လှေသမားနှင့် ပါမောက္ခ

တခါတုန်းက ပါမောက္ခ တယောက်ဟာ ပင်လယ်နှင့် ပတ်သတ်တဲ့ အကြောင်းတွေကို စုံစမ်းဖို့ ကျွန်းတကျွန်း ဆီသို့ ထွက်ခဲ့သည်။ ကျွန်းတကျွန်းသို့ ရောက်ပြီး နောက်တနေ့မှာ လူတယောက်ကို ခေါ်၍ "သင် ဒီကျွန်းမှာ နေတာ ဘယ်နှစ်နှစ် ရှိပြီလဲ" ဟု မေးလိုက်သည်။

အဲဒီလူ ကလည်း "ကျွန်တော် ငယ်ငယ် ကတည်းနေ ဒီကျွန်းမှာမွေး ဒီနေရာမှာ နေထိုင် လာခဲ့တာ အခုဆို အသက် ၅၀ ရှိနေပါပြီ" ဟု ပြန်ဖြေသည်။ လှေတစင်းဖြင့် ပင်လယ်ရေ အကြောင်းတွေကို လေ့လာဖို့ ပင်လယ်ထဲသို့ သူတို့ နှစ်ဦး သွားကြလေ၏။

ပါမောက္ခက ပထမဆုံးနေ့မှာ ပင်လယ်ရေ၏ အရောင်တွေကို မှတ်သားထား၏။ ဒုတိယနေ့မှာ ပါမောက္ခနှင့် လှေသမားတို့ဟာ ပင်လယ်ထဲသို့ သွားလေပြန်၏။ ထိုအခါ ပါမောက္ခက လှေသမားကို "ဒီရေနှင့် ပတ်သတ်တဲ့ ပညာရပ်ကို သင်တတ်မှာပဲ။ ကျွန်ုပ်ကို သင်ပြ၊ ရှင်းပြပေး ပါလား။ ဘယ်အချိန် ဘယ်ရာသီမှာက ဒီရေ အတက်က ဘယ်အချိန် ဒီရေ အကျက ဘယ်အချိန်မှာ ဖြစ်တယ်ဆိုတာ သင်သိမှာပဲ" ဟု ပြောလိုက်၏။

ထိုအခါ လှေလှော်သူ "ကျွန်တော် ဘာမှ မသိပါ" ဟု ဖြေကြားသည်။ ပါမောက္ခ ကလည်း "ခင်ဗျားဗျာ ဒီမှာ နေတာလဲ နှစ် ၅၀ ရှိပြီ ဒီရေ အတက်အကျ ကိုတောင် ခင်ဗျား မသိဘူး ဆိုတာက မဟုတ်သေး ဘူးနော်။ ခင်ဗျားအသက်ကို လေးပုံ ပုံလိုက်ရင် တပုံဟာ အလကားပဲ။ သုံးပုံပဲ ကောင်းတော့တယ်" ဟု ပြောလိုက်၏ ။

ထိုအခါ လှေလှော်သူက "သြော် ငါ့အသက် လေးပုံမှာ တပုံဟာ အလကား ပါပဲလားနော်" ဟု ထင်မှတ်လေ၏။ တတိယနေ့ မှာလည်း ပါမောက္ခနှင့် လှေသမားတို့ဟာ ပင်လယ်ပြင်သို့ သွားရင်းနဲ့ ပါမောက္ခက လှေသမားကို "ခင်ဗျား မိုးလေဝသ ပညာရပ်ကို ကျွန်ုပ်အား သင်ပေးပါလား။ ရှင်းပြပေး ပါလား။ ဘယ်လို အချိန်မှာက ဘယ်လို ရွာတယ် ဆိုတာလေးကို သင်ပြပေးပါလား" ဟု တောင်းဆိုလိုက်၏။

ထိုအခါ လှေသမားကလည်း "ကျွန်တော် ဘာမျှ မသိပါ။ သူ့မှာ အချိန်ကျရင် ရွာတာပဲ" ဟု ဖြေကြားလိုက်၏။ ပါမောက္ခကလည်း "ခင်ဗျားဗျာ ဒီမှာ နေပြီးတော့ မိုးလေဝသ အကြောင်းကို မသိဘူး ဆိုရင် မဟုတ်သေးဘူးနော်။ လေးပုံ ပုံလိုက်တာမှာ သုံးပုံပဲ ကျန်တဲ့ကြားက တပုံဟာ အလကား ဖြစ်ပြီး ကျန်နှစ်ပုံမှသာ ကောင်းပါတော့တယ်" ဟု ပြောလိုက်ပြန်၏။ ထိုအခါ လှေသမားကလည်း စိတ်ညစ်ရှာ၏။ "သြော် ငါ့အသက် လေးပုံမှာ ထက်ဝက်ဟာ အလကား ပါပဲလား" ဟု တွေးတော ဆင်ခြင်မိပြန်၏ ။

