မျှော်လင့်ချက် အမှား (False hope)

တခါက မီလျှံနာ သူဌေးကြီး တဦးဟာ နှင်းတွေ သည်းသည်း ထန်ထန် ကျနေတဲ့ ညတညမှာ အိမ်ကို ပြန်လာတယ်။

သူ ကားပေါ်က ဆင်းဆင်းခြင်းမှာပဲ အိမ်ခြေရာခြေမဲ့ အဖိုးအိုတဦးဟာ သူ့ခြံရှေ့ ဝင်းတံခါးက အုတ်နံရံဘေးမှာ ခွေခွေကလေး ကွေးနေတာကို တွေ့လိုက် ရတယ်။

အဲဒီအခါ မီလျှံနာကြီးက ဒီလိုမေးတယ်။ "အဖိုးကြီး ခင်ဗျားမှာ အနွေးထည်လေး ကုတ်အင်္ကျီလေး မရှိဘူးလား၊ ခင်ဗျား မချမ်းဘူးလား"

"ချမ်းတော့ ချမ်းတာပေါ့။ ဒါပေသည့် ကျုပ်က ဒီလိုမျိုး နေနေကျ ဖြစ်နေပါပြီ။ ဒီအတိုင်းလေး ကွေးနေရင်လည်း ရပါတယ်"

အဲဒီအခါ သူဌေးကြီးက ဒီလို ပြောပြန်တယ်။ "ကိုင်း ဒါဖြင့် ခင်ဗျား ဒီမှာစောင့်နေ ကျုပ်အိမ်ထဲမှာ ကုတ်တထည် သွားယူပေးမယ် ဟုတ်ပြီလား"

အဲဒီလိုနဲ့ သူဌေးက အိမ်ထဲ ဝင်သွားတယ်။ အိမ်ထဲ ဝင်ဝင်ချင်းမှာပဲ သူ့ရဲ့ အတွင်းရေးမှူးက ဖုန်းဆက်တယ်။ သူဌေးလည်း အလုပ်ကိစ္စတွေ ခေါင်းထဲ ဝင်လာပြီး တော်တော်လေး အလုပ် များသွားတယ်။ အပြင်က အဘိုးကြီးကို သူ သတိမရ တော့ဘူး။

အဲဒီလိုနဲ့ မနက် မိုးလင်းတဲ့အခါ သူဌေးရဲ့ ခေါင်းထဲမှာ အဖိုးကြီး အကြောင်းကို ဖျတ်ခနဲ သတိရ လိုက်တယ်။ အဲဒါနဲ့ သူလည်း အနွေးထည်နဲ့ စောင်ထူထူ တထည်ကို ပျာပျာသလဲ ယူပြီး အပြင်ကို ထွက်လိုက်တယ်။ အဲဒီအခါ မှာတော့ ညက သူတွေ့ခဲ့တဲ့ အဖိုးဟာ သူ့အိမ်ဘက်ကို မျက်နှာမူပြီး အေးခဲ သေဆုံးနေခဲ့ပြီပဲ ဖြစ်ပါတယ်။

တကယ်တော့ အိမ်ခြေရာခြေမဲ့ အဖိုးကြီးဟာ အအေးဒဏ်ကို စိတ်ဓါတ် တခုနဲ့ အံတုနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဌေးရဲ့ ကုတ်အင်္ကျီ မျှော်လင့်ချက်ဟာ သူ့ရဲ့ စိတ်ဓါတ်ကို ရိုက်ချိုး ဖျက်ဆီးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကိုယ်မတည်နိုင်တဲ့ ကတိတွေ၊ ကိုယ်မပေးနိုင်တဲ့ အရာတွေကို ပြောတာ၊ ကတိပေးတာ တွေဟာ တကယ်တမ်း ခံစားရတဲ့လူတွေရဲ့ စိတ်ဓါတ်ကို ရိုက်ချိုးနေ သလိုလည်း ဖြစ်နေတတ် သေးတာ။ False hope, false promise ပေမယ့် real emotion အပေါ် ထိခိုက်သွားတာမျိုး ဖြစ်တတ် ပါသေးတယ်။

တခါတရံ မှာတော့ No hope is better than false hope ဆိုတဲ့ အတိုင်း နဂိုက တောင့်ခံနိုင်တဲ့ စိတ်ဓါတ်တွေဟာ False hope ရဲ့ ရိုက်ချိုး ခြင်းကြောင့် ပျက်စီး သွားတတ်တာမျိုး ရှိနေတတ် ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ လူတကာကို မစားရ ဝခမန်းကတိတွေ မပေးဖို့ လိုသလို၊ ကိုယ်တိုင်လည်း အများကြီး မျှော်လင့်မထားဖို့ လိုတယ်။ အရှိကို အရှိအတိုင်း၊ ပကတိ အတိုင်းပဲ အကောင်းဆုံး ဆိုတာ သိထားဖို့တော့ လိုပါတယ်။ ဖြိုးသုတ (False hope)

Post a Comment

0 Comments