လွတ်မြောက်မည်ကို ကြောက်သူများ

ပြင်သစ်တော်လှန်ရေး ဖြစ်ပွားစဉ် ကာလက ဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ နာမည်ကျော် ရဲတိုက်ကြီး ဖြစ်သော ဘက်စ်တီးအကျဉ်းထောင်ကြီး ထဲတွင် တသက် တကျွန်းဒဏ် ချမှတ်ခြင်း ခံထားရသူ အကျဉ်းသားပေါင်း များစွာ ရှိနေသည်။ ထိုထောင်ကလည်း နာမည်ကျော် သည်မှာ ထောင်ထဲ ဝင်သွားပြီးလျှင် အသက်ရှင်လျက် ပြန်ထွက်ရသူ မရှိ၊ အလောင်းသာ ပြန်ထုတ်ရသောဟူ၏။

ထောင်ထဲတွင် ရောက်နေသော အကျဉ်းသားများမှာ သံတိုင်တွေ ကြားထဲတွင် နေရရုံမျှ မက လက်ထိပ်များ၊ သံခြေချင်း များနှင့်ပါ ခတ်ထားခြင်း ခံရသည်။ အကျဉ်းသားများကို သံခြေချင်းနှင့် လက်ထိပ် ခတ်လိုက်ပြီးလျှင် သော့တွေကို ထောင်ထဲရှိ ရေတွင်းထဲကို လွှင့်ပစ်လိုက် ကြသည်။ အဘယ်ကြောင့် ဆိုသော် ပြန်လွှတ်မည် မဟုတ်ဆိုသည့် သဘောတရားကို ထင်ရှားစေချင် သောကြောင့် ဖြစ်သည်။

အကျဉ်းသားတယောက်သည် အကျဉ်းခန်း တခုထဲ လှောင်ပိတ်ထားခြင်း ခံလိုက်ရသည်နှင့် ထိုသံတံခါး ကိုလည်း ပြန်ဖွင့်ပေးရရိုး ထုံးစံမရှိပေ။ ဘက်စ်တီး အကျဉ်းထောင်ကြီး ထဲတွင် ထိုစဉ်က အကျဉ်းစံထောင်သား ၅၀၀၀ ကျော် ရှိသည်။ သူတို့သည် ထောင်ကြီးထဲရှိ အမှောင်ခန်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ ကြရသည်။

တော်လှန်ရေးကြီး ဖြစ်ပွား ချိန်တွင် တော်လှန်ရေး သမားတွေက ဘက်စ်တီးထောင်ကြီးကို စီးနင်းပြီး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်လိုက် ကြသည်။ အကျဉ်းသားများ ထဲတွင် နှစ်ပေါင်း ၆၀ ကျော် အမှောင်ခန်းလေး ထဲတွင် နေကြရ သူတွေ ရှိသလို၊ သေမိန့်နှင့် သေဒဏ်ကို စောင့်နေသူပေါင်း များစွာလည်း ရှိကြသည်။ တော်လှန်ရေးသမားတွေက အကျဉ်းထောင်ကြီးကို စီးနင်းပြီးနောက် တံခါးတွေကို ရိုက်ချိုး ဖျက်ဆီးပစ် ကြသည်။

အကျဉ်းသားတွေ၏ ခြေချင်းနှင့် လက်ထိပ်တွေကို ရိုက်ဖျက် ပေးကြသည်။ "ခင်ဗျားတို့ လွတ်လပ်ပြီ၊ ထွက်ကြတော့ သွားကြတော့" ဟု လိုက်အော် ကြသည်။ နှစ်ပေါင်း ၆၀ ကျော် အကျဉ်းခန်း အမှောင်ထဲတွင် နေခဲ့ရသူ တဦးက တံခါးအပြင်ကို ထွက်လာပြီး နေရောင်ကို မဝံ့မရဲ မော့ကြည့်သည်။ သူက အလင်းရောင်ကို ကြောက်သဖြင့် အမှောင်ခန်းထဲကို ပြန်ဝင်သွားသည်။ သူ့အသက်က ၈၀ ခန့် ရှိနေပြီ ဖြစ်သည်။ အသက် ၂၀ အရွယ်လောက် ကတည်းက ဤထောင်ကြီး အတွင်းကို ရောက်နေခဲ့သူလည်း ဖြစ်သည်။

"အဘိုး သွားတော့လေ လွတ်လပ်ပြီဗျ သွားချင်ရာ သွားတော့" ဟု တော်လှန်ရေးသမား တယောက်က ပြောလိုက်သည်။ သူ့လက်ထိပ်နှင့် သံခြေချင်း တို့ကိုလည်း ရိုက်ဖြုတ်ပေး လိုက်သည်။ သို့သော် အဘိုးအိုက ဘယ်လို ခေါ်ထုတ်ထုတ် အကျဉ်းခန်းထဲက မထွက်ပေ။ ဤနေရာတွင် ပြဿနာတခု ပေါ်လာသည်။ အကျဉ်းသား အများစုသည် သူတို့ကို လွှတ်ပေး လိုက်သော်လည်း အကျဉ်းထောင် အပြင်ကို ထွက်ရန် ငြင်းဆန်နေကြခြင်း ဖြစ်သည်။

