ယုံကြည်ချက် ပျောက်ဆုံးသွားသူ

တခါက ရွာတရွာမှာ မိတြရှာမ အမည်ရှိတဲ့ ပုဏ္ဏားတဦး နေထိုင်ပါသတဲ့။ ပုဏ္ဏားဟာ ရွာတကာ လှည့်ပြီး ဗေဒင် ဟောပြောခြင်း၊ ရိုးရာဓလေ့အရ ရွတ်ဖတ် ဆုတောင်းခြင်း များကို ပြုလုပ်ပြီး အသက်မွေးတယ်။ တခါတော့ သူဟာ သူဋ္ဌေးကြီး တဦးရဲ့ အိမ်မှာ ရွတ်ဖတ် ဆုတောင်းခြင်း အမှုကို ပြုပါသတဲ့။ အဲဒီလို ရွတ်ဖတ်ပြီးတဲ့ နောက်မှာတော့ သူဋ္ဌေးကြီးဟာ အဖိုးအခ အဖြစ် ဝဖီးတဲ့ ဆိတ်တကောင်ကို ပေးအပ်ခဲ့တယ်။

ပုဏ္ဏားဟာ ဝမ်းသာအားရနဲ့ ဆိတ်ကို ကြိုးနဲ့ ခိုင်မာစွာ တုပ်ဆိုင်း၊ ပုခုံးပေါ်မှာ ထမ်းပြီး အိမ်ကို ပြန်လာခဲ့သတဲ့။ အဲဒီလို ပုဏ္ဏားဟာ ဆိတ်ကို ထမ်းပြီး ပြန်လာတာကို လူလိမ်သုံးယောက်က တွေ့မြင်လိုက် ပါသတဲ့။ ပုဏ္ဏား ကတော့ သူ့အတွေးနဲ့ သူမို့ လူလိမ်တွေကို သတိ မထားမိခဲ့ပဲ ဖြစ်နေခဲ့တယ်။

လူလိမ်တွေဟာ ပုဏ္ဏားရဲ့ဆိတ်ကို လိုချင်တာကြောင့် အချင်းချင်း တိုင်ပြင်ကြ ပြန်တယ်။ အဲဒီနောက်မှာတော့ အကြံအစည် အတိုင်း ပုဏ္ဏား သွားရာလမ်းရဲ့ တော်တော်ဝေးဝေးကို ကြိုတင်ပြီး သွားကြတယ်။ ပြီးတဲ့အခါ တယောက်နဲ့ တယောက် တော်တော်ဝေးဝေး အထိ ခွဲပြီး နေရာယူ စောင့်ဆိုင်းနေ ကြသတဲ့။

အဲဒီလိုနဲ့ ပုဏ္ဏားဟာ လူခြေပြတ်တဲ့ လမ်းခုလတ် တနေရာကို ရောက်လာခဲ့တယ်။ အဲဒီ အခါမှာတော့ လူလိမ် တယောက်ဟာ ရိုးအတဲ့ ရွာသားအသွင်နဲ့ ပုဏ္ဏားနဲ့ မျက်နှာခြင်းဆိုင် ကနေ လမ်းလျှောက် လာခဲ့တယ်။ အဲဒီနောက်မှာတော့ လူလိမ်ဟာ အံ့သြတဲ့ အမူအရာနဲ့ "ပုဏ္ဏားကြီး၊ ခွေးကိုများကို ဘာလို့များ အလေးခံပြီး ကျောပေါ်မှာ ထမ်းလာရတာ တုန်းဗျ" လို့နှုတ်ဆက်တယ်။

အဲဒီအခါ ပုဏ္ဏားက "မင်းမျက်လုံးများ ကန်းနေသလားကွ၊ ငါထမ်းလာတာ ဆိတ်ကွ ဆိတ် ဆိတ်၊ ရူးများ ရူးနေသလား မသိပါဘူး" လို့ ပြန်ပြော လိုက်တယ်။ အဲဒီအခါ လူလိမ်က "ကျွန်တော် မြင်တာကို ကျွန်တော် ပြောတာပါဗျာ၊ ဆရာသမားက မယုံလည်း မတတ်နိုင်ဘူးပေါ့။ စိတ်ဆိုးသွားရင် တောင်းပန်ပါတယ်" လို့ ပြောပြီး ထွက်ခွာ သွားတော့တယ်။

