စကားလေးခွန်းရဲ့ အဓိပ္ပါယ်

ရှေးတုန်းက တိုင်းပြည်တပြည်မှာ မင်းကျင့်တရားများနှင့် အညီ တရားမျှတစွာ အုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်ကြီးတပါး ရှိလေသည်။ ဘုရင်ကြီးဟာ တိုင်းရေး ပြည်ရာတွေနဲ့ နစ်မွန်းနေပြီး တရားဓမ္မ အလုပ်ကို မေ့လျော့နေတာကြောင့် တညမှာ ထီးချက်စောင့် နတ်သမီးက ဘုရင်အား အိမ်မက်ပေး၍ သတိပေးစကား လေးခွန်း ပြောကြားလာပါသည်။

"အရှင်မင်းကြီး ကျွန်ုပ်ဟာ သင့်ရဲ့ ထီးချက်စောင့်နတ်သမီး ဖြစ်ပါတယ်။ သင်ဟာ နောက် ၇ ရက် ကြာလျှင် ကံတော် ကုန်ရပါတော့မည့်အကြောင်း လာရောက် သတိပေးရခြင်း ဖြစ်ပါသည်"

နတ်သမီးရဲ့ စကားကြောင့် မင်းကြီးဟာ ထိတ်လန့်တုန်လှုပ် သွားပြီး "အဲဒီလို မဖြစ်အောင် လုပ်၍ ရနိုင်မည့် နည်းလမ်းများ မရှိဘူးလား အသင်နတ်သမီး"

"လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်ပြောတဲ့ စကားလေးခွန်းရဲ့ အဓိပ္ပါယ်ကို အသင်မင်းကြီး ရအောင်တော့ ဖော်ဆောင် ရပါလိမ့်မယ်" "မိန့်တော်မူပါ အသင်နတ်သမီး"

"တစ် အချက် ဘယ်အချိန်မှာ ဘယ်အလုပ်ဟာ သင့်အတွက် အရေးကြီးဆုံးလဲ။ နှစ် အချက် အဲဒီအချိန်မှာ အဘယ်ပုဂ္ဂိုလ်က သင့်အတွက် အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်မလဲ။ သုံး အချက် ဘယ်လိုလူမျိုးအပေါ် သင် မေတ္တာ ဂရုဏာ ထားရမလဲ။ လေး အချက် သင်မေ့လျော့နေတဲ့အရာတွေကို ပြန်ရှာဖွေပါ။ အဲ့ဒီ စကားလေးခွန်းရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်ဆောင်ရွက် နိုင်ရင် အသင်မင်းကြီး ကံတော်ကုန်မယ့် ဘေးက လွတ်မြောက်ပါလိမ့်မည်"

နတ်သမီး ကွယ်ပျောက်သွားတာနဲ့ ဘုရင်ကြီးလည်း အိပ်ရာမှ လန့်နိုးသွားပါတော့သည်။ ထိုခဏ၌ ပြန်အိပ်မရတော့ပဲ နတ်သမီးရဲ့ စကားလေးခွန်း အဓိပ္ပါယ်ကို စဉ်းစားနေမိတော့သည်။ သို့သော်လည်း မိုးလင်းချိန်ထိ စဉ်းစားမရနိုင်ခဲ့ချေ။

နံနက် ညီလာခံတွင် သူ၏ ပညာရှိ အမတ်များကို မေးမြန်းခဲ့ သော်လည်း ဘယ်အမတ်မှ ရေရေရာရာ မဖြေနိုင်ကြဘဲ ထင်ကြေးဖြင့် ရမ်းသန်း ဖြေကြသော အဖြေတွေသာ ရရှိခဲ့လေသည်။ ဘုရင်ကြီးလည်း စဉ်းစားရ ခက်နေပြီး နန်းထဲ၌ပင် အချိန် ၃ ရက် ကြာသွားလေသည်။

