အားရော အားကြရဲ့လား

"ကဲ ဒီက အကိုကြီး။ ပြန်ထွက်လို့ ရပါပြီ" တာဝန်ကျ မီးသဂြိုဟ် လုပ်သားရဲ့ စကား အဆုံး မီးတောက်တွေ ကြားက ကျုပ်သူငယ်ချင်းရဲ့ ရုပ်အလောင်းကို ကျောခိုင်းပြီး တံခါးပေါက် ကနေ ပြန်ထွက် လာခဲ့တယ်။ ကျုပ်လေ ရင်ထဲ မကောင်းလိုက် တာဗျာ။ ဝမ်းနည်းလွန်းလို့ ရှိုက်ကြီး တငင် ငိုချလိုက်ချင် ပေမယ့် မျက်ရည်တွေက မဆိုသလောက် လေးပဲ စိမ့်ထွက် လာတယ်။

အခေါင်း တခုလုံးကို ရဲရဲ တောက်နေတဲ့ မီးညွန့်တွေ အပေါ် တုတ်ပိုင်းကြီးနဲ့ ထိုးတင် လိုက်တာများ အေးခင်တို့ သားအမိတွေ မြင်ရင် ခံနိုင်ရည်တောင် ရှိနိုင်ပါ့မလားလို့ ကျုပ်တွေးမိတယ်။ အင်းလေ ဒါကြောင့်မို့လည်း သူတို့ သားအမိတွေ ဝင်မကြည့် ကြတာ တူပါရဲ့။

မီးရှို့တဲ့ အခန်းထဲ ကွယ်လွန်သူရဲ့ မိသားစုဝင် တယောက် နှစ်ယောက် ဝင်ကြည့်ဖို့ ခေါ်တော့ စိတ်မခိုင်လို့ ဆိုပြီး သူတို့က ဝင်မကြည့်ကြ ဘူးလေ။ သူငယ်ချင်း အရင်းကြီး ဖြစ်တဲ့ ကျုပ်ကိုပဲ ဝင်ကြည့်လိုက် ပါတဲ့။

သူငယ်ချင်း မျိုးမင်းရေ။ ဟောဒီ ရေဝေး သုဿန်ရဲ့ မီးတောက်တွေ ကြားထဲက ပြာမှုန့် ကလေးတွေ ထဲမှာ မင်းရဲ့ခန္ဓာ နိဋ္ဌိတံ သွားတော့ မှာပေါ့။ မင်းရဲ့ မိန်းမနဲ့ မင်းရဲ့ သမီး သုံးယောက်။ ပြီးတော့ ကျုပ်။ ပြီးတော့ ဟောဒီ သတ္တလောကကြီး ထဲမှာ ရှိနေတဲ့ သက်ရှိ လူသားတွေ အားလုံးဟာ တနေ့နေ့တော့ မင်းနောက်ကို မုချ မလွဲ လိုက်လာ ကြမှာပါ။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို ပုံစံမျိုး နဲ့သာ မသိသေး တာပါ။ လိုက်လာ ရမှာတော့ ဧကန် ပဲလေ။

ရှိုက်ကြီးတငင် ငိုကျွေးနေတဲ့ အေးခင်တို့ သားအမိကို ကြည့်ပြီး ကျုပ် ဘယ်လို နှစ်သိမ့်ရ မလဲ လို့ တွေးကြည့်မိတယ်။ ဒါပေမယ့် သေချာတာ တခုက ကျုပ်ကိုယ်ကျုပ်တောင် မနှစ်သိမ့်တတ် သေးဘူးလေ။ လက်ထဲမှာ ကိုင်ထားတဲ့ ယပ်တောင် ကလေးကို ငုံ့ကြည့် လိုက်တော့ မျက်ရည်တွေ ကြားကနေ ခပ်ဝါးဝါး တွေ့လိုက်တယ်။

ဦးမျိုးမင်း အသက် (၄၅) နှစ် တဲ့။ အဲဒါ ကျုပ် သူငယ်ချင်းကြီး ပေါ့။ ကျုပ်နဲ့ ဟိုး လေးငါးနှစ်သား အရွယ်ကတည်းက ပုခုံး ဖက်ပြီး ပေါင်းလာကြတဲ့ ငယ်သူငယ်ချင်း အရင်းကြီး ပေါ့ဗျာ။

