ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ မယ်ခြုံနဲ့ မယ်ပုံ ဆိုတဲ့ မိန်းမပျို နှစ်ယောက် ရှိသတဲ့။ မယ်ခြုံဟာ လှပချောမောပြီး မယ်ပုံလေး ကတော့ ရုပ်ဆိုးဆိုးလေး တဲ့ကွယ်။ လူစုံလာရင် မယ်ခြုံဟာ မယ်ပုံရဲ့ အားနည်းချက်တွေကို ရယ်စရာလုပ်ပြီး အမြဲ နှိမ့်ချ လှောင်ပြောင်လေ့ ရှိသတဲ့။ ရိုးသားအေးဆေးသလောက် သဘောကောင်းတဲ့ မယ်ပုံလေးကတော့ အမြဲသည်းခံ ခွင့်လွှတ်ပြီးပဲ နေရှာတာပေါ့ကွယ်။
ဒီလိုနဲ့ တနေ့မှာတော့ မယ်ခြုံ၊ မယ်ပုံတို့ ပါတဲ့ မိန်းကလေး တသိုက်ဟာ တောထဲကို ပန်းခူး သွားကြပါရော တဲ့ကွယ်။ မိန်းကလေးတွေဟာ တေးချင်းလေး တညည်းညည်းနဲ့ ပန်းခူးကြရင်း တောနက်ထဲ ရောက်သထက် ရောက်လာတာပေါ့ကွယ်။ တနေရာ အရောက်မှာတော့ သူတို့ဟာ အလွန်လှပပြီး ကြီးမားလွန်းတဲ့ ပန်းပွင့်ကြီး တပွင့်ကို ဆူးခြုံ အလည်မှာ တွေ့ရသတဲ့။
ဒီအခါ မယ်ခြုံက မယ်ပုံကို "မယ်ပုံရေ ပန်းပွင့်ကြီးက လှလိုက်တာကွယ်။ မင်းငါ့ကို ခူးပေးမယ် ဆိုရင်တော့ သိပ်ပျော်မိမှာပါပဲ။ မင်းကိုလည်း ဘယ်တော့မှ မစနောက်တော့ပါဘူး" လို့ ပြောသတဲ့။ ရိုးသားတဲ့ မယ်ပုံဟာ "ငါကြိုးစားပြီး ခူးပေးပါ့မယ် မယ်ခြုံရယ်" လို့ ပြောပြီး ဆူးခြုံတွေ ကြားထဲကို တဖြည်းဖြည်း တိုးဝင်သွား ပါရောတဲ့ကွယ်။
ဒါပေမဲ့ ဆူးခြုံတွေဟာ ထူထပ်လွန်းတာကြောင့် မယ်ပုံဟာ ပန်းပွင့်ကြီးဆီ မရောက်ပဲ ဆူးခြုံခင်း အလည်မှာ ပိတ်မိနေတယ်တဲ့။ ဒါကို မြင်တွေ့ရတဲ့ မယ်ခြုံတို့ တသိုက်ဟာ လှောင်ပြောင်ရယ်မောပြီး မယ်ပုံကို ချန်ထားရစ်ခဲ့ကာ ထွက်ခွာသွားကြ ပါရောတဲ့ကွယ်။ မယ်ပုံဟာ ဝမ်းနည်းလွန်းလို့ ဆူးခြုံ အလည်မှာ ငိုယိုပြီးသာ နေရှာတယ်တဲ့။
ညချမ်းအချိန် ရောက်လာတဲ့အခါ တောစောင့်နတ်သားလေးဟာ သူ့အိမ်ရဲ့ တံခါးဝရှိရာ ပန်းပွင့်ကြီးဆီကို ပြန်လာ ပါရောတဲ့ကွယ်။ ဒီအခါ ဆူးခြုံ အလည်မှာ ငိုယိုနေတဲ့ မယ်ပုံကို တွေ့သွားပြီး "အလို မိန်းကလေး ဘာကြောင့် ငိုယို နေရတာလဲ" လို့ မေးသတဲ့။ မယ်ပုံကလည်း ပန်းပွင့်ကြီးကို ခူးဖို့ ကြိုးစားရင်း ခြုံထဲက ရုန်းထွက်လို့ မရတဲ့အကြောင်း ပြောပြတာပေါ့ကွယ်။