သေချာသည့် အဖြေကို မရရှိခဲ့သည့်နောက် ရွှေမြို့တော်အပြင်ဖက် တောရပ်အနီးတွင် တရားကျင့်နေသည့် သူတော်စင် အဖိုးအိုတယောက်သည် ဉာဏ်ပညာ အမြော်အမြင် ကြီးကြောင်း သတင်းကြားသိရပြီး ထိုအဖိုးအိုထံ သွားရန် သူဆင်းရဲ အယောင်ဆောင်၍ နန်းတော်ထဲမှ တိတ်တဆိတ် ထွက်ခဲ့ပါတော့သည်။ မေးမြန်း စုံစမ်းရင်း နှစ်ရက်ကြာမှ အဖိုးအိုထံ ရောက်သွား လေသည်။

ထိုအချိန်တွင် နန်းတော်ထဲမှ ဘုရင်ကြီး ပျောက်သွားသဖြင့် စစ်သည်တော်တွေဟာ ဘုရင်ကြီးကို ရှာဖွေနေကြသလို ဤသတင်းကို ကြားသဖြင့် ဘုရင်ကြီးအား လုပ်ကြံ သတ်ဖြတ်ရန် လိုက်လံစုံစမ်းနေသည့် လူဆိုးကြီး တယောက်လည်း ရှိနေလေသည်။

ပညာရှိအဖိုးအိုထံ ဘုရင်ကြီး ရောက်လာချိန်တွင် အဖိုးအိုက ရာသီ သီးပင် စားပင်လေးတွေ စိုက်ပျိုးဖို့ မြေကို တူးဆွနေပါသည်။ ဘုရင်ကြီးအနား ရောက်လာချိန်တွင် တချက်မျှသာ ငဲ့ကြည့်ပြီး သူ့အလုပ်ကိုသာ သူ ဆက်လုပ်နေပါသည်။

ဘုရင်ကြီးက "အဖိုး ခင်ဗျား" လို့ စကား စ လိုက်သည်နှင့် အဖိုးအိုက လက်ကာ ပြလိုက်သဖြင့် ဘုရင်ကြီးလည်း အနီးတွင် ရှိနေသော ပေါက်တူးကို ကောက်ကိုင်လိုက်ပြီး အဖိုးအိုနှင့်အတူ ကူညီ မြေတူးဆွနေလိုက် ပါတော့သည်။ အလုပ်အကိုင်တွေ ပြီးစီးသွားချိန် မှာတော့ ဘုရင်ကြီးလည်း အတော် မောပမ်းနေချေပြီ။

အဖိုးအိုက စားသောက်ဖွယ်ရာတွေ ချ၍ ကျွေးမွေးသောအခါ ဘုရင်ကြီးလည်း မောလည်းမော ဆာလည်း ဆာနေသဖြင့် လွန်စွာပင် စားကောင်းပါ တော့သည်။ စားသောက်ပြီးချိန်၌ အဖိုးအိုအား သိလိုသော စကားတို့ကို မေးရန်ကြံရွယ်စဉ် "မောင်ရင်လည်း ပင်ပမ်းနေပြီ။ ဟိုထောင့်ကွေးလေးမှာ ခနမှေး လိုက်ပါဦး။ နောက်မှပဲ စကားပြောကြတာပေါ့။ အခုချိန်က ကျွန်ုပ်တရားထိုင်ဖို့ အချိန်ကျနေပါပြီ"

ဘုရင်ကြီးလည်း အဖိုးအို ပြောတဲ့အတိုင်း တဲထောင့်တွင် တရေး အိပ်လိုက်လေသည်။ အတန်ငယ် ကြာသွားပြီး နောက် တဲအပြင်မှ ဆူညံသံတွေကြားလို့ ထွက်ကြည့်သော အခါ ဒဏ်ရာဒဏ်ချက်တွေနှင့် လူတယောက် ရောက်နေသည်ကို တွေ့ရလေသည်။ ဘုရင်ကြီးလည်း ထိုလူကို တဲအတွင်းသို့ ခေါ်လာခဲ့ပြီး သူ၏ ဒဏ်ရာများကို တတ်နိုင်သမျှ ကုသပေးလေသည်။