သူဟာ တကယ်တော်တဲ့ လူတော် တယောက်ပါ။ ဟိုးအရင် ခပ်ငယ်ငယ် ကျောင်းသားဘဝ ကတည်းက အချိန်ကို အကျိုးရှိရှိ အသုံးချ တတ်ခဲ့တဲ့ လူတယောက်ပေါ့။ အပျော်အပါး အလေအလွင့်စိတ် ဆိုတာ သူ့ဆီမှာ တခါမှ မတွေ့ခဲ့ဖူးဘူး။ ဘာမှ လုပ်စရာ မရှိရင်တောင် စာဖတ် နေတဲ့ လူစားမျိုး။

ကျောင်းသား ဘဝ တုန်းကပေါ့။ အသက်ကလေး ရလာလို့ အိမ်ထောင်တွေ ဘာတွေ ကျတော့လည်း ကြိုတင် အစီအစဉ် ချထားတဲ့ ရှေ့ဆက် လုပ်စရာတွေ က သူ့ဆီမှာ မနည်းမနော။ အလုပ်နဲ့ လက်နဲ့ကို မပြတ်တာ။

"သူငယ်ချင်း မင်းကြည့်ရတာ ပင်ပန်း လိုက်တာ ကွာ" လို့ ကျုပ်ပြောတော့ သူ ဘာပြန်ပြောတယ် ထင်သလဲ။ "အရွယ်ရှိတုန်း ကြိုးစားထား ရမယ် သူငယ်ချင်း။ အခုချိန် အပင်ပန်းခံမှ နောင်တချိန် သက်သာမှာ။ မင်းလည်း ကြားဖူးပါတယ် အရိပ် လိုချင် နေပူထဲက စောင့် ဆိုတာလေ။ အသက်ကြီးမှ နောင်တ မရချင်ဘူးကွာ" သူပြောတာလည်း ဟုတ်သားဗျ။ ဒါကြောင့် သူတို့ မိသားစု အဆင်ပြေပြေ နေနိုင်တာ။

ကျုပ်ကဖြင့် အဲလို မဟုတ်ပေါင်။ အခွင့်အရေး ရရင် ရသလို အပျော်အပါးက ခပ်များများရယ်။ အနာဂါတ် အစီအစဉ် ဆိုတာလည်း ကျုပ်ဆီမှာ လုံးဝ မရှိခဲ့ ဖူးဘူး။ ဒါကြောင့်မို့ ထင်ပါရဲ့။ ဆင်းရဲတဲ့ မိသားစုတွေ ဆီက ကြီးပြင်းလာ ကြသူချင်း အတူတူ သူကပဲ တဟုန်ထိုး တိုးတက် သွားတယ်။

ကျုပ်မှာ ဖြင့် နည်းနည်းချင်းပဲ စုဆောင်း နိုင်ခဲ့တယ်။ တခါ တလေ ကျုပ် အခက်အခဲရှိရင် သူ့ဆီကတောင် ပြန် ချေးငှါးနေ ရသေး။ အဲဒီ အချိန်မျိုးဆို သူပြောတတ်တာ တခုရှိတယ်။ "အချိန်တွေကို အကျိုးရှိရှိ အသုံးချ စမ်းပါကွာ" တဲ့။

တခါတုန်းကလည်း တရားပွဲ သွားမလို့ ဆိုပြီး သူ့ကိုကျုပ် ခေါ်ဖူး သေးတယ်။ ညပိုင်း လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိလို့ ဆိုပြီး သူငြင်းခဲ့တယ်။ "အူမတောင့်မှ သီလ စောင့်နိုင်မှာ သူငယ်ချင်း။ အူမ တောင့်ဖို့ အတွက် ကြုံတုန်းလေး ဖြည့်ထားပါ ရစေဦး" တဲ့။

အင်းလေ သူ အဲဒီလို စီးပွားရေး လုံးပန်းခဲ့ လို့လည်း သူတို့မိသားစု မတောင့် မတ မကြောင့် မကြ နေနိုင်တာ ထင်ပါရဲ့။ ကျုပ်အမျိုးသမီးကဆို သူ့ကို အရမ်း ချီးကျုးတာ။ "ကိုမျိုးမင်းဟာ တော်တော် အလုပ် လုပ်နိုင်တယ် နော် အံ့ရော။ သူ့ကြည့်လိုက်ရင် အလုပ်နဲ့လက် ပြတ်တာ မမြင်ဖူး သလိုပဲ"

