ကျနော် နမ်းလို့ မဝသေးတဲ့ ပါးတခြမ်း

ကျနော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီလို့ ပြောတော့ ကျနော် မြန်မာ ဗီဒီယိုကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျှောက်ပြေး ဒီလျှောက်ပြေး၊ ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး။ မိန်းမက လည်း သူကိုယ်ဝန် ရှိနေတာကို ရုပ်ရှင်ထဲကလို နား နားကပ်ပြီး မပြောပါဘူး။

ကြေးအိုးဆိုင်မှာ ကြေးအိုးစားရင်း ပလုပ်ပလောင်းနဲ့ ပြောတာ။ ကိုယ်ဝန်ရှိနေပြီ ထင်တယ်တဲ့ ကျွန်တော်လည်း ဟုတ်လား ပျော်စရာကြီးပေါ့ လို့ ပြောလိုက်တယ်။ ဒီလောက်ပါပဲ။

အာထွာဆောင်း ရိုက်ကြည့်တော့ သမီးလေးလို့ သိရတယ်။ ငါ သမီးလေး ရတော့မယ်၊ ကလေး အဖေ ဖြစ်တော့မယ်၊ ဒီထက်ကြိုးစား ရတော့မယ် ဆိုတဲ့ အသိတော့ ရှိလာတာ အမှန်ပဲ။

သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာ မွေးတာ။ မိန်းမ မွေးခန်း ဝင်တော့ စိတ်တော့ပူသား။ မိန်းမ နေကောင်းဖို့နဲ့ သမီးလေး ကောင်းကောင်းမွန်မွန် ဖြစ်ဖို့ ရုပ်ရှင်ထဲက ကလေးအဖေတွေလို ဆပ်ပြာသည် လင်ပျောက်သလိုတော့ မဖြစ်ပါဘူး။

မွေးခန်း ထဲက နပ်စ်မက ဘေဘီ ချောစုဝင်း ရှိလားတဲ့။ ဒီ နပ်(စ်)မ က ငါ မိန်းမကို ဘေဘီလို့ ခေါ်တာ သူဘယ်လိုများ သိသွားသလည်းပေါ့။ "ဟုတ် ကျွန်တော်ပါ" ပေါ။ "ရော့ မွေးခန်း အသုံးစာရိတ် ဘောက်ချာ ကလေးရော လူကြီးရော ကျန်းမာပါတယ်" တဲ့။

ကလေးကို အရင် မပြသေးဘူး၊ ဘောက်ချာ အရင်ပြတာ။ ဘောက်ချာကြည့် လိုက်တော့ ၅ သိန်း ကျတယ်။ "ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေး ပါလား" ဆိုပြီး ငွေ သွားသွင်း ရတယ်။ ငွေသွင်းပြီးတော့မှ ကလေးကို ပြတာ။ ငွေသာ မသွင်းရင် ကလေးကို ပြန်ပေးဆွဲမယ့် သဘော ရှိတယ်။

သမီးလေး မြင်တော့ အော် ငါ ကလေးအဖေ ဖြစ်ပြီ၊ ငါ သမီးလေး တယောက်ရပြီပေါ့။ ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါ လို့ ကလေးဆေးရုံကြီးကို တင်ရတယ်။ ကလေးတွေ နေမကောင်းဖြစ်ရင် ကိုယ်သာ ဖြစ်လိုက်ချင်တယ်။

မိန်းမ က ရွှေဂုံတိုင် ဆေးရုံမှာ၊ သမီးက ကလေး ဆေးရုံကြီးမှာ။ ကျွန်တော်က သမီးလေး တက်တဲ့ ကလေးဆေးရုံ လိုက်သွားလိုက်တယ်။ ယောက္ခက သူ့သမီးကို စိတ်ပူ၊ ကျွန်တော်က ကျွန်တော့ သမီးကို စိတ်ပူပေါ့။

သမီးလေး သူငယ်တန်း စထားတဲ့နေ့ သမီးက မျက်နှာငယ်လေးနဲ့ အတန်းဖေါ်တွေ ကြားထဲမှာ သမီးလေးရေ ဒါ လောက သင်ခန်းစာ အစပဲ၊ ငါ့ သမီးလေး အဆင်ပြေမှာပါ ဆိုပြီး သမီးကို ကျောင်းခန်းထဲ ပို့လိုက်တယ်။ ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး။

သမီးလေးကို ထားခဲ့ရတာကို မကြည့်ရဲလို့ မနေနိုင်လို့ လှည့်ကြည့်လိုက်တော့ သမီးက ကျွန်တော့ကို ကြည့်နေတာ။ ကျွန်တော် ကြည့်နေတာလည်း သိသွားရော ပါပါး ဆိုပြီး ပြေးထွက်လာတယ်။ ကျွန်တော်ကလည်း သမီးလေး ဆိုပြီး ပြေးဖက် လိုက်တယ်။

