ်။ ဒါပေမဲ့ မြင်းရိုင်းတွေကပဲ ဒီသွေး အနည်းငယ် အတွက်နဲ့ ဒေါသထွက်ပြီး သေကြရ တာပါ။

ပညာရှင်တွေရဲ့ ဆန်းစစ်ချက် အရ မြင်းရိုင်း သေရတာက လင်းနို့ စုပ်ယူလိုက်တဲ့ သွေးတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဒေါသနဲ့ ကိုယ် ခုန်ပေါက်ပြီး မောပန်းလို့ သေရတာ ဖြစ်ပါတယ်။

လင်းနို့ စုပ်ယူလိုက်တဲ့ သွေးအနည်းငယ်က မြင်းရိုင်းကို ဘာမှ မထိခိုက်စေ နိုင်ပါဘူး။ တခြား တိရိစ္ဆာန်လို့ အမြီးလေး လှုပ်ရမ်းပြီး မောင်းထုတ်ရုံ ပါပဲ။

ဒေါသတကြီး ခုန်ပေါက် မနေရင် သေးငယ်တဲ့ လင်းနို့ကြောင့် မြင်းရိုင်းတွေ သေပွဲ မဝင်နိုင်ပါဘူး။

ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း မြင်းရိုင်းလို ဒေါသကြီးတဲ့ လူတွေကို တွေ့ဖူးကြ မှာပါ။ ကိစ္စ သေးသေး မွှားမွှားလေးနဲ့ ကြိတ်ခဲမရ ဖြစ်ပြီး ဒေါသတွေက မိုးကြိုးထက် ထန်ကြတယ်။ ထစ်ခနဲဆို ဒေါသထွက်ပြီး လက်ပါချင် ကြတယ်။

ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း တွေကို အဲဒီဒေါသက ထိခိုက်ဒဏ်ရာတွေ ရစေတယ်။ သူတို့ ကိုယ်တိုင်ကိုလည်း ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ပါတယ်။

ကျနော် ကိုယ်တိုင်လည်း သတိမမူတဲ့ အခါတွေမှာ မြင်းရိုင်း ဖြစ်သွားတတ် လွန်းလို့ ကိုယ့်ကိုယ်ကို ဆုံးမချင်ရင် ဒီစာလေးကို ဖတ်တတ်ပါတယ်။ Crd

Post a Comment

0 Comments