ဒီအခါ တောစောင့်နတ်သားလေးက "ဒါဟာ ငါ့အိမ်ကို သွားရောက်ရာ တံခါးမုခ်ပေါက်ဝက ပန်းပွင့်ကြီး ဖြစ်တယ်။ မင်းဒီပန်းပွင့်ကြီးမျိုးလိုချင်ရင် ငါ့အိမ်မှာ အများကြီးရှိတယ်၊ ငါမင်းကို တပွင့် ပေးလိုက်နိုင်ပါတယ်။ ဒါပေမဲ့မင်း ငါ့အိမ်မှာ အလုပ်တော့ လုပ်ပေးရလိမ့်မယ်" လို့ပြောသတဲ့။ ဒီအခါ မယ်ပုံက "လုပ်ပေးပါ့မယ်" လို့ ပြောသတဲ့။
မယ်ပုံ ပြောပြီး မကြာခင်မှာပဲ ဆူးခြုံတွေဟာ တဖြည်းဖြည်း ကြဲသွားပြီး ဆူးခြုံခင်း အလည်မှာ လမ်းလေးတလမ်း ပေါ်လာပါရောတဲ့။ တောစောင့်နတ်သားလေးဟာ မီးအိမ်ကို ကိုင်မြှောက်လိုက်ပြီး "ကဲ မယ်ပုံ ငါ့နောက်က လိုက်ခဲ့ပေတော့" လို့ ပြောပြိး လမ်းလေးတလျှောက် ဦးဆောင် သွားပါတယ်တဲ့။
လမ်းတစ်လျှောက် ဝဲယာမှာ အလွန်လှပ တင့်တယ်လွန်းတဲ့ ဥယျာဉ်ကြီးတခု ရှိပြီး ဥယျာဉ်ကြီးထဲမှာလည်း ကြီးမားလှပတဲ့ ပန်းပွင့်ကြီးတွေဟာ ရောင်စုံ ဖူးပွင့်နေကြတယ်တဲ့။ လမ်းလေး အဆုံးမှာတော့ တောစောင့်နတ်သားလေးရဲ့ အိမ်ကို ရောက်ပါရောတဲ့ကွယ်။
အိမ်ရောက်တဲ့အခါ တောစောင့်နတ်သားလေးက "ကဲ မယ်ပုံ ညည်းငါ့အတွက် ငါခရီးသွားနေတုန်းမှာ ဝတ်ရုံတထည် ချူပ်ပေးရလိမ့်မယ်။ လိုအပ်တာတွေကို တောအုပ်အစွန် တဲကလေးထဲမှာ နေတဲ့ အဖွားကို မေးပါ" လို့ ပြောပြီး ကွယ်ပျောက်သွားပါရော တဲ့ကွယ်။
ဒီလိုနဲ့ မယ်ပုံလည်း ဝတ်ရုံချူပ်ဖို့အတွက် တောအုပ် အစွန်မှာရှိတဲ့ အဖွားရဲ့ တဲကလေး ဆီကို ထွက်လာခဲ့တာပေါ့ကွယ်။ လမ်းမှာ ထညက်ခဲကြီးတွေကို မနိုင့်တနိုင် သယ်နေကြတဲ့ ပုရွက်ဆိတ်တန်းကြီးကို တွေ့ရတယ်။ ပုရွက်ဆိတ်ဘုရင်မဟာ မိုးမရွာခင် ပုရွက်ဆိတ်ကျင်းကို ပြန် နိုင်ဖို့ လုပ်သား ပုရွက်ဆိတ်တွေကို ဆော်သြနေသတဲ့။