တရားထိုင်ရာမှ ထလာသော အဖိုးအိုကလည်း လိုအပ်တဲ့ ဆေးဝါးတွေ ထုတ်ပေးလေသည်။ ဆင်းရဲသားယောင်ဆောင် ဘုရင်ကြီးလည်းဒဏ်ရာတွေနှင့် လူကို ဂရုဏာရှေ့ထားပြီး ကုသပေးနေခဲ့ရာ ထီးချက်စောင့် နတ်သမီးပြောသည့် ၇ ရက် ပြည့်မြောက်လာ ပါတော့သည်။ ဘုရင်ကြီးလည်း ဒီနေ့တော့ အဖိုးအိုအား မေးဖြစ်အောင် မေးမှ ဖြစ်တော့မည် ဟု ကြံစီကာ အဖိုးအို အားလပ်သည့် အချိန်တွင် မေးလိုက်ပါတော့သည်။

အဖိုးအိုက ဘုရင်မေးသော စကား ၄ ခွန်းကို သေချာ နားထောင်လိုက်ပြီး "အသင့်ကို စရောက်ကတည်းက ဘုရင်မှန်း ကျွန်ုပ်ခန့်မှန်း မိပါတယ်၊ အခု အသင်မေးတဲ့ စကားလေးခွန်းကို အသင်ကိုယ်တိုင် အလိုလို အဓိပ္ပါယ်ဖော်ပြီး ဖြစ်နေပါပြီ" "ခင်ဗျာ၊ ကျွန်ုပ်တော့ နားမလည်ပါလား။ ရှင်းပြပါအုံး အဖိုးရယ်"

"သင်မင်းကြီး မေးတဲ့ ပထမစကား တခွန်းက ဘယ်အချိန်မှာ ဘယ်အလုပ်က အရေးကြီးဆုံးလဲလို့ မဟုတ်လား။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်ုပ်ထံ အသင် စရောက်လာချိန်မှာ အပင်စိုက်ရန် မြေတူးဆွပေးရတဲ့ အလုပ်ပါပဲ။ ဒုတိယ စကားက အဲဒီအချိန်မှာ သင့်အတွက် အရေးကြီးဆုံး ပုဂ္ဂိုလ်ဟာ ဘယ်သူဖြစ်မလဲ မဟုတ်လား။ အဲ့ဒီသူဟာ ကျွန်ုပ်ပါပဲ။

တတိယ စကားအရ ဘယ်လိုလူမျိုးကို ဂရုဏာမေတ္တာ ထားသင့်သလဲ မဟုတ်လား။ အဲ့ဒီလူဟာလည်း သင် ဆေးကုပေးခဲ့တဲ့ ဒဏ်ရာရလာတဲ့သူပါပဲ။ ကိုင်း ကိုယ့်လူက ဘုရင်ကြီးကို အကျိုးအကြောင်း တခုခုတော့ ပြောပြလိုက်ပါ အုံးလေ။ ဒါမှ ဘုရင်ကြီး နားလည်သွားမှာ"

အဖိုးအို၏ စကားကြောင့် ဒဏ်ရာရသော လူနာက အကျိုးအကြောင်း ဝင်ရောက် ရှင်းပြလေသည်။ "ကျွန်တော်မျိုးဟာ အသင်မင်းကြီးကို သတ်ဖြတ်ဖို့ အမြဲ ချောင်းမြောင်းနေတဲ့ လူဆိုးလူမိုက်တဦး ဖြစ်ပါတယ်။ မင်းကြီးကို သတ်ဖို့ အလာ အဖိုးရဲ့ ခြံမြေနား အရောက်မှာ အသင်မင်းကြီးရဲ့ စစ်သည် ရဲမက်တွေနဲ့ တွေ့ပြီး တိုက်ခိုက်ခံ ရပါတယ်။

ဒဏ်ရာတွေ ရပြီး ထွက်ပြေးအလာ ဒီကို ရောက်လာခဲ့ရာက အသင်မင်းကြီး ဂရုဏာရှေ့ထားပြီး ကုသပေး ခဲ့လို့ အသက်ချမ်းသာ ခဲ့ရပါတယ်။ ကျွန်တော်မျိုးမှာ သင် မင်းကြီး ပေးခဲ့တဲ့ အသက်ဘဲ ရှိပါတော့တယ်။ မင်းကြီးရဲ့ ကျေးဇူးကို ကျွန်တော်မျိုး ဆပ်လို့ မကုန်တော့ပါဘူးဘုရား။ ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ"

