သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကို အဆုံးသတ်သင့်နေပြီဖြစ်ကြောင်း သတိပေးနေတဲ့လက္ခဏာ (၉) ခု

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတဲ့အခါ နစ်နာလို့၊ ပျော်ရွှင်လို့၊ ဝမ်းနည်းလို့ဆိုပြီး သင့်ကို ဘယ်သူမှ ကူညီမပေးနိုင်ပါဘူး။ အဲဒါကြောင့် ဆက်တွဲသင့်လား၊ လမ်းခွဲသင့်လားဆိုတာကို သင်ကိုယ်တိုင်ပေါ်မှာပဲ မူတည်ပါတယ်။

အဆိပ်အတောက် ဖြစ်စေပြီး အမြဲဝမ်းနည်းနေရရင်တော့ ရှေ့ဆက်ဖို့အတွက် အဆင်မပြေနိင်တော့ပါဘူး။ အဲဒါကြောင့် သင့်တို့ရဲ့အချစ်ရေးကို အဆုံးသတ်သင့်နေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မပျော်ရွှင်ခြင်း

စုံတွဲတွေကြားမှာ စကားများရန်ဖြစ်တာက ဖြစ်နေကျကိစ္စဆိုပေမယ့် အမြဲ မပျော်ရွှင်ရရင်၊ သူနဲ့အတူရှိနေရတာ အဆင်မပြေတော့ရင်၊ ဖိအားများလာရင်၊ ဝန်ထုပ်ဝန်ပိုးဖြစ်လာရင် သင်တို့ဇာတ်လမ်းကို အဆုံးသတ်သင့်နေပါပြီ။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မညာဘဲ မေးခွန်းတွေ ပြန်မေးကြည့်ပါ။ အဲဒီအခါ သင့်အတွက် တိကျတဲ့အဖြေကို ရလာမှာပါ။

၂။ မိမိရဲ့ဖြစ်တည်မှု ပျောက်ဆုံးလာခြင်း

သင်သာ တကယ်စစ်မှန်သူနဲ့ ဆုံတွေ့ရင် သင့်စိတ်ကြိုက်၊ သင့်ဖြစ်တည်မှုအတိုင်း နေထိုင်လို့ ရပါတယ်။ အရူးလုပ်တာ ခံရမှာမဟုတ်သလို အပြစ်ရှိတယ်လို့ ခံစားရမှာလည်း မဟုတ်ပါဘူး။ သင့်ကို တကယ်မချစ်တဲ့သူကြောင့် အမြဲတမ်း အထီးကျန်သလို ခံစားနေရမှာပါ။

၃။ အလွန်အမင်း ထိန်းချုပ်လာခြင်း

သင့်ရဲ့ချစ်သူက အမြဲလိုလို သံသယတွေနဲ့ စုံစမ်းထောက်လှမ်းနေတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ကွယ်ပျောက်လာမှာပါ။ ကိုယ်ပိုင်အချိန်တွေ၊ ဖုန်းတွေ၊ အပေါင်းအသင်းတွေကြား စွက်ဖက်လာပြီး သင့်ကို အမိန့်ဆန်ဆန် ပြောဆိုလာတဲ့အခါ အချစ်ဆိုတာ မရှိတော့ပါဘူး။ အချို့တွေက ချစ်ချင်ယောင်ဆောင်ပြီး တစ်ပါးသူကို အမိန့်ပေးထိန်းချုပ်ချင် ကြပါတယ်။

၄။ အထီးကျန်လာခြင်း

သင်ချစ်နေရသူက သင့်ကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဝေးကွာပြီး သီးသန့်ဆန်အောင် ပြုလုပ်လာရင် အချစ်ရေးမှာ အနီကတ်ပြနေပါပြီ။ တကယ်တော့ သူ့ကိုယ်သူ ယုံကြည်မှု နည်းပါးပြီး အထီးကျန်သလို သင့်ကိုလည်း အထီးကျန်အောင် ပြုလုပ်ချင်နေတာပါ။ သင့်ရဲ့စိတ်အထိပါ ဖိအားတွေ ဖြစ်အောင် လုပ်လာရင်တော့ သေချာပြန်စဉ်းစားသင့်ပါတယ်။