ဒါကို ကြည့်ပြီး သနားသွားတဲ့ မယ်ပုံဟာ ပုရောဆိတ်လေးတွေကို ကူညီပြီး ထညက်ခဲတွေကို ပုရောဆိတ်ကျင်းနားအထိ သယ်ဆောင်ပေးတယ်တဲ့ကွယ်။ ပုရောဆိတ်ဘုရင်မဟာ မယ်ပုံကို ကျေးဇူးတင်တာကြောင့် ရွှေအပ်လေး တချောင်း လက်ဆောင်ပေးတယ်။ လိုအပ်ရင် သုံးပါ လို့လည်း မှာလိုက်တာ ပေါ့ကွယ်။
ရှေ့ဆက် လျှောက်သွားတဲ့အခါ ရေခမ်းခြောက်ခါနီး ရေအိုင်ငယ်ထဲမှာ ကူးခတ်နေတဲ့ ရွှေငါးကြင်းလေး တကောင်ကို တွေ့သတဲ့။ မယ်ပုံကလည်း ရွှေငါးကြင်းလေးကို ဆယ်ယူပြီး စမ်းချောင်းလေးထဲမှာ လွှတ်ပေးလိုက်တယ်။ ရွှေငါးကြင်းလေးက လိုအပ်ရင် "ရွှေငါးကြင်းလေးရေ ကူလှည့်ပါနော်" လို့ ပြောပြီး သူ့ကိုခေါ်လိုက်ပါ၊ သူလာကူညီပါ့မယ်လို့ ကတိပေးပြီး စမ်းချောင်းလေးထဲမှာ ကူးခတ်သွားပါရောတဲ့ကွယ်။
ဒီလိုနဲ့ ရှေ့ဆက်သွားရင်း အဖွားရဲ့ တဲဆီကို ရောက်ရှိသွားပါ ရောတဲ့။ အဖွားရဲ့တဲဟာ သေးသေးကုတ်ကုတ်လေး ဖြစ်ပေမဲ့ နွေးထွေးလှတယ်တဲ့။ အဖွားက မယ်ပုံကို စွပ်ပြုပ်တအိုး ကြိုစေပြီး တူတူ စားသောက်ကြသတဲ့။ စွပ်ပြုပ်တွေ ကုန်သွားတဲ့အခါ အိုးအောက်ခြေမှာ ရွှေချည်လုံး၊ ငွေချည်လုံးတွေ တွေ့တာကြောင့် အဖွားက မယ်ပုံကို ယူလိုက်ဖို့ ပြောပြိး တညလုံး အထည်ယက်စေသတဲ့ကွယ်။
မနက်လင်းတဲ့ အခါမှာတော့ အလွန်လှပ နူးညံ့လှတဲ့ ရွှေပိုးထည်လေးကို ယက်လုပ်ပြီးစီး သွားတာပေါ့ကွယ်။ အဖွားက ရွှေပိုးထည်လေးကို မယ်ပုံကို ပေးပြီး ပြန်လွှတ်လိုက်သတဲ့ကွယ်။ တောစောင့်နတ်သားလေး အိမ်ကို မယ်ပုံ ပြန်ရောက်တဲ့အခါ ရွှေပိုးထည်လေးကို ဝတ်ရုံအဖြစ်ချူပ်လုပ်ဖို့ အပ်တွေ လိုက်ရှာသတဲ့။ ဒါပေမဲ့ အပ်တွေ အကုန်လုံးဟာ သံချေးတွေ တက်နေတယ်တဲ့ကွယ်။
ဒါနဲ့မယ်ပုံလည်း ပုရွက်ဆိတ်ဘုရင်မ ပေးတဲ့ ရွှေအပ်ကလေးကို ထုတ်ပြီး ချူပ်ရတာပေါ့ကွယ်။ ချူပ်ပြီးသွားတဲ့အခါ ကြယ်သီးတပ်ဖို့ လိုနေပြန်ရောတဲ့။ မယ်ပုံလည်း ကြံရာမရတာနဲ့ စမ်းချောင်းလေးနားကို သွားပြီး "ရွှေငါးကြင်း လေးရေ ကူလှည့်ပါနော်" လို့ ပြောပြီး ရွှေငါးကြင်းလေးကို အကူအညီတောင်းသတဲ့။
