လူ့ကန့်လန့်များ

တခါတုန်းက ရွာတရွာမှာ သူဌေးကြီး တဦးရှိတယ်။ သူဌေးကြီးဟာ သူရွာက လူငယ်ရွာသားတွေ ထဲက ဉာဏ်ရည်ထက်မြတ်သူ ဘယ်လောက် ရှိသလဲ လို့ စမ်းသပ်ဖို့ အတွက် အစီအစဉ်တခုကို အကောင်ထည် ဖော်လိုက်တယ်။ အစီအစဉ် အရ ရွာလည်က မြေကွက်လပ်ကြီးမှာ ဝါးလုံးတိုင် တတိုင်ထူပြီး ဝါးလုံးဖျားမှာ အဖိုးတန် ပစ္စည်းတွေ ချိတ်ဆွဲထား လိုက်တယ်။

ပြီးတော့ ရွာထဲက လူငယ်တွေကို ခေါ်လိုက်ပြီး "ကိုင်း ငါ့လူတို့၊ ဒီဝါးလုံးတိုင်ပေါ်ကို ဖက်လည်း မတက်ရဘူး၊ လှဲလည်း မလှဲရဘူး မင်းတို့နည်း မင်းတို့ဟန်နဲ့ ဝါးလုံးဖျားမှာ ချိတ်ထားတဲ့ အဖိုးတန် ပစ္စည်းတွေကို ရအောင် ယူကြပေတော့" လို့ သူဌေးကြီးက ပြောလိုက်တယ်။

ရွာထဲက လူငယ်တွေ စုရုံး ရောက်ရှိလာကြပြီး ဝါလုံးတိုင် ထိပ်က ပစ္စည်းတွေကို ဘယ်လိုယူကြမလဲ ကြံဆကြတာပေါ့။ ဒါပေမယ့် တိုင်ကိုလည်း ဖက်မတက်ရ၊ လှဲလည်း မယူရ ဆိုတော့ အကြံအိုက်ကုန် ကြတယ်။

အဲဒီအချိန်မှာ မောင်ဉာဏ ဆိုတဲ့ လူငယ်တယောက် ရောက်လာပြီး သူဌေးကြီးကို မေးတယ်။ "ဦးကြီး တိုင်ကို ဖက်လည်း မတက်ရဘူး၊ လှဲလည်း မလှဲဘူး ဒါပေမယ့် တိုင်ကိုတော့ ချွတ်ခွင့် ပြုနိုင်မလား" လို့ မေးလိုက်ပါတယ်။

သူဌေးကြီးဟာ လူငယ်ရဲ့ စကားကြောင့် ခဏတော့ အံဩမှင်တက် သွားတယ်။ ပြီးတော့မှ "ရပါတယ် တိုင်ကိုတော့ ချွတ်ချင် ချွတ်ပါ၊ ဒါပေမယ့် လှဲချယူလို့တော့ မဖြစ်ဖူးနော်။ ချွတ်ပြီးရင်လည်း ဒီအတိုင်း ထောင်လျက် အနေအထား ကနေပဲ ရအောင် ယူရမယ်" လို့ ပြောတယ်။

မောင်ဉာဏလည်း ဝမ်းသာအားရနဲ့ ဝါလုံးတိုင်ကို ချွတ်ယူလိုက်တယ်။ ပြီးတော့ ထောင်လျက်ပဲ သယ် မ ထုတ်လိုက်ပြီး မလှမ်းမကမ်း ရှိ ရေတွင်းဆီ အပြေးအလွှား ယူသွားတယ်။ ပြီးတော့ ဝါးလုံးကို ရေတွင်းထဲ ဖြည်းဖြည်းချင်း ချလိုက်ပြီးမှ ဝါးလုံးဖျားကို မှီလောက်တဲ့ အခါမှာ ဝါးလုံးဖျားမှာ ချိတ်ဆွဲထားတဲ့ ပစ္စည်း တွေကို တခုစီ ဖြုတ်ယူလိုက် ပါတယ်။

သူဌေးကြီးနဲ့ တချို့သော လူတွေဟာ မောင်ဉာဏရဲ့ ဉာဏ်ကောင်းပုံကို လက်ခုပ်လက်ဝါး တီးပြီး အသိအမှတ် ပြုကြပေမယ်။ တချို့သော လူတွေက ဒါဘာဆန်းလို့လဲ၊ သူလုပ်ပြတာ အထင်ကြီးစရာ မရှိပါဘူး၊ အစထဲက ဝါးလုံးကို ချွတ်ယူလို့ ရတယ်လို့ ပြောရင် ငါတို့လည်း လုပ်လို့ရတာပေါ့ ဆိုပြီး မနာလိုစိတ်နဲ့ အပြစ်တင် ပြောဆိုကြတယ်။