အဲဒီလိုများ ပြောရင် ကျုပ်စိတ်ထဲ သိပ် မကြိုက်ချင်ဘူး။ ဒါပေမယ့် ကျုပ်ကိုလည်း အပြစ် ပြောပြီး ဝေဖန်တာမျိုးတော့ မရှိဘူး။ ကိုယ့်ကိုယ်ကိုမို့ ပြောတာ မဟုတ်ဘူး ကျုပ်လည်း တာဝန်ကျေတဲ့ အိမ်ထောင် ဦးစီး တယောက်ပါ။

တခါတလေ အခက်အခဲ ရှိလို့ စီးပွားရေးလေး မဆိုစလောက် ကျပ်တည်း တတ်တာက လွဲပြီး ချို့ချို့ တဲ့တဲ့တော့ မဟုတ်ပါဘူး။ ကျုပ်သူငယ်ချင်းလို အုတ်ခံ တိုက်အိမ် မျိုးနဲ့ မထားနိုင်ခဲ့ ပေမယ့် ပျဉ်ထောင် သွပ်မိုးထက်တော့ မနိမ့်ခဲ့ ပါဘူး။ ဆီအပြည့် ဆန်အပြည့်နဲ့ ရွှေခံ ရွှေရံလေး လောက်တော့ အပိုအလျှံ ရှိပြီးသား။

ဘာပဲ ဖြစ်ဖြစ်တော့ ကျုပ်နဲ့ ကျုပ်သူငယ်ချင်းက နံ့သာဆီ နဲ့ အီး။ ကျုပ်သူငယ်ချင်းမှာ ရွှေဖြူ၊ ရွှေဝါ၊ ရွှေခင် ဆိုပြီးတော့ သမီး သုံးယောက် ရှိတယ်။ သူအခု ကြိုးစား လုပ်နေရတာ အိမ်ထောင် မကျသေးတဲ့ သူ့သမီးတွေ နောင်ရေး အတွက်တဲ့။ ဖခင်ကောင်း ပီသတာများ ပြောပါတယ်။ သူ့နောက်ဆုံး ရည်မှန်းချက်က သူမသေခင် သူ့သမီး သုံးယောက်အတွက် အိမ်နဲ့ခြံ တယောက်တကွက်စီ ဝယ်ပေး ထားနိုင် ဖို့တဲ့။ တော်တော်တောင် နီးစပ် နေပြီ ပြောတယ်။

အဲဒီ ရည်မှန်းချက် နဲ့ပဲ သူ့ရဲ့ အချိန် ဇယားထဲမှာ အားလပ်ချိန် ဆိုတဲ့ စာသား ပျောက်နေခဲ့တယ်။ ဟော အခုကြည့်။ သူ့ရည်မှန်းချက်တွေ မပြည့်ခင် ရုတ်တရက်ကြီး ဆုံးပါး သွားခဲ့ပြီ။ မအားလပ်တဲ့ ကြားကပဲ ထားသွားရက် ခဲ့ပြီ။ သူငယ်ချင်းရေ ကောင်းရာ သုဂတိ လားပါစေကွာ။ မင်းမရှိတဲ့ နောက်ပိုင်း မင်းမိသားစု တဖြည်းဖြည်း အသား ကျသွား မှာပါ။ စိတ်ဖြောင့် ဖြောင့်သာ သွားပေတော့။

ရေဝေး သုသာန်ကြီး ကတော့ မီးခိုးလုံး ကြီးတွေ၊ မျက်ရည်ပေါက် ကြီးငယ်တွေ၊ ဝမ်းနည်းပူ ဆွေး မျက်နှာတွေ၊ အော်ဟစ် ငိုယိုသံတွေနဲ့ ကြိတ်ကြိတ်တိုး လို့ပေါ့။ နောက်ထပ် နောက်ထပ် ရောက်လာကြတဲ့ အသက်မဲ့ ခန္ဓာတွေ ထည့်ထားတဲ့ ခေါင်းတလား အပြင်ဘက်တွေ မှာ ဦး၊ ဒေါ်၊ ကို၊ မနဲ့ နာမည်တွေ အမျိုးမျိုး ရေးထိုးထား ကြတယ်။ အသက်အရွယ်တွေ ကလည်း ကိန်း ဂဏန်း အစုံအလင်။ ဪ သူတို့တွေလည်း ဒီကို ရောက်လာကြတာ အားရော အားကြရဲ့ လား။ Crd နတ်စောင်း (ကျိုက်ထို)

Post a Comment

0 Comments