တခါတုန်းက နွားနို့ သယ်ပို့တဲ့ ကောင်မလေး တယောက်က ဈေးထဲမှာ နွားနို့တွေ ရောင်းဖို့အတွက် နွားနို့အိုးလေးကို ခေါင်းပေါ်ရွက်လို့ လမ်းလျှောက် လာခဲ့တယ်။
ဦးခေါင်းပေါ်မှာ နွားနို့အိုးလေး ရွက်ရင်း လမ်းတလျှောက် နွားနို့ရောင်းပြီး ရတဲ့ ငွေတွေနဲ့ ဘာဆက် လုပ်ရမလဲ ဆိုတာကို စိတ်ကူးယဉ် အိပ်မက်တွေ မက်လာ ခဲ့တယ်။
"အင်း နွားနို့ ရောင်းရတဲ့ ငွေတွေနဲ့ အိမ်နောက်ဖေးက မြေကွက်လပ်မှာ ကြက်ပေါက်လေးတွေ အကောင် ၁၀၀ လောက် ဝယ်မွေး ရမယ်။ သူတို့ ကြီးလာတဲ့ အခါ ငါဈေးမှာ သွားရောင်းမယ်။ အဲဒီအခါ ဈေးမှာ ငါ ပိုက်ဆံတွေ အများကြီးရမှာပဲ"
အဲဒီလို တွေးပြီး ကောင်မလေးက လမ်း ဆက်လျှောက် လာတယ်။ ပြီးတော့ ဆက်ပြီး တွေးပြန်တယ်။ "အဲဒီ ရလာတဲ့ ငွေတွေနဲ့ ငါ ဆိတ်လေး ၂ ကောင် လောက် ဝယ်မွေးမယ်။ သူတို့ ကြီးလာတဲ့ အခါ ငါ ရောင်းထုတ် လိုက်တဲ့ အခါ ငွေတွေ ဒီထက် ပိုရလာမှာပဲ"
စိတ်ကူးယဉ် အိမ်မက်တွေ ဆက်မက်ပြီး ကောင်မလေးလည်း ဆက်ပြီး လျှောက်လာ ခဲ့တယ်။ "မကြာခင်မှာ ငါ နောက်ထပ် နွားတကောင် ဝယ်နိုင်မှာပဲ။ အဲဒီအခါ ငါ နို့တွေ များများ ညှစ်ပြီး ရောင်းနိုင်ဦးမယ် ငွေတွေလည်း ထပ်ရလာ ဦးမယ်"
အဲဒီလို တွေးပြီး ပြုံးပျော်လို့ ကောင်မလေးဟာ ရှေ့က ခဲလုံးလေးကို ခုန်ပြီး ကျော်လိုက်တယ်။ ရုတ်တရက် ဟန်ချက် မထိမ်းနိုင်ဖြစ်ပြီး လဲကျသွားတယ်။ အဲဒီအခါ နွားနို့အိုးလည်း မှောက်ကျ သွားပြီး မြေပြင်ပေါ် နွားနို့တွေ အကုန်လုံး ဖိတ်ကျကုန် ခဲ့တယ်။
အခုဆို ကောင်မလေးလည်း ဆက်ပြီး အိမ်မက် မမက်နိုင် တော့ပါဘူး။ ဝမ်းပန်းတနည်း မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ငိုလိုက် ပါတော့တယ်။
"ဥ မပေါက်သေးခင် ကြက်ဘယ်နှစ်ကောင် ရှိလဲ မရေတွက်ကြည့် ပါနဲ့" ဆိုတဲ့ စကား ရှိပါတယ်။ ရှေ့မှာ ကြိုဖြစ် မလာသေးပဲ စိတ်ကူးယဉ် အိမ်မက် မက်နေခြင်းဟာ လက်ရှိ အနေအထားတွေကိုပါ ပျက်ယွင်းစေ ပါတယ်။
စိတ်ကူးယဉ်တယ် ဆိုတာ လက်တွေ့ မဆန်ပါဘူး။ ပန်းတိုင်ကို လက်တွေ့ကျကျ အကောင်ထည် ဖော်ရပါမယ်။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး Plan လုပ်ရပါမယ်။
လမ်းလျှောက်နေတုန်း စဉ်းစားတဲ့ အခါ နွားနို့အိုး ဖိတ်တာပဲ အဖတ် တင်ပါမယ်။ အမှန်ဆို လက်ထဲမှာ ပိုက်ဆံ ရလာတဲ့ အခါမှ ဆက်စဉ်းစား သင့်ပါတယ်။
တခုခု ဖြစ်မလာသေးခင် စိတ်ကူးနဲ့ ကြိုပြီး မပျော်ထား ပါနဲ့။ မတွက်ချက် ထားပါနဲ့။ တခါတလေမှာ တစုံတခုသော အကြောင်းကြောင့် ကိုယ်မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေလည်း ဖြစ်လာတတ် ပါသေးတယ်။ Crd, Argyi
0 Comments