ထိုလူက ဘုရင်ကြီးကို ထိုင်ကန်တော့လေ၏။ ထိုအခါ ဘုရင်ကြီးက "အဖိုးပြောတော့ဖြင့် ဟုတ်နေတာဘဲ။ ဒါပေမယ့် ဘယ်လို အကျိုးကြောင်းတွေ ဆက်စပ်နေသလဲ။ ကျွန်ုပ် မရှင်းသေးလို့ တဆိတ်လောက် ရှင်းပြပါအုံး အဖိုးရယ်"

အဖိုးအိုက "အသင်မင်းကြီး၊ သင် ဒီကို အချိန်မီ ရောက်လာပြီး ကျွန်ုပ်၏ အလုပ်များကို ကူလုပ်နေရခြင်း၊ ကျွန်ုပ်ကို အကြောင်းပြု၍ လာရသည်ဖြစ်ခြင်း တို့ကြောင့် သင်၏ရန်သူ လုပ်ကြံမည့် အန္တရာယ်က ကင်းလွတ်ခဲ့ရသည်။ တဖန် သင်ဂရုဏာထား ကုသပေးခဲ့လို့ သင့်ရန်သူက သင့်ကို ကျေးဇူးတင်ပြီး ထိုသူက နောက်ဆိုရင် သင့်အတွက် မိတ်ဆွေကောင်း ဖြစ်ပေတော့မည်။

ဒါကြောင့် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းတဲ့ အလုပ်တခု တွေ့ရင် ဒါဟာ လုပ်သင့်တဲ့ အလုပ်ပဲ ဖြစ်တယ်။ အဲဒီအလုပ်နဲ့ ပတ်သက်နေတဲ့သူဟာလည်း အရေးပါတဲ့ သူပဲပေါ့။ ပြီးတော့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကိုယ့်ဖက်က မေတ္တာထားပြီး ပြုသင့်ပြုထိုက်တာကို ပြုပေးလိုက်ပါ။ တန်ပြန်မေတ္တာ အကျိုးပြု ပါလိမ့်မယ်။ ဒါက စကား ၃ ခွန်း ရဲ့ အဓိပ္ပါယ် သက်ရောက်မှုရှိတဲ့ အကျိုးကျေးဇူးတွေပါပဲ။

နောက်ဆုံး ၄ ခွန်းမြောက် စကားဖြစ်တဲ့ မေ့လျော့နေတာတွေကို ပြန်ရှာဖွေပါ ဆိုတဲ့ အဓိပ္ပါယ်ကတော့ အသင်မင်းကြီးဟာ တိုင်းရေးပြည်ရာတွေထဲမှာ နစ်မွန်းနေလို့ တရားဓမ္မတွေကို အားထုတ်ဖို့ မေ့လျော့နေပါတယ်။ ဒါကြောင့် တရားဓမ္မများကိုလည်း မမေ့လျော့ဖို့ သတိပေး တာဘဲ ဖြစ်ပါတယ်"

သူတော်စင်အဖိုးအို၏ ရှည်လျားစွာသော ရှင်းပြမှု အဆုံး၌ ဘုရင်ကြီးလည်း ဝမ်းမြောက်ဝမ်းသာ၍ ဦးသုံးကြိမ်ချ ရှိခိုးကန်တော့ လိုက်လေသည်။ ဤတွင် ဘုရင်ကြီးလည်း သူသိချင်သော စကား ၄ ခွန်း၏ အဓိပ္ပါယ်ကို သိရှိသွားရသည့်အပြင် ၇ ရက်အတွင်း သေရမည့် ဘေးမှလွန်မြောက်ပြီး သူ၏ ရန်သူဖြစ်သည့် လူဆိုးကြီးသည်လည်း သူ့အပေါ်တွင် သစ္စာစောင့်သိသော သက်တော်စောင့် လူယုံတော်တဦး ဖြစ်သွားပါ လေတော့သတည်း။ Crd

Post a Comment

0 Comments