ချက်လက်မှတ်လေး တစောင်

တခါက စီးပွားရေး လုပ်ငန်းမျိုးစုံကို လုပ်တဲ့ လူငယ် တယောက်ဟာ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင် လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ် မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရ ပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေ ကလည်း အရင်ကြွေးတွေ ကြေအောင် ဆပ်မှ ပစ္စည်းသစ် ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက် ကြပါတယ်။

သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေ ကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့ အခါ တခြား ကုန်သည်ဆီ ပြောင်းကုန် ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာ ပါတော့တယ်။

တနေ့တော့ သူဟာ ပန်းခြံတခု ထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝ အကြောင်းတွေကို တွေးတော စဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေ ကနေ ဘယ်လိုများ ရုန်းထွက် ရပါ့မလဲ လို့ ခေါင်းပူမတတ် စဉ်းစားနေ မိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။

အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအို တယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော "မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံပဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါ ဦးကွာ" လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။

အဖိုးအိုရဲ့ အမေးကို ကြားတော့ တယောက်တည်း နေတာထက် စာရင် တယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝ အကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက် ပါတယ်။

သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့ နောက်မှာ အဖိုးအိုက "မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ" လို့ ပြောပြီး ချက်စာအုပ် တအုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ် လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်းလို့ သူ့နာမည်ကို မေးပါတယ်။ လူငယ်ကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့ အခါ အဖိုးအိုက ချက်လက်မှတ် တစောင်ပေါ်မှာ လူငယ့် နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။

ထို့နောက်တော့ ချက်စာရွက်ကို လူငယ့်လက်ထဲ လှမ်းပေးလိုက်ပြီး "ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေ ပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေး လုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တနှစ် တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ" လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာ သွားပါတယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကို ကြည့်ပြီး သူဟာ အံ့အားသင့်နေ ခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေး ပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅ သိန်း တိတိ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။

ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅ သိန်း ပေးသွားခဲ့တဲ့ သူဟာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ် သွားခဲ့ပါတယ်။ သူဟာ ရော့ကဖဲလားကို နာမည် ကြားဖူးရုံက လွဲလို့ အပြင်မှာ တခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅ သိန်း ရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေ ခဲ့ပါတယ်။

မကြာခင်မှာ ဒေဝါလီ ခံရတော့မယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဟာလည်း လျော့ပါးသွား ခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်း ကောင်း ပြန်လုပ်နိုင်လိမ့်မယ် လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ ပါတယ်။ သို့သော်လည်း လက်ထဲ ရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက် ပါတယ်။

ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။

သူ့ဖောက်သည်တွေ ကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစား ပါတယ်။ ၃ လ ၄ လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည် ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲ ကနေ ပြန်ရုန်းထွက် လာနိုင်စ ပြုပါတယ်။

တနှစ်တိတိ ပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့ အတိုင်း သူဟာ ငွေမထုတ်ရ သေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။ ပန်းခြံထဲ ရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာ ထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။

သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာ ထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတယောက်က အပြေးလေး ရောက်လာကာ အဖိုးအိုရဲ့ လက်တဖက်ကို တွဲလိုက်ပါတယ်။ "အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ" လို့ ပြောလိုက်တယ်။

ပြီးတော့ သူနာပြုဟာ သူ့ဘက်ကို လှည့်လာပြီး "အဖိုးက ရှင့်ကို တခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက် သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့ သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလားလို့ အမြဲ ပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ် ဆိုရင် ဆောရီးပါနော်" လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွား ပါတော့တယ်။

တယောက်တည်း ကျန်ခဲ့တဲ့ သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တနှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်းအဝယ်ကို ပြန်လုပ်နိုင် ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတာလို့ တချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက် ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေး တရွက်သာ။ သူ သဘောပေါက်လိုက် မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက "မိမိကိုယ်ကိုယ် ယုံကြည်မှု" သာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိ ပါတော့တယ်။ အစိမ်းရောင်လွင်ပြင်

Post a Comment

0 Comments