ကြောင်လေးတွေက သင့်ကို သူတို့ရဲ့ အစာခွက်ကို ကုတ်ခြစ်ပြနေတယ်ဆိုရင် အစာတောင်းနေတယ်လို့ပဲ သင်ထင်မိမှာပါ။ တကယ်တော့ ဒီအပြုအမူတွေရဲ့နောက်မှာ သင်မသိသေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါသေးတယ်။
အလိုလို အပြုအမူ
တောထဲမှာနေတဲ့ သတ္တဝါအများစုက သူတို့ရဲ့ အစာတွေကို တခြားကောင်တွေ မမြင်အောင် မြေတူးပြီး မြှုပ်တတ်ကြပါတယ်။ ကြောင်တွေ ဆိုတာကလည်း တချိန်က တောထဲမှာ ရှင်သန်နေထိုင်ခဲ့ကြတာကြောင့် ဒီအကျင့်တွေ ရှိနေပါတယ်။
အထူးသဖြင့် ကျားသစ်တွေ၊ ခြင်္သေ့တွေက သူတို့ရဲ့ အစာကို တခြားကောင်တွေ ယူမစားမိအောင် သစ်ပင်ပေါ်မှာပဲဖြစ်ဖြစ်၊ မြေကြီးထဲမှာပဲဖြစ်ဖြစ် မြှုပ်ထားတတ်ကြပါတယ်။ တကယ်လို့ သင့်ကြောင်ရဲ့ အစာခွက်အောက်မှာ သတင်းစာ တစ်စောင်စောင်ကို ဖြန့်ခင်းထားတယ်ဆိုရင် သူတို့အစာစားပြီးတဲ့အခါ သတင်းစာနဲ့ ပြန်အုပ်ထားကို တွေ့ရပါလိမ့်မယ်။ ကြောင်တစ်ကောင်ဟာ မိခင်မရှိပဲ တစ်ကောင်တည်း ကြီးပြင်းလာရင်တောင် သူ့ရဲ့ အစာကို အလိုလို မြှုပ်နှံထားတတ်ပါတယ်။ ဒါတွေက မသင်ပေးပဲ အလိုလို ပြုမူနေတတ်တဲ့ အကျင့်တွေပဲ ဖြစ်ပါတယ်။
ဗြိတိန်အပျော်တမ်း သတ္တဗေဒပညာရှင် ဂျွန်ဂျော့ခ်ျဝုဒ်က သူ့ရဲ့ကြောင် Pret ဟာလည်း ဒီလိုတွေ လုပ်တတ်ကြောင်းကို Illustrated Natural History စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။
သူ့အဆိုအရတော့ ကြောင်က စာရွက်တစ်ရွက် ချီလာပြီး အစာစားပြီးတာနဲ့ ပန်းကန်ပြားပေါ်မှာ တင်ထားခဲ့တယ်လို့ ဆိုပါတယ်။ တခါတလေမှာလည်း ဝုဒ်ရဲ့ ဇနီးဖြစ်သူနားက လက်ကိုင်ပုဝါတွေ ယူယူလားပြီး အုပ်ထားတယ်လို့ ဖော်ပြထားပါသေးတယ်။
ဒါပေမယ့် ထူးထူးခြားခြား ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ ဥပမာ စက္ကူနှင့် လက်ကိုင်ပုဝါတွေ မရှိတဲ့အခါမှာ Pretဟာ ကော်ဇော်တွေ၊ သူ့ရဲ့ အစာခွက်ကို လုံစေမယ့် အရာမှန်သမျှ ဆွဲဆွဲလာတတ်ပါတယ်။
အစားအသောက်က အရသာ မရှိတဲ့အခါ
သင့်ကြောင်ရဲ့ အစားအသောက်ကို ပြောင်းလဲလိုက်ပြီး နေ့လည်စာစားချိန် ရုတ်တရက် ထူးထူးဆန်းဆန်းတွေ ဖြစ်လာရင်၊ အရင်က မလုပ်ဖူးတာတွေကို လုပ်လာရင် အစားအစာကို မကြိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ကြောင်က အစားအစာရဲ့ အရသာ ဒါမှမဟုတ် အနံ့ကို မကြိုက်တာမျိုး ရှိပါတယ်။
