စုဖုရားလတ်သည် သီပေါမင်းကို မင်းသားဘဝ ထဲက တွေ့ဖူးသဖြင့် အရိုအသေ မရှိချေ။ ဒိုင်းခင်ခင်သည် သီပေါမင်းကို ဘုရင်ဖြစ်မှ တွေ့ရခြင်းကြောင့် လေးစား ကြောက်ရွံ့မှု ရှိသည်။ ထို ၂ ချက်သည် မိုးနှင့်မြေလို အကွာကြီး ကွာ၏။

စုဖုရားလတ် ထံတွင် မတွေ့ရ သော မိန်းမ တယောက်၏ အရေးပေး လေးစားခြင်းကို ဒိုင်းခင်ခင် ဆီမှ ရ၏။ ဒိုင်းခင်ခင်နှင့် တွေ့ရသည့် အခါ သိမ်ငယ်စိတ်များ လျော့ပါး စေသည်။

မိန်းမတယောက်၏ အလေးမြတ် ပြုခြင်းကြောင့် ယောက်က်ျား တယောက် အတွက် လိုအပ်သော မိမိကိုယ် မိမိ ယုံကြည် စိတ်ချ ခြင်းကို ခံစားရ၏။ ထို့ကြောင့် အလွန် မြတ်နိုး လေသည်။

စုဖုရားလတ် သိချိန်တွင် ဒိုင်းခင်ခင်သည် ကိုယ်ဝန် လွယ်ထား ရလေပြီ။ မခန့်မှန်း နိုင်သော စုဖုရားလတ် ဒေါသကို မည်သူမျှ မတားဆီး နိုင်ပေ။ ထိုကာလသည် မိန်းမတယောက် အချစ်ဆိပ် ငယ်ထိပ်မှာ တက်နေသော အချိန်ပင်။

စာရေးကောင်းတဲ့ Sis Ellen Grace ရေးထားတဲ့ စာလေး တပုဒ် ထဲက ဒါလေး ဖတ်မိတော့ ယောက်ျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် တန်ဖိုးထားမှုနဲ့ လေးစားမှုကို အနည်းနဲ့ အများ တော့ အားလုံး လိုချင် ကြသူချည်းလို့ တွေးမိတယ်။

ဖောက်ပြန်တယ်လို့ နာမည်ဆိုးတွေ တပ်ကြတဲ့ နှလုံးသား အလိုလိုက်မှု တွေဟာ အဲဒီ တန်ဖိုး ထားမှုနဲ့ လေးစားမှု မရှိခြင်းက လာတယ်။ တချို့က အချစ်ဆိုတဲ့ စကားလုံးကို တွင်တွင် သုံးတယ်။ ပြီးတော့ သူတို့က မချစ်တတ် ကြဘူး။ ငါ့ လက်ခုပ်ထဲက ရေ ဆိုပြီး တန်ဖိုးထားမှု လျော့လာရင် ကြာရင် အိမ်ထောင်ရေးကို စိတ်ကုန် လာတတ်တာ ပါပဲ။

သိပ်ချစ်လို့ လက်ထပ်ခဲ့ကြတဲ့ လင်မယား ၂ ယောက် ရှိတယ်။ အသက်လည်း မတိမ်း မယိမ်း။ ဇနီးဖြစ်သူ ကလည်း သိပ်ချော သိပ် ကျက်သရေ ရှိတယ်။ သူတို့က မရှိအတူ ရှိအတူ ရုန်းကန် လာကြတယ်။

ဇနီးဖြစ်သူက ပိုထက်မြက်၊ စီးပွားရှာတာ ပိုတော်တယ်။ ယောက်ျားက သိပ်မထက်ဘူး။ ဇနီးရှာလို့ ချမ်းသာ လာတယ်။ ယောက်ျားက အလုပ် တခု လုပ်လိုက် ရှုံးလိုက် နဲ့ မအောင်မြင်ဘူး။ ကြာတော့ မိန်းမက ယောက်ျားကို အထင် သေးလာတယ်။ အထင် မကြီးတော့တဲ့ အခါ အရိုအသေ တန်လာတယ်။

နှစ်တွေ ကြာတော့ ချူစားချင်လို့ ယောက်ျားကို "အကိုက သိပ်တော်တာပဲ" ဆိုပြီး မြှောက်တဲ့ မိန်းမနဲ့ တွေ့တော့ အဲဒီ ယောက်ျား ပါသွားရော။ အဲဒီ မြှောက်ပင့် ချူစားတဲ့ မိန်းမရဲ့ ရုပ်ရည် အသွင် အပြင်ဟာ မယားကြီး ခြေဖျားတောင် မမှီဘူး။ ဒါပေမယ့် ယောက်ျားရဲ့ အတ္တနဲ့ မာနကို အရောင် တင်ပေးနိုင်တော့ အဲဒီ မိန်းမကိုသာ ပေါင်းသင်းဖို့ ယောက်ျားက ရွေးချယ် ခဲ့တယ်။

ပြောချင်တာ ကတော့ ဒါပါပဲ။ လင်နဲ့ မယား အတူနေတာ ကြာပြီး တယောက် အကြောင်း တယောက် သိပ်သိသွားရင် လေးစား အထင်ကြီး တာတွေ မကျန်တော့တဲ့ အခါ အချစ် ဆိုတာလည်း မကျန် တော့ဘူး။

အချစ်နဲ့ လေးစားခြင်း ဟာလည်း တိုက်ရိုက် အချိုးကျ ပါတယ်။ လေးစား နိုင်မှလည်း ချစ်နိုင်မှာ၊ လေးစားဖို့ တန်ဖိုးထားဖို့ ဆိုတာ ကလည်း အလကား မရနိုင်ပါ။ လေးစားအောင် တန်ဖိုးရှိအောင် နေပါမှပဲ ရနိုင်မယ် မဟုတ်ပါလား။ Crd Ma Ma Sukhita Chaw