ဒီအခါ ရွှေငါးကြင်းလေး ပေါ်လာပြီး ကနုကမာ ကြယ်သီးလေးတွေ ရေအောက်ကနေ ကိုက်ချီယူလာပြီး မယ်ပုံကို ပေးသတဲ့။ ကြယ်သီးလေးတွေ တပ်ပြီးသွားချိန် မှာတော့ တောစောင့်နတ်သားလေးအတွက် ဝတ်ရုံလှလှလေး ချူပ်လို့ ပြီးသွားတာပေါ့ကွယ်။
တောစောင့်နတ်သားလေး ပြန်ရောက်လာတဲ့အခါ မယ်ပုံ ချူပ်လုပ်ထားတဲ့ ဝတ်ရုံလေးကို အလွန်သဘောကျ နှစ်သက်တာကြောင့် ရတနာတွေကို ဝတ်ရုံချူပ်ခ အဖြစ် ပေးသတဲ့။ ထို့နောက် ဥယျာဉ်ကြီးထဲ ခေါ်သွားပြီး ကြိုက်ရာ ပန်းပွင့်ကြီးတပွင့်ကို ခူးစေသတဲ့ကွယ်။ ဒါပေမဲ့ မယ်ပုံကတော့ အတော်အသင့်လှပတဲ့ ပန်းပွင့်ကြီး တပွင့်ကိုသာ ခူးယူပြီး ရွာကို ပြန်ခဲ့တယ်တဲ့ကွယ်။
ရွာကို ပြန်ရောက်တဲ့ အခါမှာတော့ တောစောင့်နတ်သားလေး ပေးလိုက်တဲ့ ရတနာတွေကို ထုခွဲ ရောင်းချပြိး ချမ်းသာသွား ပါရောတဲ့ကွယ်။ ပန်းပွင့်ကြီးရဲ့ အစွမ်းကြောင့်လည်း တနေ့တခြား လှပလာပြီး ကျက်သရေတွေ တိုးလာတယ်တဲ့ကွယ်။
မယ်ပုံရဲ့ သတင်းကို ကြားရတဲ့ မယ်ခြုံဟာ မယ်ပုံလိုပဲ တောစောင့်နတ်သားလေးကို တွေ့နိုင်ဖို့ တောနက်ထဲကို သွားရောက်ပြီး ဆူးခြုံတွေကြားမှာ ရပ်စောင့်နေသတဲ့ကွယ်။ တောစောင့်နတ်သားလေးနဲ့ တွေ့တဲ့အခါ အလုပ်ပေးဖို့ တောင်းဆိုသတဲ့။ တောစောင့်နတ်သားလေးကလည်း မယ်ပုံတုန်းကလိုပဲ ဝတ်ရုံတထည် မယ်ခြုံကို ချူပ်ခိုင်းသတဲ့။ မယ်ပုံတုန်းကလိုပဲ မယ်ခြုံ ဟာ အဖွားရှိရာ တဲဆီကို သွားပြီး အကူအညီ တောင်းရတာပေါ့ ကွယ်။
လမ်းတလျှောက်မှာ တကိုယ်ကောင်းဆန်တဲ့ မယ်ခြုံဟာ ဒုက္ခရောက်နေတဲ့ ပုရောဆိတ်တွေကို မကူညီပဲ ကျော်ခွသွားသတဲ့။ ရွှေငါးကြင်းလေးကိုလည်း ရေခမ်းလုဆဲဆဲ ဖြစ်နေတဲ့ စမ်းချောင်းလေးထဲ ကနေ မကယ်ခဲ့ဖူး တဲ့ကွယ်။ အဖွားဆီ ရောက်သွားတဲ့ အခါမှာလည်း အဖွားက စွပ်ပြုပ် ပြုပ်ဖို့ ပြောသော်လည်း အပျင်းကြီးပြီး ငုတ်တုတ်သာ ထိုင်လို့နေသတဲ့။
မနက်လင်းတဲ့ အခါမှာတော့ အဖွားဟာ မယ်ခြုံကို ပိတ်ကြမ်းအုပ် တအုပ်ပေးပြီး ပြန်လွှတ်လိုက်သတဲ့ကွယ်။ ဝတ်ရုံချူပ်ဖို့ အတွက် သံချေးတက်နေတဲ့ အပ်တွေပဲရှိတဲ့ မယ်ခြုံဟာ ရှိတဲ့ အပ်တွေနဲ့ အတင်းချူပ်သတဲ့။ ချူပ်ပြီးတဲ့အခါ မှာလည်း တပ်စရာ ကြယ်သီး မရှိတာကြောင့် ကြယ်သီးပေါက်လည်း မပါဖူးတဲ့ကွယ်။
