တခါတုန်းက ရှင်ဘုရင်တပါးနှင့် သူ၏ မိဖုရားကြီးတို့ အတူ စံမြန်းနေကြစဉ် လမ်းပေါ်တွင် ပင်ပန်းကြီးစွာ ထင်းထမ်းပြီး လှည့်လည် ရောင်းချနေသော အဖိုးတယောက်ကို မြင်သည်။ ရှင်ဘုရင်က ကရုဏာ သက်လှသည့်ပြင် စိတ်ဝင်စားသောကြောင့် ခေါ်ယူ မေးမြန်းသည်။
အဖိုးမှာ ပင်ပန်းလွန်းသောကြောင့် အိုစာလှသည် မှန်သော်လည်း အသက်မှာ ရှင်ဘုရင်နှင့် သက်တူ ဖြစ်ကြောင်း သိလိုက်ရသည်။ ဆက်လက် မေးမြန်းလိုက်သောအခါ အသက်တူရုံ မျှသာမက မွေးနေ့မွေးရက်မှ စ၍ အားလုံး တူနေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်မိသည်။
ဤသို့ မွေးနေ့၊ ခုနှစ်၊ သက္ကရာဇ်ပါ တူနေပါလျက် တဦးက ရှင်ဘုရင် တဦးမှာ ဘာကြောင့် ဤမျှ ဆင်းရဲနေရသည်ကို အံ့သြမိကြောင်း ရှင်ဘုရင်က ပြောလိုက်သောအခါ မိဖုရားကြီးက အသက်အရွယ် ငယ်သေးသည့် အားလျော်စွာ ဇနီးဖြစ်သူ လိမ်လိမ်မာမာ မရှိသောကြောင့် ဤမျှ ဆင်းရဲဟန် ရှိကြောင်း မှတ်ချက် ချလိုက်မိသည်။
ဤတွင် ရှင်ဘုရင်က ပြင်းစွာ အမျက် ထွက်သွားသည်။ ဤကဲ့သို့ မင်းစည်းစိမ် ခံစားနေနိုင်ခြင်းသည် ပင်လျှင် မိဖုရား လိမ္မာသောကြောင့်ဟု ယူလိုက ယူနိုင်သည့် စကားဖြစ်နေသည်ကိုး။ ထို့ကြောင့် မယားကောင်းကြောင့် လင်ဖြစ်သူက ချမ်းသာကြီးပွါး နိုင်ပါသည် ဆိုလျှင် သင်မိဖုရားအား ယခုပင် ထင်းထမ်း အဖိုးအိုနှင့် ပေးစားလိုက်ပြီး အဖိုးအိုနှင့် လိုက်သွားပေရော့ ဟု နန်းတော်မှ နှင်ထုတ်လိုက်သည်။
မိဖုရားလည်း မနေသာတော့ပြီ၊ ထင်းထမ်းအဖိုးအို နောက်က လိုက်သွားရသည်။ ထင်းထမ်း အဖိုးအို၏ အိမ်သို့ ရောက်သော်အခါ ဇနီးသည် အဖွားအို ကပါ မိဖုရားကြီးအား သူတို့မှာလည်း သားသမီး မရှိကြသည်နှင့် သမီးအဖြစ် သဘောထားကြောင်း၊ စိတ်ချမ်းသာစွာ နေဖို့အကြောင်း အားပေးစကား ပြောကြသည်။
မိဖုရားလည်း အဖိုးအိုနှင့် အဖွားအိုကို မိအိုဖအို သဖွယ် သဘောထားလိုက်သည်။ သူတို့မောင်နှံ နေထိုင်စားသောက်ပုံ တို့ကို သေချာလေ့လာကြည့်လိုက်သောအခါ ဟင်းသီး ဟင်းရွက်ကအစ ဝယ်ယူ စားသောက်နေကြကြောင်းကို တွေ့လာရသည်။ ထို့ကြောင့် မိဖုရားက အိမ်နောက်ဖေး ဈေးဆိုင်တည် သလို ခြံထဲတွင် ဗူး၊ ဖရုံ၊ သခွား၊ စသည်တို့အားဖြင့် ဟင်းသီး ဟင်းရွက်တို့ကို အဖိုးအို၏ အကူအညီနှင့် စိုက်ပျိုးသည်။
နီးနားဝန်းကျင်တွင် ရှိသော ကလေးငယ်များအား ခေါ်ငင်ပြီး စာသင်ပေးသည်။ ဤသို့အားဖြင့် ကလေးငယ်များက စိုက်ခင်းကို ရေလောင်းပေါင်းသင် လုပ်ပေးကြသည်။ အိမ်အတွက် စားရန် လုံလောက်သည့် အပြင် ပိုမိုလာသော ဟင်းသီးဟင်းရွက်များကို သေချာ ပြင်ဆင်၍ အဖွားအိုအား ဈေးသို့ သွားပြီး ရောင်းစေသည်။ ထို့ကြောင့် ရရှိလာသော ငွေကြေးလေးများကို ကျစ်ကျစ်ပါအောင် စုဆောင်းစေသည်။