"ငါတို့ကို ဘယ်သူက ပေါင်မုန့် ပေးမှာလဲ" "အပြင်မှာ ရှာစားလို့ ရတယ်လေ" "ငါတို့က ဒီမှာ ရှာစားစရာမှ မလိုတာ အချိန်တန် စားဖို့ ရောက်လာတာပဲ" "ဒါပေမဲ့ ဒါက ထောင်လေဗျာ ခင်ဗျားတို့ကို မတရား ချုပ်နှောင် ထားတာလေ ခုတော့ လွတ်လပ်ပြီ" "ဘာဖြစ်ဖြစ် အပြင်မှာ ငါတို့ ဇနီး သားသမီးတွေလည်း ရှိချင်မှ ရှိတော့မှာ။ ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိတော့ဘူး။ ငါတို့ကို ဘယ်သူက အလုပ်ပေးမှာလဲ။ ငါတို့မှာ လုပ်နိုင်တဲ့ စွမ်းအင် တွေလည်း မရှိတော့ဘူး။ ဒီမှာပဲနေ ဒီမှာပဲ သေပါရစေ။ အပြင်မှာ ငါတို့အတွက် အိပ်စရာ နေစရာ စားစရာ မရှိဘူး"

နှစ်ပေါင်း ၆၀ ကျော် ထောင်ထဲ ရောက်နေသူ အများစုမှာ ထိုအတိုင်း တောင်းဆိုပြီး ပေကပ်ကာ ထောင်ထဲတွင် နေကြသည်။ တော်လှန်ရေးသမားတွေ ကလည်း ထောင်ထဲရှိသူတွေ အားလုံးကို မောင်းထုတ်လိုက် ကြသည်။ သို့သော် ထိုညတွင် မောင်းထုတ်လိုက်သော အကျဉ်းသားအိုကြီးတွေက ဘက်စ်တီးလ်ထောင်ကြီးရှေ့ကို ပြန်ရောက်လာကာ "ငါတို့ကို အစာပေးပါ" ဟု အော်ဟစ် တောင်းဆိုကြသည်။ အချို့ တောင်းဆိုမှုက ပိုပြီး ထူးဆန်းသည်။ "ငါတို့ လက်ထိပ်တွေ ပြန်ခတ်ပေး" "ငါတို့ခြေချင်းတွေ ပြန်ခတ်ပေး"

တော်လှန်ရေးသမားတွေက ထူးဆန်းသော တောင်းဆိုမှု အတွက် ထိတ်လန့် ကုန်ကြသည်။ "အစာ တောင်းတာကတော့ ထားပါ ခင်ဗျားတို့က ဘာဖြစ်လို့ လက်ထိပ်တွေ ခြေချင်းတွေ ပြန်တောင်းကြ ရတာလဲ" "ငါတို့ နှစ်ပေါင်း ၆၀ ကျော်လောက် အဲဒီ လက်ထိပ်တွေ ခြေချင်းတွေနဲ့ အသားကျနေပြီ။ အဲဒါတွေ လက်မှာ ခြေမှာ မရှိရင် မနေတတ်တော့ဘူး အိပ်လို့လည်း ပျော်မှာမဟုတ်ဘူး။ ပြီးတော့ အပြင် လောကကြီးက လင်းလွန်းတယ်။ ငါတို့နဲ့ အသား မကျဘူး အမှောင်ခန်းလေးတွေ ထဲမှာပဲ နေပါရစေ"

နှစ်ပေါင်းများစွာ အမှောင်ထဲ ရောက်နေသူတို့၏ အတွေးအခေါ်ကား ထူးဆန်းလှသည်။ ကျွန်ဘဝတွင် အနှောင်အဖွဲ့နှင့် အမှောင်ထဲတွင် အသားကျနေသူ တို့မှာ အလင်းကို ကြောက်သည်။ အချုပ်အနှောင်က လွတ်ထွက်သွားမည်ကို ကြောက်ကြသည်။ အဘယ်ကြောင့်နည်း။

ထောင်လိုလို နေရာတွေက လောကတွင် အများကြီး ရှိနေသည်။ အသိဉာဏ် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအမှောင်တိုက်ထဲ ရောက်သွားလျှင် အမှောင်နှင့် အသားကျသွားသည်။ ထိုအမှောင်နှင့် သူတို့ လက်တွေ၊ ခြေတွေမှာ ချည်နှောင်ထားသည့် သံကြိုးတွေက သူတို့ကို ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ ဆိုသည့် အသိအပြင်၊ သော့တွေကို လွှင့်ပစ် ပြလိုက်သောကြောင့်လည်း လမ်းဆုံးပြီဟု သူတို့ ဘဝတွေကို အဆုံးစွန်အထိ တွေးထားပြီး ဖြစ်နေသည်။

ထောင်ထဲတွင် ဆင်းရဲ ဒုက္ခတွေနှင့် နေရသော်လည်း အသက်ရှင်ရန် အတွက် ပေးကျွေးထားသည့် မဝရေစာ လေးကိုပင် သူ့တို့အတွက် ဘဝကြီးတခုလို့ ထင်နေကြသည်။ ထို့ပြင် ထို့သို့ မဝရေစာ ပေးကျွေး ထားသူများကိုပင် ကျေးဇူးတော် အရှင်သခင်များဖြစ်စေရန် စနစ်က ပုံစံသွင်းထား ပေးလိုက်သည်။

လူ့အသိကို ပုံစံရိုက်သွင်းခြင်း ခံလိုက်ရလျှင် မည်သည့် လွတ်မြောက်မှုမျိုးကိုမဆို တောင့်တတော့မည် မဟုတ်ပေ။ မသေရုံ ပေးကျွေးထားသည် ကိုပင် ကျေးဇူးရှင်ဟု အထင်ခံရစေရန် ချုပ်ထား၊ တုတ်ထားခြင်း ခံရသူတွေမှာ မည်မျှပင် လွှတ်ပေးသည် ဖြစ်စေ လွှတ်ပေးသူကို ကျေးဇူးတင်မည် မဟုတ်သည့် အပြင် ရန်ပြုခြင်း ကိုပင် ခံရဖွယ် ရှိသည်။ (Ref: Fear to Freedom) တင်ညွန့် ၄.၄.၂၀၂၂

Post a Comment

0 Comments