၂၀၀၈ ခုနှစ်လောက်က ထင်တယ်။ သိပ္ပံပညာနဲ့ နိုဘယ်ဆု ရတဲ့ ဂျပန်လူမျိူး (အမေရိကန် နိုင်ငံသား) တယောက် စင်ကာပူကို ရောက်လာခဲ့ ပါတယ်။ သူ့ကို စင်ကာပူ အစိုးရက စရိတ် အကုန်ခံပြီး ဖိတ်ကြားခဲ့ တာပါ။
သူ့ရဲ့ နိုဘယ်ဆု ရအောင် ဘယ်လို ကြိုးစားခဲ့ရတယ် ဆိုတဲ့ အကြောင်း စင်ကာပူ လူငယ်လေး တွေကို ပြောပြပေး ဖို့ပါ။ သူ့ဟောပြောပွဲကို စင်ကာပူ အစိုးရ တက္ကသိုလ် တခု ဖြစ်တဲ့ NUS တက္ကသိုလ်မှာ ပြုလုပ်ပါတယ်။
စင်ကာပူ တက္ကသိုလ် ပေါင်းစုံက ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက် နားထောင် ကြပါတယ်။ သူက ဟောပြောပြီး သွားတော့ မေးခွန်း မေးစရာ ရှိရင် မေးပါလို့ ဖိတ်ခေါ်ပါတယ်။ ပရိသတ်က တယောက် တခွန်း မေးကြတယ်။ သူကလည်း ပြန်ဖြေပေး ပါတယ်။
နောက်ဆုံးမှာ ဆရာတယောက်က မေးခွန်းတခုကို ခုလို မေးလိုက် ပါတယ်။ "ကျွန်တော်တို့ စင်ကာပူနိုင်ငံ ကရော သိပ္ပံပညာနဲ့ နိုဘယ်ဆု ရနိုင်ဖို့ အခွင့်အလမ်း ရှိပါသလား" တဲ့။
နိုဘယ်ဆုရှင်က ခုလို ပြန်ဖြေပါတယ်။ "မရှိပါဘူး။ စင်ကာပူ နိုင်ငံမှ မဟုတ်ပါဘူး။ အရှေ့တောင် အာရှ နိုင်ငံတွေမှာ သိပ္ပံပညာနဲ့ နိုဘယ်ဆုရှင် ဘယ်လိုမှ မပေါ်နိုင်ပါဘူး" တဲ့။
အိမ်ရှင် စင်ကာပူ နိုင်ငံသားတွေလည်း မျက်စိ မျက်နှာ ပျက်ကုန် ကြတယ်။ နိုဘယ်ဆုရှင်က ထပ်ပြောပါတယ်။ "ခုလို ပြောရတာ အရှေ့တောင် အာရှ နိုင်ငံတွေမှာ အများနဲ့ မတူ တမူ ထူးခြားတဲ့ ကလေးကို မြေတောင် မြှောက်ပေးတဲ့ အကျင့် မရှိလို့ပါ။
ကလေးတယောက်ဟာ စာသင်ခန်းထဲမှာ ဆရာကို ထူးထူးဆန်းဆန်း မေးခွန်းတွေ မေးမယ်၊ သာမန်ကလေးတွေနဲ့ မတူတဲ့ အပြုအမူတွေ လုပ်နေတယ် ဆိုရင် ဒီကလေးဟာ တခြား ကျောင်းသားတွေလို ဖြစ်သွားအောင် နေခိုင်းမယ်။ ပြောမရရင် ပြစ်ဒဏ်ပေးပြီး ဦးချိုး ကြတယ်။
ဥပမာတခု အနေနဲ့ ပြောရရင် ကြမ်းခင်းမှာ ထောင်ထွက် နေတဲ့ သံချောင်း တွေ့ရင် ကြမ်းထဲ ပြန်ဝင်သွားအောင် ပြန်ရိုက်သွင်းပေး လိုက်တယ်။ ဒါမှ တခြား သံချောင်းတွေနဲ့ ညီသွားအောင်ပေါ့" တဲ့။ သူက ဆက်ပြောပါတယ်။
သူ ငယ်ငယ်လေးတည်းက သူ့မိဘတွေနဲ့ အတူ လိုက်ပါရင်း အမေရိကန်နိုင်ငံကို ရောက်သွားတယ်။ အဲဒီမှာ ကျောင်းတက်ခဲ့တယ်။ အမေရိကန်ကျောင်းတွေမှာ မေးခွန်းတွေ ကြံကြံ ဖန်ဖန် မေးတဲ့ ကလေး၊ တခြားကလေးတွေနဲ့ မတူဘဲ ထူးခြားတဲ့ အပြုအမူတွေ လုပ်တတ်တဲ့ ကလေးမျိုး တွေ့ပြီ ဆိုရင် ဆရာ၊ ဆရာမတွေက IEP (Individualized Education Plan) တကိုယ်ရည် ပညာရေး အစီအစဉ် ချမှတ်တဲ့ အဖွဲ့ကို အကြောင်းကြား ရတယ်။
အဲဒီအဖွဲ့က တာဝန်ရှိသူ တွေဟာ ကျောင်းကို ရောက်လာတယ်။ စိတ်ပညာရှင်လည်း ပါတယ်။ အဲဒီကလေးကို စောင့်ကြည့်တယ်။ စကား ပြောကြည့်တယ်။
တကယ်ပဲ ဒီကလေးမှာ ထူးချွန်နိုင်တဲ့ အရည်အချင်း ရှိနေတာ တွေ့ရင် အထူး အစီအစဉ်တွေနဲ့ ကလေးရဲ့ အရည်အချင်းကို မြှင့်တင်ပေး ကြတယ်။ ထူးချွန် ပညာရှင် Genius တယောက် ဖြစ်လာအောင် မြေတောင် မြှောက်ပေးကြတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ နိုဘယ်ဆုရှင် အများဆုံး ထွက်တာ အမေရိကန် နိုင်ငံက ပါပဲ လို့ ရှင်းပြသွား ပါတယ်။ Crd
0 Comments