တခါတလေကျရင်လည်း ပန်းကန်ပြောင်းလိုက်တာနဲ့တင် ကြောင်က အဆင်မပြေဖြစ်တာတွေ ရှိပါတယ်။ ဒီအရာတွေက ကြောင်ကို မလိုလားအပ်တဲ့ အစာတွေကို စတင်မြှုပ်နှံစေနိုင်ပါတယ်။ ဒီလိုအပြုအမူမျိုးဟာ အစာစားချင်စိတ် မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ကြောင်က အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ဒီလိုအပြုအမူတွေ စဖြစ်လာရင်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုင်ပင်ပါ။
သပ်ရပ်တဲ့ အလေ့အကျင့်
ကြောင်တွေက သူတို့ရဲ့ ကိုယ်ပိုင်နေရာနှင့် ပတ်သက်လာရင် အလွန်လိမ္မာပါးနပ်ပြီး သပ်ရပ်ပါတယ်။ သူတို့ကို ညစ်ပတ်တဲ့ ပန်းကန်နဲ့ ကျွေးရင်လည်း မစားပါဘူး။ အသန့်အရှင်းလည်း အလွန်ကြိုက်တတ်ကြပါတယ်။ သင့်ကြောင်ရဲ့ အစာခွက်ကို သေချာသန့်ရှင်းနေအောင် ထားမယ်ဆိုရင်တော့ အစာတွေကို ဖွက်တတ်တဲ့အကျင့်ပျောက်သွားနိုင်ပါတယ်။
ပန်းကန်လုံးတစ်ဝိုက်ကို ကုတ်ခြစ်ခြင်းက မစင်စွန့်ပြီးတဲ့နောက် ကြမ်းပြင်ကို ပွတ်တိုက်တဲ့အကျင့်နှင့် ဆင်တူပါတယ်။ ပန်းကန်ကို သန့်ရှင်းသပ်ရပ် စေချင်တဲ့အပြင် အစာတွေကိုလည်း ဖွက်ဖို့အတွက် အကောင်းဆုံး ဖြစ်တယ်လို့ ထင်နေကြလို့ပါ။
ဗိုက်ပြည့်သွားတဲ့အခါ
ကြောင်တွေ သူတို့ရဲ့ အစာတွေကို ဖွက်ရတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ ဗိုက်ပြည့်သွားလို့ပါ။ အစာတွေကို သူတို့ဆက်မစားနိုင်တော့ရင် တစ်ခုခုနဲ့ အုပ်လိုက်ပါတယ်။ မမြင်ရရင် မစားတော့ဘူးဆိုတဲ့ သဘောနဲ့ပါ။
ဒီလို အစာတွေကို တူးပြီး မြှုပ်နေတာကတော့ သူတို့ရဲ့ သဘာဝပါပဲ။ ဘာအန္တရာယ်မှတော့ မရှိပေမယ့် သင့်ကြောင်က လိုတာထက် ပိုဆိုးလာရင်တော့ ဒီအချက်လေးတွေကို လုပ်သင့်ပါတယ်။
- သင့်ကြောင် အစာစားပြီးတာနဲ့ သူ့အစာခွက်ကို ရေတန်းဆေးပါ။ အမြဲတမ်း သန့်ရှင်းသပ်ရပ်နေအောင် ဂရုစိုက်ပါ။
- အစာကျွေးရင် သေးသေးလေးတွေပဲ ကျွေးပါ။
- တကယ်လို့ ဒီအကျင့်ကိုပဲ ထပ်ခါထပ်ခါ လုပ်နေတယ်ဆိုရင်တော့ အာရုံပြောင်းသွားအောင် အတူတူဆော့ပေးတာပဲဖြစ်ဖြစ်၊ အရုပ်တစ်ရုပ် ဝယ်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးလိုက်ပါ။
- အခြေအနေတွေက ဒီထက်ပိုဆိုးလာတယ် ဆိုရင်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုင်ပင်ပါ။
love media
0 Comments