နှောင်းနောင်တ

၁။ ဆန်အိတ် ဝယ်ပြီး ထမ်းလာတဲ့ လူတယောက်ဆီကို သူတောင်းစားက ဆန်အလှူခံတယ်။

ထိုလူက ကပ်စေးနဲ၊ သူတောင်းစားကလည်း ဇွတ်အလှူခံနေတော့ လူ့ဝတ္တရား မကင်းရုံလေး ဆန်စေ့ သုံးစေ့ လှူလိုက် တယ်။

အဲဒါနဲ့ အိမ်ရောက်တော့ အိတ်ထဲက ဆန်တွေ လှယ်မယ် ဆိုပြီး ဆန်အိတ်ကို ဖွင့်လိုက်တော့ ဆန်အိတ်ထဲ ရွှေဆန်စေ့ သုံးစေ့ ရောက်နေပါတယ်။

အဲဒီ‌တော့မှ ငါ ဆန်သုံးစေ့ထဲ ပေးမိတာ မှားလေခြင်း ဆိုပြီး နောင်တ‌တွေ ရ‌မိပါသတဲ့။

၂။ ညအမှောင်ထဲ ခရီးသွားတွေပေါ့။ အသံတသံ ကြားရတယ်။ မင်းတို့ သယ်နိုင်သလောက် ကျောက်ခဲတွေ ကောက်သွားကြ ဆိုတဲ့ အသံ။

ဘာလဲဟ၊ ဘယ်က အသံလဲဟ စောကြော ဝေဖန်ပြီး၊ ကဲပါလေ ကောက်ဆိုတော့ ကောက်သွားရတာပေါ့ ဆိုပြီး ခရီးသွား အသီးသီးက တာဝန်ကျေရုံ စတိ သဘော တခဲ နှစ်ခဲ ကောက်သယ်လိုက် ကြတယ်။

ဒီလောက်ဆို စာဖတ်သူ ရိပ်မိနေလောက် ပါပြီ။ သူတို့ကောက်ခဲ့တာ ဘာတွေဖြစ်မလဲ ဆိုတာ။ အဲဒါ မိုးစင်စင် လင်းတော့ သူတို့ ကောက်ခဲ့တာတွေဟာ ရိုးရိုး ကျောက်တုံးတွေ မဟုတ်ပဲ စိန်တုံး၊ ရွှေတုံး တွေ ဖြစ်နေသတဲ့။

အဲကျမှ နောင်တရသူရ၊ ကြေကွဲသူကြေကွဲ။ ငါတို့ ကောက်လာတာ နဲလိုက်တာ၊ ဒီလိုမှန်းသိ အများကြီး သယ်ခဲ့ပါတယ် ဆိုပြီး။

ပြောခဲ့တဲ့ ဇာတ်လမ်းလေး တွေက ရိုးစင်းပါတယ်။ အချိန်လွန်မှ ကိုယ်ထမ်းပိုး ခဲ့တာတွေ တန်ဖိုးရှိမှန်း သိရပြီး၊ သယ်ခဲ့တာ နဲလေးခြင်း၊ ပိုထမ်းလို့ ရပါသေးလျှက် အထမ်း နဲခဲ့လေးခြင်း ဆိုတဲ့ နှောင်းနောင်တ ပါ။

အခုကျနော်တို့ ကောက်ယူနေတာ တွေဟာ ရတနာတွေပဲ လို့တော့ အမွမ်း မတင်လို ပါဘူး။ သို့တိုင် ကျနော်တို့ ယခုထက် ပိုပြီး ကောက်ယူလို့ ရပါသေးတယ်။ ထမ်းပိုးလို့ ရပါသေးတယ်။ အားပိုစိုက်လို့ ရပါသေးတယ်။ တာဝန် ကျေရုံထက် နဲနဲ ဖြစ်ဖြစ် ပိုပြီးပေါ့။ Thaw Su

Post a Comment

0 Comments