အဲဒီလိုနဲ့ ပုဏ္ဏားဟာ ဆက်လက် ထွက်ခွာလာ ပြန်တယ်။ လမ်းတနေရာ အရောက်မှာတော့ လူလိမ် နောက်တယောက်ဟာ ရိုးသားတဲ့ ထင်းခုတ်သမား အသွင်နဲ့ ထွက်လာ ပြန်တယ်။ "ဟိုးဟိုး ပုဏ္ဏားကြီးက နွားပေါက်စ အသေကောင် ပုပ်ကြီးကိုများအလေးခံပြီး ထမ်းလာ သေးတယ်နော" လို့ နှုတ်ဆက် ပြန်တယ်။

ပုဏ္ဏားလည်း "လာပြန်ပြီ ငကန်းတကောင်၊ ငါထမ်းလာတာ နွားသေကောင်ပုပ် ဟုတ်ဘူးကွ၊ ဆိတ် ဆိတ်။ ငပေါတွေပဲ" လို့ ပြန်ပြောပြန်တယ်။ အဲဒီအခါ လူလိမ်က "နွားပေါက်လေး မြင်ရဲ့သားနဲ့ ဆိတ်တဲ့။ ထားပါလေ ကျွန်တော်မြင်တာ ကျွန်တော် ပြောမိတာပါ။ လွန်တာရှိ ဝန္ဒာမိပါဗျာ။ စိတ်မဆိုးပါနဲ့" လို့ ပြောဆို ထွက်ခွာသွား ပြန်တယ်။

ပုဏ္ဏားဟာ သူ့ခရီးကို ဆက်လက် ထွက်ခွာလာ ပြန်တယ်။ ဒါပေမယ့်လည်း သူဟာ တွေဝေစွာနဲ့ ဒီလိုမျိုး စဉ်းစားနေမိတယ်။ "အင်း တခုခုတော့ တခုခုပဲ။ ငါ့ကျောကုန်းပေါ်က ဆိတ်ဟာ ထူးဆန်း နေတာတော့ သေချာတယ်။ တွေ့တဲ့ မြင်တဲ့ လူတွေတိုင်းက ၊ ခွေးပြောလိုက်၊ နွားပေါက် ပြောလိုက်နဲ့၊ ဒီဆိတ်ဟာ နာနာဘာဝ ဝိနာဘာဝ များဖြစ်နေမလား၊ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ"

ပုဏ္ဏားဟာ အဲဒီလို စဉ်းစားပြီး ဆက်လက် ထွက်ခွာလာပြန်တယ်။ အဲဒီလိုနဲ့ အတော်အတန် ဝေးတဲ့ နေရာကိုလည်း ရောက်ရော တတိယမြောက် လူလိမ်ဟာ ထပ်မံ ထွက်ပေါ်လာ ပြန်တယ်။ သူဟာ ရိုးအ တဲ့ ရွာသားအသွင်နဲ့ ပုဏ္ဏားကို နှုတ်ဆက်ပြန်တယ်။ "ဟားဟား ပုဏ္ဏားကြီးတို့များ မြည်းကို ထမ်းလာပုံက လူရယ်စရာကြီး ပဲဗျ။ ဘာလို့များ မြည်းကို ထမ်းလာရတာတုန်းဗျ"

အဲဒီလို နှုတ်ဆက်စကားကို ကြားတဲ့ အခါမှာတော့ ပုဏ္ဏားဟာ ဘာမှ ပြန်ပြောနိုင်တော့ပဲ။ "သေချာပြီ နာနာဘာဝ တကောင်က ငါ့ဂုတ်ပေါ် ခွစီးနေပြီ ကယ်ကြပါအုံးဗျ" လို့ အော်ဟစ်ပြီး ကျောပေါ်က ဆိတ်ကို ဘုန်းခနဲ ပစ်ချကာ တချိုးတည်း ထွက်ပြေးခဲ့ပါသတဲ့။ အဲဒီအခါမှာတော့ လူလိမ်သုံးယောက်ဟာ ပုဏ္ဏားရဲ့ဆိတ်ကို ကောက်ယူ ပြီး အိမ်ကို ရောက်တဲ့အခါ ပျော်ရွှင်စွာနဲ့ ချက်ပြုတ် စားသောက် ကြပါသတဲ့။