နောက်တနေ့ ပါမောက္ခနှင့် လှေသမားတို့ ပင်လယ်ပြင် ထဲသို့ သွားပြန်၏။ ပါမောက္ခကလည်း လှေသမားကို "သင် ဒီမှာ နေတာဆိုတော့ လေမုန်တိုင်း အကြောင်းတွေကို သိမှာပဲ။ ဘယ်အချိန်မှာ လေတိုက်နှုန်းက ဘယ်လို။ လေအပြင်းတွေက ဘယ်လို လုပ်ပြီး တိုက်ခိုက်တယ် ဘယ်ရာသီမှာ ဘယ်လို လေမျိုးက တိုက်ခိုက်တယ် ဆိုတာတွေကို သင်သိမှာပဲ။ ကျွန်ုပ်ကို သင်ပြပေးပါလား လမ်းညွှန်ပြပါလား" ဟု ပြောလိုက်ပြန်၏။

လှေသမား ကလည်း "ကျွန်တော် အဲဒါတွေကို မသိပါ။ လေတိုက်တဲ့ အချိန်အခါကို အရှိန်က ဘယ်လောက်နှုန်းနဲ့ တိုက်ခိုက်တယ် ဆိုတာ ကျွန်တော်မျိုး မသိပါ" ဟု ဖြေလိုက်ပြန်၏။ ထိုအခါ ပါမောက္ခကလည်း

"ခင်ဗျားဗျာ ဒီမှာ နေတာ အသက်အရွယ်ကလည်း မနည်းတော့ဘူး။ လေတိုက်နှုန်းက ဘယ်လို ဘယ်အချိန်တွေမှာ ဘယ်လို တိုက်ခိုက်တယ် ဆိုတာကို မသိဘူးဆိုတော့ သင့်အသက် လေးပုံ ပုံလိုက်ရင် သုံးပုံဟာ ဘာမှ သုံးစားလို့ မရဘဲ အလကားပဲ ပေါ့နော်။ နောက်ထပ် တပုံပဲ သုံးစားလို့ ရပါတော့တာပေါ့" ဟု ပြောလိုက်ပြန်၏။ လှေသမားကလည်း သူ့ရဲ့ အသက် လေးပုံ ပုံကြည့်လိုက် သောအခါ သုံးပုံတော့ ဘာမှ သုံးစားလို့ မရဘူးဟု ပါမောက္ခက ပြောသောအခါ သူဟာ တော်တော်လေးကို စိတ်ညစ် သွားရှာပါတယ်။

ထိုအချိန်မှာပဲ လေမုန်တိုင်းကြီးဟာ တိုက်ခိုက်လာ ပါတော့တယ်။ လေမုန်တိုင်း ဒဏ်ကြောင့် ပင်လယ် လှိုင်းလုံးကြီးများ တလိမ့်လိမ့် တက်လာ ပါတော့တယ်။ အဲဒီအခါ ပါမောက္ခနှင့် လှေသမား နှစ်ဦးဟာ လှေထဲမှာ ဒုက္ခရောက်ကုန် ကြတာပေါ့။

သို့သော် လှေသမားဟာ ရေကူးတတ် သောကြောင့် အသက် ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး ပါမောက္ခမှာကား ရေမကူးတတ်သောကြောင့် ရေလှိုင်းလုံးကြီးနှင့် အတူ မျောပါသွား၍ အသက်ရှုံးဆုံး သွားလေ၏။

လှေသမားဟာ ကမ်းစပ်သို့ ရောက်သောအခါ အတွေးတခု ဝင်မိလေ၏။ "သြော် ငါ့ရဲ့ အသက် လေးပုံက တပုံဟာ တချို့သော သူတို့ အတွက် အသက် တချောင်းနဲ့ ညီမျှနေပါလား" ဟု တွေးမိ၍ ကျေနပ်မိလေ၏။ လှေသမားဟာ သူ့ရဲ့ အသက် လေးပုံမှ သုံးပုံက အလကား ဖြစ်သော် ငြားလည်း ကျန်တပုံမှာ အရမ်းကို တန်ဖိုးကြီးမား လွန်းသည်ဟု ထင်မှတ်ကာ စိတ်ညစ်မှုတွေ ကင်းရှင်း၍ ပျော်ရွှင်မှုများဖြင့် နေထိုင်လေတော့တယ် ။

ဘဝမှာလည်း ဘယ်လောက်ပဲ လူတော် ဖြစ်နေပါစေ အဲဒီ လူတော်မှာ အားနည်းချက် တစုံတခုတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ထို့အတူ ဘယ်လောက်ပဲ လူညံ့ ဖြစ်နေပါစေ အဲဒီ လူညံ့ မှာလည်း အားသာချက်ဆိုတာ တစုံတခုတော့ ရှိနိုင်ပါသေးတယ်။ phoomyatchal (ကောင်းချစ် - အတွေးရသစာစုလေးများ)

Post a Comment

0 Comments