အစစအရာရာတွင် စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လေရာ အတန်ကြာသော် လှည်းနွားတို့ကို ဝယ်ယူနိုင်လာသည်။ ထိုအခါတွင် ထင်းကို ပိုမိုများပြားစွာ ရောင်းနိုင်သောကြောင့် ပိုပြီး စီးပွါး ဖြစ်လာသည်။ ထင်းကို ရောင်းခြင်းထက် မီးသွေး ဖုတ်ပြီး ရောင်းနိုင်လျှင် ပိုပြီး အကျိုးအမြတ် ထွန်းကြောင်းကို သိလာသောအခါ အဖိုးအိုအား မီးသွေးဖုတ်ပြီး ရောင်းပြန်စေသည်။
ဤသို့ဖြင့် တနေ့သော် တောင်စောင်းတခု၌ ထင်းများကို မီးသွေးဖုတ်ပြီး မီးသွေးကောက် သောအခါ ပြောင်ပြောင် လက်လက် အတုံးအခဲလေး များကို တွေ့ရသည်နှင့် အဖိုးအိုက ယူလာပြီး သမီးဖြစ်သူ မိဖုရားအား ပြသည်။ မိဖုရားက ရွှေဖြစ်ကြောင်းကို သိသည်နှင့် ထိုတောင်စောင်းကို အထပ်ထပ် မီးတိုက်စေသည်။
ဤသို့အားဖြင့် ရွှေတုံးအတော် များလာသည့်အခါ လှည်းနှင့် တိုက်ပြီး ဘုရင်မင်းမြတ်အားသွားရောက် ဆက်သစေသည်။ အဖိုးအို၏ လျှောက်ထားချက်အရ အကြောင်းစုံကို သိရသောအခါ ဘုရင်မင်းမြတ်လည်း မိဖုရား၏ အလိမ္မာတရားကို နှစ်သက်မိသည် ဖြစ်၍ မိဖုရားကြီး အဖြစ် ရှေးကအတိုင်း မြှောက်စားတော် မူသည်။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ပုံပြင်လေးကို အနှစ်ချူပ်လိုက်သော်
၁။ မိဖုရား၏ သတ္တိ ဖြစ်သည်။ မိမိ ကြုံလိုက်ရသည့် လောကဓံကြီးမှာ ကြောက်ခမမ်း လိလိ ဖြစ်ပါသည်။ အတော်အတန် မိန်းမမျိုးဆိုလျှင် ရူးသွားလောက်သည့် အပြောင်းအလဲ ဖြစ်ပါသည်။ ဖြစ်လာသည့် အခြေအနေကို မတုန်မလှုပ် လက်ခံပြီး ရင်ဆိုင် လိုက်နိုင်ခြင်း ဖြစ်သည်။ တိမ်းရှောင်လို့ မရနိုင်သည့် လောကဓံကို သွေးအေးအေးနှင့် လက်ခံတတ်ဖို့ သတ္တိမှာ လွယ်လှသည်တော့ မဟုတ်၊ သို့သော် မိမိစိတ်ကို ကိုးစား အားတင်းရမည်သာ ဖြစ်ပါသည်။
၂။ အဖိုးအဖွားလင်မယားတို့၏ ယိုကွက် ဟာကွက်များကို သေချာလေ့လာပြီး ယိုပေါက်ဟာပေါက် မရှိရအောင် ပြုပြင်လိုက်ခြင်း ဖြစ်သည်။
၃။ ယိုပေါက် ဟာပေါက်များကို ပိတ်ဆို့ပြီးသည်နှင့် နောက် တဆင့်ပြီး တဆင့် တက်လမ်းကို ရှာနိုင်ခြင်း ဖြစ်သည်။
၄။ ရွှေကို တွေ့လိုက်ခြင်းမှာ ကံလို့ပဲ ဆိုဆို၊ တိုက်ဆိုင်မှုလို့ပဲ ဆိုဆို၊ ဘဝအတွက် ကြီးမားသော အပြောင်းအလဲ ဖြစ်သွားစေသည်။ ပုံပြင်မို့ ရွှေကိုတွေ့အောင် ဖန်တီးလိုက်သည်ဟု ဆိုချင် ဆိုကြပေမည်။ သို့သော် တကယ့် ကျွန်တော်တို့ဘဝတွင်လည်း ပုံပြင်ထဲကလို ရွှေတောင်ကို တွေ့နည်းမျိုး ကြုံကြရတတ်ပါသည်။
ဆိုလိုသည်မှာ အခွင့်အရေး ကောင်းတခုကို လူတိုင်း ကြုံနိုင်ပါသည်။ ကြုံလာလိုက်သည့် အခွင့်အရေးကို ဖမ်းပြီး အသုံးချလိုက် နိုင်သော စွမ်းရည်ကတော့ လူတိုင်းမှာ ရှိချင်မှ ရှိပါလိမ့်မည်။ ရရှိလာတဲ့ အခွင့်ရေး ကောင်းတွေကို ကောင်းစွာ အသုံးချတတ် ကြပါစေ။ crd, phoomyatchal
0 Comments