ဒီစကားကို ကြားတဲ့ သူဌေးကြီးဟာ လူတစုဘက်ကို လှည့်လိုက်ပြီး "ဒီမှာ မောင်ရင်တို့၊ သူများဒါလုပ်လို့ ဖြစ်တယ်ဆိုတော့မှ ငါလည်း လုပ်နိုင်တာပေါ့ ဆိုကတည်းက မောင်ရင်တို့ဟာ ဦးဆောင်သူ မဟုတ်တော့ဘူး။ နောက်လိုက်တွေပဲ ဖြစ်တယ်။ နောက်လိုက်မှ ဖြောင့်ဖြောင့် လိုက်တဲ့သူတွေ မဟုတ်ဘူး။ ကန့်လန့် တိုက်သူတွေပဲ။

ပြီးတော့ အစထဲက သူ့လို မောင်ရင်တို့ အမေးအစမ်း ရှိခဲ့လို့လား။ သူက ဖြစ်နိုင်တဲ့ နည်းလမ်းကို အရင်ကြံဆ ကြည့်ပြီးမှ ဝါလုံးကို ချွတ်ယူလို့ရလား မေးတယ်။ ရတယ် ဆိုတော့မှ သူကြံထားတဲ့ နည်းလမ်းအတိုင်း သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ထဲက ရအောင် ယူသွားတယ်။

သူ့လို စိတ်ကူး စိတ်မှန်း မရှိလို့ ကိုယ်မလုပ်နိုင်ခဲ့ရင်လည်း သူလုပ်ပြသွားတာကို ကောင်းမွန်စွာ ကြည့်ကာ နည်းနာယူကြပြီး နောက်လိုက်ကောင်း ဖြစ်အောင် ကျင့်ကြံကြပါလားကွယ်။ သူ့ကို ရှုံ့ချပြီး ကန့်လန့်တိုက် စကားပြောတယ် ဆိုတာကတော့ ကိုယ့်ရဲ့ ယုတ်မာစိတ်ကို လူသိအောင် ချပြသလို ဖြစ်နေတော့မှာပေါ့။ ရှက်စိတ် ကလေးတော့ ရှိကြပါကွယ်" လို့ ပြောလိုက်ပါတော့တယ်။

မှန်ပါတယ် ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်သူက ဦးဆောင်လုပ်တာကို အားမပေးချင် နေပါ၊ သူလုပ်နေတာကို အနှောင့်အယှက် ဖြစ်အောင် ကန့်လန့်တိုက်ပြီး အပြစ်ပြောတတ်တဲ့ လူ့ကန့်လန့်တော့ မဖြစ်ပါစေနဲ့။ သူကြိုးစားလို့ အောင်မြင်သွားတာကို ထောက်ခံပေးလိုက်ပါ၊ သဘောတူ ပေးလိုက်ပါ၊ ဝမ်းသာ ပေးလိုက်ပါ။

ရှေ့က သွားခိုင်းလို့လည်း မရ၊ နောက်က နေခိုင်းလို့လည်း မရ၊ နေရာတကာ ဘေးကနေပြီး ကန့်လန့် တိုက်နေတဲ့ လူ့ကန့်လန့်တော့ မဖြစ်ပါစေနဲ့။ သူတပါး အောင်မြင်တာကို ဝမ်းမသာနိုင်ပဲ ဘေးကထိုင်ပြီး မနာလို ဖြစ်နေသူအတွက် တသက်လုံး ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သူများအောင်မြင်တာကို ကြည့်ပြီး မနာလိုစိတ်တွေ တဖွားဖွားဖြစ်ကာ အဲဒီစိတ်နဲ့ပဲ ပူလောင်မှုဆင်းရဲကို ခံစားနေရမှာပါ။

တကယ်တော့ မနာလိုခြင်း ဆိုတာဟာ သူတပါး အောင်မြင်တာကို မကြိုက်တာပါ။ ဒီမနာလိုခြင်းကို မုဒိတာနဲ့ နှိမ်နင်း နိုင်အောင် ကြိုးစားရပါမယ်။ ဒီလိုမှ မဟုတ်ရင် တသက်လုံး လူ့ကန့်လန့် အဖြစ်နဲ့ပဲ နေသွားရတော့မှာပါ။ Crd

Post a Comment

0 Comments