တောစောင့်နတ်သားလေး ပြန်လာတဲ့အခါ မယ်ခြုံရဲ့ဝတ်ရုံကို ကြည့်ပြီး အလွန်စိတ်ပျက် သွားပါရောတဲ့။ ဒါပေမဲ့ ကတိအတိုင်း ဥယျာဉ်ကြီးဆီကို ခေါ်သွားပြီး ပန်းပွင့်ကြီးတပွင့်ကို ခူးစေသတဲ့။ လောဘကြီးလှတဲ့ မယ်ခြုံဟာ သူ့အလှနဲ့ ထိုက်တန်စေဖို့ အတွက်လို့ ရွတ်ဆိုပြီး အလှဆုံး၊ အကြီးဆုံး ပန်းပွင့်ကြီးကိုမှ ရွေးခူးပြီး ရွာကို ပြန်ခဲ့တယ်တဲ့ကွယ်။
ရွာကို ပြန်ရောက်တဲ့အခါ ပန်းပွင့်ကြီးကို ဧည့်ခန်းမှာထားပြီး နေ့တိုင်း စောင့်ကြည့်သတဲ့။ ဒါပေမဲ့ ပန်းပွင့်ကြီးဟာ ဘာမှ မထူးခြားပဲ တနေ့တခြား ညှိူးနွမ်းပြီးသာ လာသတဲ့။ မျှော်လင့်သလို မဖြစ်လာတဲ့အတွက် မယ်ခြုံဟာ လည်း တနေ့တခြား စိတ်တွေဆင်းရဲပြီး တဖြည်းဖြည်း အိုစာကာ အလှတွေ မှေးမှိန်လာသတဲ့။
နောက်ဆုံး သည်းမခံနိုင်တော့တဲ့ မယ်ခြုံဟာ ပန်းပွင့်ကြီးကို တစစီ ဆုတ်ဖြဲပြီး ခြွေမွပစ်လိုက် ပါရောတဲ့ကွယ်။ ပန်းပွင့်ကြီး ပျက်စီးသွားတာ နဲ့ တပြိုင်နက်ထဲမှာပဲ မယ်ခြုံဟာလည်း ရုပ်ဆိုးဆိုး အဖွားကြီးတယောက် ဖြစ်သွားပါရောတဲ့ကွယ်။ အဲ့ဒီနောက် သူဟာ အိမ်ထဲက အိမ်ပြင်ကို ဘယ်တော့မှ မထွက်တော့ပဲ အိမ်ထဲမှာပဲ အမြဲနေသွားရတော့ သတဲ့ကွယ်။
ကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ သားတို့ သမီးတို့လည်း မယ်ခြုံလို သူများအားနည်းချက်ကို လှောင်ပြောင် နှိမ့်ချတဲ့စိတ်၊ တကိုယ်ကောင်းဆန်စွာ သူများ အခက်အခဲရှိရင် ကျော်လွှားသွားတဲ့စိတ်၊ မစဉ်းစား မဆင်ခြင်ဘဲ လောဘကြီးတဲ့စိတ် တွေကို ရှောင်ကြဉ်လို့ မယ်ပုံလေးလိုပဲ စဉ်းစားဆင်ခြင်ပြီး သည်းခံ ခွင့်လွှတ်တတ်တဲ့စိတ်၊ အခက်အခဲ တွေ့နေတဲ့ သူတွေကို ကူညီတတ်တဲ့စိတ်၊ အခွင့်အရေး ရ သော်လည်း အလိုလောဘ မကြီးပဲ တန်ရာသင့်ရာ ကိုပဲ ရွေးချယ်တတ်တဲ့ စိတ်တွေ မွေးကြရမယ်နော်။ Crd MaZuHtike
0 Comments