ဒီပုံပြင်ကတော့ အိန္ဒိယရိုးရာ ပန်ချက်တန်တရ ပုံပြင်တွေထဲက တပုဒ်ပဲ ဖြစ်ပါတယ်။ ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြတဲ့အရာတွေ ရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေဟာ ပုံပြင်ထဲက ပုဏ္ဏားလို့ ဖြစ်နေတတ်ကြ ပြန်တယ်။ ပုဏ္ဏားလိုပဲ မိမိရဲ့ အောင်မြင်မှု၊ ရရှိတဲ့ ဆုလာဘ်ကို ဝမ်းသာအားရ ပိုက်ထွေး ကျေနပ်နေလေ့ ရှိကြပြန်တယ်။

ပုဏ္ဏားဟာ ဆိတ်ကို ပုခုံးပေါ် ထမ်းပြီး အိမ်ကို ဝမ်းသာအားရ ပြန်လာသလို ကျွန်တော်တို့တွေ ဟာလည်း မိမိရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုတွေကို ကျေနပ်ပီတိ ဖြစ်နေတတ် ကြတယ်။ ဒါပေမယ့်လည်း လူလိမ်နဲ့ တူတဲ့ မိမိရဲ့ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ချင်သူ၊ မိမိအပေါ် အခွင့်အရေးယူ စားသောက်ချင်သူ တွေလည်း ရှိနေတတ် ကြပါသေးတယ်။

အဲဒီလို သူတွေဟာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုတွေကို သိမြင်ရက်၊ မမြင်ဟန်၊ မသိဟန် ပြုပြီး အရေးမကြီးလေဟန်၊ အရာမရောက် လေဟန် ပြောဆိုပြီး မိမိကိုယ်ကို ယုံကြည်မှုကို ပျက်ပြားစေကြ ပြန်တယ်။ အဲဒီလို အခိုက်အတန့်မှာတော့ ပုဏ္ဏားဟာ ဆိတ်ကို တစ္ဆေ ထင်သလို၊ မိမိရဲ့ အောင်မြင်မှုဟာ အလကား၊ အချည်းနှီးအဖြစ် ထင်မြင်လာတတ် ကြပြန်တယ်။ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတတ် ကြပြန်တယ်။

သူတပါးရဲ့ ပြောစကား မှာသာ ယုံကြည်ပြီး မိမိရဲ့ ယုံကြည်ရာ ပန်းတိုင် ပျောက်ဆုံးကြ ပြန်တယ်။ ပုဏ္ဏားဟာ ဆိတ်ကို လွှင့်ပစ်သလို၊ မိမိရဲ့ နဂိုရည်မှန်းချက် ကိုတောင်မှ တစ္ဆေတကောင်လို ကြောက်ရွံ့ စွန့်ပစ်တတ်ကြတယ် လို့ ဆိုတယ်။ ဆိတ်ကို ဆိတ်လို့ ယုံကြည်မှု ပျောက်ဆုံးသလို မိမိလုပ်ရပ်၊ မိမိရည်မှန်းချက်၊ မိမိအောင်မြင်မှု မှန်ကန်နေပါလျက် သူတပါး စကားကြောင့် တွေဝေ တတ်ကြ ပြန်တယ်။

"No matter how good a person you are, there will always be someone criticizing you" ဆိုတဲ့ စကားလို သင်ဘယ်လောက်ပဲ ကောင်းတဲ့လူ ဖြစ်နေပါစေ ဝေဖန်မယ့်သူ ကတော့ အမြဲတမ်း ရှိစမြဲပဲ ဖြစ်တယ် လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာလည်းပဲ ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားနေပါစေ၊ ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ ဘယ်လောက်ပဲ ဖြောင့်မတ် မှန်ကန်နေပါစေ ဝေဖန်ကဲ့ရဲ့သူ ကတော့ ရှိနေဦးမှာပဲ ဖြစ်တယ်။ တကယ်တော့ ဘယ်သူတွေ ဘာပဲပြောပါစေ ကိုယ့်ဆိတ်ကို ထမ်းပြီး အိမ်ရောက်အောင် ပြန်ဖို့သာလျှင် ပဓါနပဲ ဖြစ်ပါတယ်။ ယုံကြည်ချက်များ ခိုင်မာကြပါစေ။ ဖြိုးသုတ

Post a Comment

0 Comments