တကယ်ကုန်သွားတဲ့သူ

တခါတုန်းက သူဌေးကြီးတယောက် ဆီမှာ မောင်မြဆိုတဲ့ အလုပ်သမားတယောက် ရှိတယ်။ တနေ့တော့ သူဌေးကြီးက အလုပ်သမားကို ခေါ်ပြီး ရိုးသားဖို့ ဆုံးမတယ်။

အဲ့ဒါကို မောင်မြက သူဌေးကြီးကို ကြိမ်းဝါးတယ်။ ဒီသူဌေး ငါလည်တာ သူသိမလားပေါ့။ နောက်နေ့က စပြီး သူဌေးကအလုပ်သမားတွေကို မနက်စာ ပဲပြုတ်ထမင်း ကျွေးရာမှာ သူက တမင်သက်သက် ပိုစားပစ်တယ်။ အဲ့လိုနဲ့ ပိုပို စားလာ လိုက်တာ ၃၊ ၄ ပန်းကန် စားနိုင်တော့ ဝမ်းသာတယ်။

သူဌေးကြီး တနေ့တော့ ဘေးက ဖြတ်သွားရင်း ပြောတယ်။ "ငါမကုန်ဘူး၊ မင်းကုန်မှာ" တဲ့။ အဲ့ဒါနဲ့ မောင်မြက အလုပ်သမားတွေ ဝါးဖို့ ထားတဲ့ ကွမ်းကို တနေ့လုံး မပြတ် ဝါးတယ်။ သူဌေးကြီးက သိတယ် ဘာမှမပြောဘူး။

မောင်မြက သူဌေးပိုက်ဆံ ပိုကုန်မယ့် နည်းလမ်း ရှာတယ်။ နေ့လည်နဲ့ ညစာကို ၃၊ ၄ ပန်းကန် စားပစ်တယ်။ သူဌေးကို ကျန်အလုပ်သမားတွေက တိုင်ကြတယ်။ သူဌေးက "ငါမကုန်ဘူး။ သူကုန်မှာ" လို့ ပြောတော့ ကျန်တဲ့သူတွေက နားမလည်ဘူး။

ဒါတင် အားမရတော့ မောင်မြက ဧည့်သည် တည်တဲ့ ဆေးပေါ့လိပ်ကို ယူသောက်တယ်။ သောက်တာမှ တနေ့လုံး တဟွတ်ဟွတ်နဲ့ ဖွာတာ။

နောက်ဆုံး အလုပ်သမားတွေ သောက်တဲ့ အကြမ်းအိုး ထဲမှာတောင် လက်ဖက်ခြောက်ကို တနေ့ထက် တနေ့ ပိုတိုးတိုးပြီး ခတ်တယ်။ ကျန်တဲ့ သူတွေက သူနဲ့ မသောက်နိုင်လို့ သူ့အတွက် အကြမ်းအိုး သပ်သပ် ထားရတယ်။

သူဌေးကြီးက "မောင်မြ ငါမကုန်ဘူး။ မင်းကုန်မှာ" လို့ ပြောတယ်။ မောင်မြက ဒီသူဌေး သူကုန်နေတာတောင် မသိဘူး။ အရူးလို့ ရယ်တယ်။

အဲ့ဒီလိုနဲ့ နှစ်အနည်းငယ် အကြာမှာ အလုပ်ထဲမှာပါ အချောင်ခို ကျန်အလုပ်သမားတွေ ကိုပါ ပျက်စီးအောင် လုပ်လာတော့ သူဌေးကြီးက မောင်မြကို အလုပ်ထုတ် လိုက်ရတယ်။ အဲ့ဒီမှာ မောင်မြ ပြဿနာ တက်တာပဲ။

(၁) ဒီလို သူဌေးကောင်း ဆီမှာ သူလုပ်ခဲ့တဲ့ လုပ်ရပ်သတင်း ပြန့်သွားလို့ သူ့ကို ဘယ်သူမှ အလုပ် မပေးဘူး။ (၂) မနက်၊ နေ့လည်၊ ညစာကို ထမင်း ၃၊ ၄ ပန်းကန်မှ မစားရရင် မတင်းတိမ်ဘူး။ အလုပ် မရှိရတဲ့ အထဲ တနေ့လုံး ဗိုက်က ဆာနေတော့တာ။

(၃) ကွမ်းနဲ့ ဆေးလိပ်ကလည်း အဆက်မပြတ် မဝါးရ၊ မသောက်ရရင် မနေနိုင်တော့ဘူး။ ခံတွင်းချဉ်တာ တနေ့လုံး ဘယ်လိုမှ နေလို့မရဘူး။ (၄) ဆန်မရှိရတဲ့ အထဲ ရေပါ သောက်လို့ အဆင်မပြေဘူး။ လက်ဖက်ခြောက် လက်တဆုပ် နှစ်ဆုပ်မှ မခတ်ရရင် ရေနွေးတောင် သောက်ရတာ အရသာ မရှိတော့ဘူး။

(၅) အဆိုးဆုံးက ကွမ်း၊ ဆေးလိပ်နဲ့ ထမင်းကို တနင့်တပိုး နှစ်နဲ့ချီ စားထားတော့ ရောဂါ ဖြစ်တာ။ အဲ့ဒီတော့မှ မောင်မြက ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကိုယ်ပြန်မြင်ပြီး "ငါမကုန်ဘူး။ မင်းကုန်မှာ" ဆိုတာကို သဘောပေါက် သွားတယ်။

ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါနဲ့။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ရင် တသက်လုံး ဆုံးရှုံးရ တတ်ပါတယ်။ Crd

Post a Comment

0 Comments