သားသမီးအလိမ္မာ

ကျွန်တော်က ယောက္ခမအိမ်မှာ လိုက်နေရသည့် သမက်တယောက်ပေါ့။ တနေ့မှာတော့ ဇနီးသည်ဟာ သားဖြစ်သူကို ရိုက်ပြီး ပါးစပ်ကလည်း စကားတွေ တတွတ်တွတ်နဲ့ ပြောနေရှာ ပါတယ်။ သူမရဲ့ ဖခင်ကြီးက ကြားတော့ အခန်းထဲမှ ထွက်လာပြီး "ဟဲ့ ဟဲ့ သမီး၊ ဘယ့်နှယ် မြေးလေးကို တအား ရိုက်နေရတာလဲကွယ်"

"ဒီလိုပါ အဖေ၊ သမီး ရေချိုးသွားတဲ့ အချိန် မှန်တင်ခုံပေါ်မှာ ပိုက်ဆံလေး တထောင်တန် တရွက် ချထားခဲ့တယ်။ ဒီနားမှာလည်း သူတယောက်ထဲပဲ ရှိတာ။ မေးတော့လည်း မယူဘူးပဲ အတင်းငြင်းပြီး လိမ်နေတယ်။ ဒီငွေကို သူမယူလို့ ဘယ်သူ ယူမှာလဲ အဖေရဲ့။ ဒါနဲ့ ရှာလိုက်တော့ သူ့ဆီက တွေ့တယ်အဖေ"

ဖြစ်ကြောင်းကုန်စင်ကို သေချာ သိလိုက်ရတဲ့ အဖေက သူ့သမီးကို ခုလို ဆုံးမစကားလေး ပြောပါတယ်။

"သမီးရယ်၊ မြေးလေးကို ခုလို ရိုက်လိုက်တော့ လိမ်မာသွားရောလား။ ဒီမယ် သမီး၊ မိခင်နဲ့ ဖခင် ဆိုတဲ့ စကားဟာ သူ့မှာ အဓိပ္ပါယ် ရှိတယ်။ မိခင်ဆိုတာ မိမိရရ ထိထိမိမိ ကြင်ကြင်နာနာ ခင်ခင်မင်မင်နဲ့ သားသမီးကို လိမ္မာအောင် သွန်သင် ဆုံးမရမယ်။ ဖခင်ဆိုတာ ဖေးဖေးမမ နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင် ဖြစ်အောင် သားသမီးတွေကို လမ်းပြ နေထိုင်နိုင် ရတယ်။

သားသမီး တယောက်က မိဘတယောက်ကို ချစ်တာနဲ့ ကြောက်တာ မတူဘူးနော် သမီး။ ကြောက်တယ်ဆိုတာ တိရစ္ဆာန်မိုလို့ ကြောက်တာ။ ဒီတော့ သမီးအနေနဲ့ ကိုယ့်ကိုယ်ကို တိရစ္ဆာန်တကောင် အဖြစ်ခံမလား။ သားသမီးက ကြောက်တယ် ဆိုတာထက် ချစ်တတ်အောင် သင်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ ကြောက်ရင် လိမ်တဲ့အဆင့်ထိ ရောက်သွားတတ်တယ်နော် သမီး။

လိမ်ပါများတော့ မယုံကြည်ခြင်းတွေ သံသယစိတ်တွေ ဝင်လာမယ်။ လောကမှာ မိဘက သားသမီးကို မယုံ၊ သားသမီးက မိဘကို မယုံကြည်။ ဇနီးသည်က ခင်ပွန်းကို မယုံ၊ ခင်ပွန်းသည်က သူ့ဇနီးကို မယုံကြည်။ ဆရာက တပည့်ကို မယုံ တပည့်က ဆရာကို မယုံကြည်။

ဈေးဝယ်သူက ဈေးရောင်းသူကို မယုံ ဈေးရောင်းသူက ဈေးဝယ်သူကို မယုံကြည်။ အစိုးရက ပြည်သူတွေကို မယုံ၊ ပြည်သူတွေက အစိုးရကို မယုံကြည်တော့ဘူး ဆိုရင် ဒီမယုံကြည်ခြင်း တွေရဲ့ နောက်ကွယ်မှာ သံသယစိတ်တွေ ပါလာပြီး နောက်ဆုံး မလိုလားအပ်တဲ့ ပြဿနာတွေ များစွာ ဖြစ်နိုင်တယ်။ သတိထားပါ သမီး။

