တခါတုန်းက ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် စာပေ သင်ကြာပေးသော မူလတန်း ကျောင်းဆရာမတဦး ရှိသည်။ ထိုကျောင်းဆရာမက သူ့အတန်းသား တပည့်များနှင့် ကစားနည်းတခု ကစားရန် ဆုံးဖြတ်လိုက်သည်။
ဆရာမက ကျောင်းသားတဦးလျှင် အာလူး အနည်းငယ်စီ ပလပ်စတစ်အိတ် ထဲတွင် ထည့်ပြီး အတန်းသို့ ယူလာခဲ့ရန် မှာကြားလိုက်သည်။ မိမိယူလာသော အာလူး တလုံးစီတွင်လည်း မိမိက မုန်းတီးသော လူတယောက်၏ အမည်ကို ရေးထားရမည် ဖြစ်သည်။
ပလပ်စတစ်အိတ်ထဲတွင် ထည့်၍ ယူဆောင်လာသည့် အာလူးအရေအတွက်သည် ကလေးများက သူတို့မုန်းတီးသည့် လူအရေအတွက်ပေါ် မူတည်နေသည်။ သို့နှင့် ကစားနည်းကို စတင်မည့်နေ့သို့ ရောက်ရှိလာသည်။
ကလေးတိုင်းသည် မိမိမုန်းတီးသည့် လူများကို ကိုယ်စားပြုသည့် အာလူးများကို ယူ၍ ကျောင်းသို့ လာခဲ့ကြသည်။ တချို့က နှစ်လုံး၊ တချို့က သုံးလေးလုံး၊ တချို့ဆိုလျှင် ငါးလုံး အထိပင် ယူလာကြသည်။
ဆရာမက ကလေးများကို ပလပ်စတစ်အိတ်ထဲ ထည့်ထားသည့် အာလူးများကို သွားလေရာ သယ်ဆောင် သွားရမည်၊ ယုတ်စွအဆုံး အိမ်သာဝင်လျှင်ပင် ယူသွားရမည်ဟု မှာကြားထားသည်။ တပတ်လုံးလုံး ဤအတိုင်း ပြုလုပ်ရမည် ဖြစ်သည်။
တနေ့ပြီး တနေ့ ကုန်ဆုံးသွားသည်။ ကလေးများသည် ပလပ်စတစ်အိတ်ထဲမှ မနှစ်မြို့ ဖွယ်ရာ အာလူးပုပ် ရနံ့ကို ရှူရှိုက်ရသဖြင့် ညည်းညူမိကြသည်။ အာလူးငါးလုံးကို သယ်ဆောင်ရသူမှာ သူများထက် ပိုလေးသောကြောင့် ပို၍ ညည်းတွားမိသည်။
တပတ်ခန့် ကြာသောအခါ ကစားနည်း ပြီးဆုံးသွား၍ ကလေးများ စိတ်လျော့ပါး သွားကြရသည်။ ဆရာမက "တပတ်လုံးလုံး မင်းတို့ အာလူးတွေကို သယ်ဆောင်ရတာ ဘယ်လို ခံစားမိကြသလဲ" ဟု မေးသည်။
ကလေးများက သွားလေရာ အနံ့ တထောင်းထောင်း ထသည့် အာလူးပုပ် အလေးကြီးကို သယ်ဆောင်ရသည့် ဒုက္ခကို အကြီးအကျယ် ခံစားကြရကြောင်း ပြောသည်။ ထိုအခါတွင် ဆရာမက ကစားနည်းတွင် ထိန်မြှုပ်ထားသည့် အနက်အဓိပ္ပါယ်ကို ရှင်းလင်း ပြလေသည်။
"ဒါဟာ မင်းတို့ နှလုံးသားထဲမှာ သူတပါးကို မုန်းတီးတဲ့ အမုန်းတွေ သယ်ဆောင် ထားနေရတဲ့ အခြေအနေမှန်ကို ပြသခြင်းပါပဲ။ ဒီအမုန်းဆိုတဲ့ အပုပ်နံ့က မင်းတို့ရဲ့ နှလုံးသားကို ညစ်နွမ်းစေတာ ပါပဲ။ ဒါကြီးကို မင်းတို့သွားလေရာ သယ်ဆောင်သွားနေရတယ် မဟုတ်လား။
တပတ် အချိန်ကလေးကိုတောင် အာလူးပုပ်ရဲ့ ရနံ့ဆိုးကို မင်းတို့ သည်းမခံနိုင်ခဲ့ရင် တဘဝလုံးအတွက် မင်းတို့ရဲ့ နှလုံးသားမှာ ထားရှိခဲ့တဲ့ အမုန်းတရားရဲ့ ရနံ့ဆိုးကို မင်းတို့ ဘယ်လိုလုပ် သည်းခံ တွန်းလှန်နိုင်ပါ့မလဲ ဆိုတာ စဉ်းစား ကြည့်ကြပေါ့ကွယ်" ဟု ဆရာမက ရှင်းပြလိုက်လေသည်။
ဤပုံပြင်၏ အဓိက ပေးလိုသော သင်ခန်းစာမှာ "သင့်နှလုံးသားတွင် ထားရှိသည့် အမုန်းများကို ဖယ်ထုတ်လိုက်ပါ။ ဘဝတလျှောက်လုံး သယ်ဆောင် မသွားပါနဲ့။ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ မေ့ပစ်လိုက်ပါ" ဟူ၍ ဖြစ်ပါသည်။ Crd, Argyi
0 Comments