၅။ သဝန်တိုခြင်း

သဝန်တိုတာ ချစ်လို့ပါဆိုပြီး ပေးတဲ့အကြောင်းပြချက်က တကယ်ကို ကလေးဆန်ပါတယ်။ လူအများကြားမှာ သဝန်တိုပြတာ၊ သင့်ကို ထိန်းချုပ်နိုင်ကြောင်း ပညာပြတာ၊ နေရာတကာ အပြစ်လိုက်ရှာတာတွေက သင့်ကိုတကယ်ချစ်လို့ မဟုတ်ပါဘူး။ သဝန်တိုပြတာကြောင့် သင့်အတွက် လူမှုရေးမှာ အရမ်းကို နစ်နာမှာပါ။

၆။ အထင်သေးခြင်း

သင့်ချစ်သူက သင့်ရဲ့အောင်မြင်မှု၊ ကြိုးစားမှုတွေကို ဂုဏ်မပြု၊ အသိအမှတ်မပြုဘဲ အမြဲအထင်သေးနေရင်တော့ နှုတ်ဆက်သင့်နေပါပြီ။ အဲဒီလိုလူတွေ ချီးကျူးမှုတွေကို သူတို့ပဲ အကုန်ရချင်နေတာပါ။ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာကြောင့် သင့်ကိုအမြဲ အထင်သေးနေမှာပါ။

၇။ အနာဂတ်အစီအစဉ်အတွေကို မစဉ်းစားခြင်း

စုံတွဲတွေကြားမှာ စိတ်လုံခြုံမှု ပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ သင့်ဘက်က အနာဂတ်အတွက် အများကြီးစဉ်းစားထားပြီး သူ့ဘက်ကတော့ ခဏတာအတွက်ပဲ စဉ်းစားထားတယ် ဆိုရင်တော့ ရှေ့ဆက်ဖို့အတွက် အဆင်မပြေနိုင်တော့ပါဘူး။ အနာဂတ် အစီအစဉ်တွေအကြောင်း တစ်ခွန်းတစ်လေတောင် စမပြောလာဘူးဆိုရင်တော့ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေ ကြားကနေ ရုန်းထွက်သင့်ပါပြီ။

၈။ သင့်အပေါ် အမြဲအပြစ်ပုံချခြင်း

သင့်ချစ်သူက ဘယ်ကိစ္စပဲဖြစ်ဖြစ် သင့်အပေါ် အမြဲအပြစ်ပုံချတတ်သူဆိုရင် သင့်ရဲ့စိတ်မှာ ဒဏ်ရာတွေ စွဲကျန်ရစ်နေမှာပါ။ သူ့အပြစ်ကို သင့်အပြစ်ဖြစ်အောင် လုပ်ပြီး အမြဲအနိုင်ကျင့်နေမှာပါ။ သူတာဝန်မယူချင်တဲ့အရာတွေကို သင့်အပေါ် ပုံချနေမှာပါ။ အဲဒီလိုလူ ဆိုရင်တော့ ရေရှည်အတွက် ထည့်မစဉ်းစားသင့်သူပါပဲ။

၉။ ဒေါသကြီးပြီး စိတ်လိုက်မာန်ပါပြုလုပ်ခြင်း

လွယ်လွယ်ဒေါသထွက်လွယ်ပြီး လက်ပါတတ်သူက သင့်အပေါ် အမြဲအနိုင်ယူနေမှာပါ။ ရန်ဖြစ်စကားများရင် ကိုယ်ထိလက်ရောက် ပြုမူတတ်တဲ့အကျင့်က ဖျောက်ရခက်ပါတယ်။ သူ့မှာ အခြားဖိအားတွေ ရှိလာရင်တောင် သင့်အပေါ်ကို ရန်ရှာနေနိုင်တာကြောင့် မြန်မြန်နှုတ်ဆက်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments