သာတူညီမျှစိတ်ဓာတ်

ဆူဒန်နိုင်ငံရဲ့ ဒေသတခုရှိ ကျောင်းငယ်လေး တကျောင်းမှာ ဆရာမက ကျောင်းသူတွေကို စာစီစာကုံး ပြိုင်ပွဲလေးတခု လုပ်ပေးတယ်။ ပြိုင်ပွဲမှာ ထူးချွန်သူဟာ ဖိနပ်လေးတရံ ရမယ်ပေါ့။

ဒါနဲ့ ကလေးတွေကလည်း အားရဝမ်းသာ ပျော်ပျော်ရွှင်ရွှင် ပြိုင်ဆိုင် ရေးသား သီကုံးကြတယ်။ ရေးသားပြီး စာရွက်တွေကို ဆရာမထံ အပ်ကြတော့ အားလုံးရဲ့ ရေးသားပုံက ပြောင်မြောက်နေတာကို တွေ့ရတယ်။ အကုန်လုံး ထူးချွန်အဆင့် ရသူတွေချည်း ဖြစ်နေတယ်။

အဲဒီမှာ ဆရာမက ဘယ်သူ့ကို ဆုပေးရမလဲ ဝေခွဲမရ ဖြစ်နေတယ်။ ဒါနဲ့ ဆရာမက ကျောင်းသူလေးတွေကို ခေါ်ပြီး အားလုံးရဲ့ စာစီစာကုံးက ထူးချွန်အဆင့် ရကြောင်း၊ သမီးတို့ရဲ့ ကြိုးစားထားမှုကို ဆရာမ အားရဝမ်းသာ ဖြစ်ကြောင်း၊ ဆုက အားလုံး ရထိုက်ကြောင်း ပြောလိုက်တယ်။

ပြီးတော့ ဒီဆုကို ကျောင်းသူအားလုံး ကျေကျေနပ်နပ်နဲ့ တယောက်ရဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အကြံပြုဖို့ တောင်းဆိုလိုက်တယ်။ အားလုံးက စာရွက်မှာ ကိုယ်စီကိုယ်စီ နာမည်ရေး၊ စာရွက်ခေါက်ပြီး ဆရာမကို ပေးကြဖို့၊ ဆရာမက မဲနှိုက် ဆုံးဖြတ်ပေးဖို့၊ ဆရာမ မဲနှိုက်တဲ့အခါ မဲကျသူသာ ဆုကို ရထိုက်သူ ဖြစ်ကြောင်း ကြေညာပေးဖို့ အကြံပြုကြတယ်။

ဒါနဲ့ အဲဒီလို လုပ်လိုက်ကြတာပေါ့။ ဆရာမက အားလုံးရှေ့မှာ မဲနှိုက်တယ်။ ကလေးမလေး (ဝဖာ အဗ်ဒုလ်ကရီးမ်) မဲပေါက်ပါတယ်။ "ဆုယူဖို့ အရှေ့ကို လာခဲ့ပါ သမီးလေး"

ကလေးတွေအားလုံး လက်ခုပ်သြဘာ တီးကြတယ်။ ကလေးမလေးခင်ဗျာ၊ အားလုံးရဲ့ လက်ခုပ်သြဘာသံတွေ ကြားမှာ ပျော်ရွှင်ပြီး မျက်ရည်တွေ စီးကျလာခဲ့တယ်။ ဆရာမက အားလုံးကို ကျေးဇူးတင်စကား ပြောတယ်။ ပြီးတော့ (ဝဖွာလေး) ကို ဆုချီးမြှင့်တယ်။

(ဝဖွာလေး) လည်း သူ့ရဲ့ ဖိနပ်ဟောင်းလေးအစား ဖိနပ်အသစ်ကလေး စီးလိုက်ရတယ်။ သူ့မိဘတွေ ဆင်းရဲလွန်းတော့ သူ့အတွက် ဖိနပ်လေးတရံတောင် ဝယ်မပေးနိုင် ကြရှာဘူး။ ဒီဖိနပ်လေးပဲ ဝတ်နေခဲ့ရတာ ကြာနေပြီကိုး။ ဆရာမက ဝမ်းသာပီတိဖြစ်ပြီး အိမ်ကို ပြန်လာခဲ့တယ်။

အိမ်ရောက်တော့ ခင်ပွန်းကို အဲဒီအကြောင်း ပြောပြရင်း ငိုပါလေရော။ ဆရာမရဲ့ ခင်ပွန်းကလည်း ဒီအကြောင်းလေး ကြားပြီး ဝမ်းသာပါရဲ့။ ဒါပေမဲ့ ဇနီးသည် ငိုနေတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ "ဒါနဲ့ မင်းကဘာလို့ ငိုရတာလဲကွာ၊ မင်းတပည့်လေးတွေ အားလုံး တော်ကြတာပဲ။ မင်းစီစဉ်ထားတဲ့ ဆုလည်း ပေးလိုက်နိုင်တာပဲကွာ" လို့ ပြောလိုက်တယ်။

အဲဒီမှာ ဆရာမက ပြန်ပြောတယ်။ "ကျွန်မ ပြန်လာနေရင်း ကျန်တဲ့ စာရွက်ခေါက်လေးတွေကို ဖွင့်ကြည့်မိတော့ ကလေးတွေ အားလုံးက (ဝဖွာ အဗ်ဒုလ်ကရီးမ်) ရဲ့ နာမည်ကိုပဲ ရေးသားထားကြတာ တွေ့လိုက်ရလို့ပါ" တဲ့။

ဪ ကလေးတွေ အားလုံးက (ဝဖွာ) ရဲ့ အခြေအနေကို မြင်တွေ့ကြပြီး (ဝဖွာ)နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေကို ထည့်ပေးဖို့ ညီညီညွတ်ညွတ် ရှိခဲ့ကြတာကိုး။ ဒါဟာ လူ့အဖွဲ့အစည်းမှာ ရှိတဲ့ ကျွန်တော်တို့ လူကြီးတွေအတွက် အတုယူသင့်တဲ့ စံနမူနာ တခုပါလား။

ကိုယ်က သူ့ထက် ပြည့်စုံနေရင် သူ့ဘက်ကို မျှမျှတတ တွေးပေးတတ်ဖို့ ဥပမာလေး တခုပါလား။ ဒါပေမယ့် ကျနော်တို့မှာ တခုခုဆို ငါပဲ လိုချင်တယ်၊ ငါပဲ ရချင်တယ်၊ ငါအရင်ဦးမှ ဖြစ်မယ် ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေသရွေ့ သာတူညီမျှတဲ့ လူ့အဖွဲ့အစည်း၊ ညီညွတ်မျှတတဲ့ တိုင်းပြည် ဖြစ်ဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေဦးမှာပါပဲ။ Crd

Post a Comment

0 Comments