တခါတုန်းကပေါ့။ မြို့တမြို့မှာ သူတောင်းစား တယောက် ရှိတယ်။ ဆင်းဆင်းရဲရဲ တောင်းစားနေ ရတာကို မကြည့်ရက်လို့ သိကြားမင်းက လူ့ပြည် ဆင်းလာပြီး
"အသင် လူသား ငါသင့်ကို ကူညီမယ်။ ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာ ကိုတော့ အမှန်အတိုင်း ပြောပါ" "ကောင်းပါပြီ သိကြားမင်း"
"ငါ နင့်ကို ပိုက်ဆံ ငါးသိန်း ပေးရင် သင်ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက စဉ်းစားပြီး "ဖုန်းဝယ်မယ်" လို့ ဖြေတယ်။
သိကြားမင်းက "ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ" ဆိုတော့ သူတောင်းစားက "သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာတောင်းကောင်းလဲ မေးပြီး အဲဒီ နေရာ သွားတောင်းမယ်" တဲ့။
သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝ မပြောင်းဘူး ဆိုပြီး "ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲ" ဆိုတော့
သူတောင်းစားက တချက် ထပ်တွေးလိုက်ပြီး ပြောလိုက်တယ်။ "ဆိုင်ကယ်တစီး ဝယ်ပြီး တောင်းလို့ ကောင်းတဲ့ နေရာတွေကို မြန်မြန် သွားတောင်းလိုက် မှာပေါ့" တဲ့။
သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး "သိန်းတရာ ပေးမယ်ကွ ဘာလုပ်မလဲ" မေးတော့ သူတောင်းစားက "ကားဝယ်ပြီး တမြို့လုံး လိုက်တောင်းမယ်" တဲ့။
သိကြားမင်းက မဖြစ်ပါဘူး ဆိုပြီး "နောက်ဆုံး အနေနဲ့ သိန်းငါးရာ ပေးမယ် ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက ပျော်ပြီး
"ဟာ တမြို့လုံးမှာ ရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တမြို့လုံးကို သူတယောက်တည်း တောင်းစားမှာပေါ့" တဲ့။
သင်ခန်းစာ။ ။ အတွေးအခေါ် အဟောင်း ခံယူချက် အဟောင်းတွေ မစွန့်နိုင်သရွေ့ သူတောင်းစား ဘဝက လွတ်မှာ မဟုတ်ပါဘူး။ ဓမ္မအလင်းရောင်, EMT
0 Comments