ဒါကြောင့် ဘယ်အရာကိုမှ မလိမ်မိစေနဲ့။ ဟန်မဆောင်မိစေနဲ့။ ရိုးသားပွင့်လင်းစွာ ပြောဆိုပါ။ ငါ့မြေးလေးကို မရိုက်ပဲ သမီးက ခုလိုလေး ပြောကြည့်ပါလား၊ သားလေးရေ ဒီနားမှာ မေမေ ငွေလေးတထောင် ချထားတယ်။ သားသား မမြင်မိဘူးလား။ သူက မသိအောင် ယူထားတယ်လို့ သမီးရဲ့စိတ်ထဲမှာ ထင်နေရင် သားလေးရေ ဒီပိုက်ဆံဟာ သားလေး ကျောင်းသွားရင် မေမေက မုန့်ဖိုးပေးဖို့ ချထားတာနော်။

အဲဒီအခါ သားလေးက ပြောလာမယ်။ ဟုတ်ကဲ့ မေမေ သားလေ မေမေ မသိအောင် ယူထားမိတယ်လို့ ဖြေမယ်။ ဒီတော့မှ သားကို ခုလို ဆုံးမပါ။ သားလေး နောက်ဆို မေမေ မသိပဲ သူများပစ္စည်းတွေကို မကိုင်ရဘူးနော်။ မယူရဘူးနော်။

သူတပါး ပစ္စည်းကို ယူရင် ငရဲကြီးတတ်တယ်။ မေမေက သားလေး ငရဲကျမှာ မလိုလားလို့ပါ ဆိုပြီး အပြစ်ပြပြီး ဆုံးမလိုက်ရင် နောက်ဆို ဒီမြေးလေးဟာ လိမ်ပါ ဆိုလို့ မလိမ်တော့ပဲ ကြီးတဲ့အထိ လိမ္မာသွားနိုင်တယ်နော်။ အဖေပြောတာ လက်ခံရဲ့လား သမီး" "ဟုတ် လက်ခံပါတယ် ဖေဖေ"

"နောက်ကို မှတ်ထား သမီး၊ ကိုယ့်ရဲ့ သား သမီးကို ကောင်းစေချင်ရင် ဘယ်တော့မှ လူတွေကြားထဲမှာ သားသမီးကို မငေါက်မိစေနဲ့။ အပြစ်မပြောမိစေနဲ့။ မရိုက်မိစေနဲ့။ သူတို့ကို လိမ္မာစေချင်ရင် ကိုယ်ဖြစ်ချင်တဲ့ ပုံစံလေးတွေကို မိဘနဲ့ သားသမီး နှစ်ယောက်ထဲ ရှိတဲ့ အချိန်ကြမှ မေတ္တာစိတ်နဲ့ ဆုံးမပေးပါ။

နောက်ပြီး လူတွေရဲ့ ရှေ့မှာ ဒီသား ဒီသမီးတွေ လိမ္မာတဲ့ အကြောင်း တော်တဲ့ အကြောင်းလေးတွေ များများ ပြောပေးပါ။ ဒါဆို သူတို့ အမြဲတမ်း လိမ္မာသွားလိမ့်မယ် သမီး"

"ဟုတ်ကဲ့ပါ ဖေဖေ။ သမီး ကိုယ့်စိတ်ကို မထိန်းမိပဲ သားလေးကို ကြောက်အောင် ရိုက်မိတယ်။ နောက်ဆို သတိထားပြီး ဆုံးမပါ့မယ် ဖေဖေ"

ကျွန်တော်လည်း ဘေးနားက နားထောင်ပြီး ငိုနေတဲ့ သားလေးကို ရင်ခွင်လေးထဲ ထည့်၍ နှစ်သိမ့်ပေးနေမိပါတယ်။ စိတ်ထဲက နေပြီး အဖေ့ရဲ့ ဆုံးမ စကားလေးတွေ အပေါ်မှာ သဘောကျ နှစ်သက်ပြီး ချီးကျူးမိပါသည်။

လောကထဲရှိ မိခင် ဖခင်များအားလုံး ရတနာ ထိုက်သော သားကောင်း ရတနာ သမီးကောင်း ရတနာများ ပိုင်ဆိုင်နိုင်ကြပါစေ။ CRD ရာဟုလာ နှလုံးသား နော်ဂဲလယ်ထူး စာပေပရဟိတ

Post a Comment

0 Comments