သမီးလေး ပါးပေါ်မှာ ကျွန်တော် လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး၊ မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလို ကျွန်တော့်ရဲ့ အသဲတွေလည်း ကွဲနေပါပြီ။ ကျွန်တော့်ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ် သမီး၊ ပါပါး အခန်းအပြင်က စောင့်နေမယ်နော်။ ပါးပါး ဘယ်မှ မသွားဘူး ဆိုပြီး အခန်းထဲ ပြန်ပို့ရတယ်။ မိုးဖွဲဖွဲလေး ကျပြီး မိုးမင်းကြီးက ကျွန်တော်တို့ သားအဖကို ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့ သလား။

ကျွန်တော့် သမီးလေးကို ဖက်ပြီး ကျောင်းခန်းထဲ လိုက်ပို့တဲ့ အခန်းကို ရုပ်ရှင်ရိုက်ရင် သမီးရော ကျွန်တော်ရော အကယ်ဒမီ ရမှာ သေချာတယ်။ သမီးကို ပို့ပြီး၊ ကျွန်တော်ကားပေါ် ရောက်တဲ့ အထိ ချက်ချင်း မပြန်သေးဘူး။ ကားစတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီး မျက်ရည် ကျခဲ့တယ် ဆိုတာကို ဝန်ခံပါရစေ။

စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့၊ အခု တယောက်တည်း ပြန်ရမှာ။ ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံ ကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီ ဆိုပြီး အိမ်ပြန် ခဲ့ရတယ်။

အခု သမီး က ၁၄ နှစ် ဟိုတလောက သူ့ရဲ့ ဖုန်း ring မြည်နေလို့ ကိုင်လိုက်တော့ ဟိုဘက်က ကျွန်တော့အသံ ကြားသွားလို့ ထင်တယ်။ "ဦးလေး အဲ အန်ကယ် ရည်မွန် ရှိလား ခင်မျ" တဲ့။ ယောက်ျားတွေ ဆိုတာ သံလိုက် သဘောရှိတယ်။ အဖိုနဲ့ အမ လောက်ပဲ ကပ်ချင်တဲ့ သဘော။ ငါ့ကိုများ အန်ကယ်တဲ့ တော်သေးတာပေါ့ Dady မခေါ်လို့။

ယောက်ျားလေး တယောက်ရဲ့ အသံကြားတော့ လို့အပ်သည့် အသံထက် ၆ ဆ လောက် မြင့်လိုက်ပြီး "အေး ခဏ ကိုင်ထား" ဆိုပြီး ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့ ဖုန်းနားကပ်ပြီး ရည်မွန်လို့ တချက် အော်ခေါ်လိုက်တယ်။ ဟိုဘက်က တယောက်လည်း လန့်သွားအောင်လို့။

သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့ သဘော ရှိတယ်။ ရေဒီယို ဟာသရရွှင်ဆေး ထဲက မိန်းမတယောက်ရဲ့ အသံမျိုးနဲ့ ရှင် ပါပါး ဆိုပြီး ဖုန်းဆီအလာ သမီး လမ်းလျှောက်ရာလမ်းကို ကျွန်တော့် စိုက်ကြည့်နေလို့ သမီး သူ့ခြေထောက် အချင်းချင်းတောင် ခလုပ် တိုက်တယ်။

သမီးက လိုင်းမမိလို့ အခန်းထဲ သွားပြောတာ။ ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီး နားအထောင် သမီးက အခန်းထဲက အထွက် တံခါးပြန်အဖွင့် နှစ်ယောက်သား တိုက်မိလို့ ရှက်ရမ်း ရမ်းပြီး ဟောက်လိုက်ရတယ်။ ဘယ်လိုဖြစ်နေတာလဲ ယောက်ယက်ကို ခတ်နေတာပဲလို့။ အမှန် ယောက်ယက် ခတ်နေတာက ကျွန်တော်ပါ။

သမီးက ဧည့်ခန်းထဲ ဖုန်းသွားပြောတာ ဘယ်ရမလဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင် ဆောင်ပြီး နားထောင်နေတာပေါ့။ သမီးက နဂါးမင်းနဲ့ ဖွတ်ကျား စစ်ခင်းတော့မယ့် အခြေအနေကို သိသွားတယ် ထင်တယ်။ အော်အေး အော်အေးအေး အော်အေး ဆိုပြီး ဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။ "ဘယ်သူလဲသမီး"

"ကျောင်းကပါ၊ ကျောင်းမတက်လို့ စာမေးတာပါ" တဲ့။ ရိုးနေပြီ ဒါငါ့အကွက်တွေ။ ပထမ စာမေးမယ်၊ ပြီးရင် ထမင်းစား ပြီးပြီလားမေးမယ်၊ ပြီးရင် ဂရုစိုက်နော် ဆိုပြီး ဖုန်းချသွားမယ်။ သမီးကိုတော့ မပြောပါဘူး၊ စိတ်ထဲကပဲ ပြောနေတာပါ။ မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး တိုးတိုးတိတ်တိတ် မှာထားရတယ်။

သမီးက ငယ်ပါသေးတယ်၊ ကျွန်တော့်က စိုးရိမ် လွန်နေတာပါ။ အော် သမီး သမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ ခွဲရမှာပါလေ လို့ တွေးမိရင်း တကယ်တော့ သမီးလေးဟာ ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတခြမ်းပါ။ Maung Pinlal

Post a Comment

0 Comments