ကြီးကန်း ရေတွင်းကျ

တခါတုန်းက ကြီးကန်း တယောက် ရှိလေသည်။ ကြီးကန်း တယောက်လို့ ဆိုလိုက်တာနဲ့ ငှက်ကျီးကန်းကို ပြောခြင်း မဟုတ်ပါ။ အသက်ကြီးမှ မျက်စိကွယ်တဲ့ မျက်ကန်း တယောက်ကို ပြောခြင်းသာ ဖြစ်ပါသည်။

သူဟာ မျက်စိ ကန်းနေပေမယ့် မျက်ကန်း တယောက်လို မနေပဲ ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ နေရာတကာ ပါရုံတင် မကပဲ သူဘယ်လောက်ပဲ မှားမှား အမှားကို ဝန်မခံပဲ စကားကို ကြုံရာ ကျဘမ်း ပြောကာ အလျော့မပေးတတ်သူ ဖြစ်လေသည်။ ဒါကြောင့်လည်း ရွာသူရွာသားများက သူ့အား စကားပြောရာတွင် ကပ်ကပ် သပ်သပ် ပြောရုံတင် မက အမှားကို ဝန်မခံတတ်သော အကျင့်ကြောင့် သိပ်ပြီး အဖက် မလုပ်ချင်ကြ။

တနေ့တွင် သမီးဖြစ်သူက "အဖေ အဲဒါ အဖေ့ဖိနပ် မဟုတ်ဘူး သမီး ဖိနပ်လေ။ ကိစ္စရှိလို့ သွားစရာ ရှိရင်လည်း သမီးကိုပြော လိုက်ပို့ပေး မှာပေါ့။ ကိစ္စ မရှိရင်လည်း ကိုယ့်အိမ်ထဲမှာ ကိုယ် အေးအေး ဆေးဆေး နေပါလား အဖေရယ်။ နောက်ပြီး မျက်လုံးလည်း ကောင်းတာ မဟုတ်ပဲနဲ့"

"အောင်မာ ငါ့ကို ဆရာ လာလုပ်လို့ နင့်ဖိနပ်မှန်း ငါသိပါတယ်ဟ။ ငါ့ဖိနပ်က မကောင်းလို့ နင်ဖိနပ် ယူစီးကြည့်တာ။ နင်တို့က ငါ့ကို မျက်လုံး မကောင်းဘူး ဆိုပြီး အထင်သေး အမြင်သေးနဲ့" လို့ သူ့သမီးကို ပြန်ပြောတယ်။ သမီးလုပ်သူကလည်း အကြောင်း သိပြီးသားမို့ ဘာမှ ဆက်မပြောတော့။

နောက်တနေ့ တွင်မူ အိမ်ပေါ်ကနေ အဆင်း လှေကားထစ်အောက် အရောက်တွင် "ဟာ အဖေ အဖေကို ခွေးကိုက် မိပြီ။ အဖေ ကလည်းလေ ပြောကို မပြောချင်တော့ဘူး၊ ခွေးကို တောင်ဝှေးနဲ့ ထောက်မိတော့ ခွေးက နာကျင်ပြီး ကြောက်ကိုက် ကိုက်လိုက်တာပေါ့။ သွားစရာ ရှိရင် သမီးတို့ကို ပြောပါလို့ အတန်တန် ပြောထားရက်နဲ့"

"ဟ ဒီခွေးရှိမှန်း ငါသိသားပဲ။ လူတွေ သွားလာနေတဲ့ လှေကားထိပ် လာဝပ်နေလို့ အမြင်ကပ်လို့ တောင်ဝှေးနဲ့ တမင် ထောက်လိုက်တာ။ နောက်ဆို ဒီကောင်လာ ဝပ်ရဲမှာ မဟုတ်တော့ဘူး" သမီးလုပ်သူလည်း ခေါင်းသာ ရမ်းနေလေ တော့သည်။

ဒီလိုနဲ့ တနေ့တွင် "မီးဗျို့ မီး မီး" ဟု ရွာသား တယောက်က အော်သော အခါ ရွာသားများလည်း မီးဝိုင်းသတ်ရန် အပြေးအလွှား သွားကြလေသည်။ မီးဟု အသံ ကြားသောအခါ မျက်ကန်း၏ သမီးဖြစ်သူလည်း အလုပ် လုပ်နေရာမှ ဖခင်အတွက် စိုးရိမ်သွားကာ အိမ်သို့ အပြေး အလွှား ပြေးလာတော့သည်။

သို့သော် အိမ်ရောက်သောအခါ ဖခင်အား ရှာမတွေ့။ မီးသည်ကား ရွာသားများ ညှိမ်း၍ ငြိမ်းလေပြီ။ သူမကား သူဖခင်အား အခုထိ ရှာမတွေ့။ ရွာသားများအား အကူအညီ တောင်းကာ ရှာဖွှေရ တော့သည်။ တော်တော်နှင့် ရှာမတွေ့ ညနေ နေဝင်ရီတရော အချိန်လောက်မှ ရွာသား တယောက်က "ဟို ရေတွင်းပျက်ကြီးထဲမှာ ခင်ဗျား အဖေကို တွေ့ခဲ့တယ်ဗျ" "ဟာ ဒါဆို အမြန်သွားဆယ်မှ ဖြစ်မယ်"

ဆရာသမားကား ရေတွင်းပျက်ထဲ၌ ရှိနေလေသည်။ တော်သေး၏။ ရေကား ခါးလောက်ပဲ ရှိ၍ ရေနစ်မသေ။ ရွာသားများလည်း ထိုမျက်ကန်းအား အပေါ်သို့ ဆယ်ယူကြလေသည်။ သူ၏အကြောင်းကို သိထားသော ရွာသားများကား ဘာမှ အထွေအထူး မပြောတော့ပဲ အလျိုလျို ပြန်သွားကြလေသည်။

ဒီတော့မှ သမီးလုပ်သူလည်း "အဖေနဲ့တော့ စိတ်ညစ်ပါတယ်။ မျက်လုံးက မြင်တာ မဟုတ်ပဲနဲ့ မီးလောင်နေတာကို ကိုယ့်အိမ်ထဲမှာကိုယ် နေမယ် မရှိဘူး။ သွားစပ်စုတော့ ကံကောင်းလို့ မီးလောင်လို့ မသေပဲ ရေတွင်းထဲ ကျပြီး ရေနစ်သေတော့မလို့"

ဒီတော့ မျက်ကန်းဖြစ်သူက "အောင်မာ ရေတွင်းပျက်ကို မမြင်လို့ ပြုတ်ကျတယ်များ ထင်နေလား။ မီးလောင်နေမှန်း သိလို့ တမင်ခုန်ဆင်း လိုက်တာ ရေတွင်းထဲ ငုံ့နေမှ မီးလောင်ပြီး မသေမှာ ပေါ့ဟ" လို့ သူ့သမီးကို ပြန်ပြောလိုက် ပါတော့တယ်။

မျက်စိမမြင်လို့ ရေတွင်းထဲ ကျတာကို ဝန်မခံပဲ မီးလောင်မှာ စိုးလို့ တမင် ခုန်ဆင်းလိုက်တာ ပါလို့ ပြောလိုက်တဲ့ မျက်ကန်းလို အမှားကို အမှားလို့ ဝန်မခံပဲ ကျဘမ်းပြောတဲ့ လူတွေကို အကန်း ရေတွင်းကျ လူစားလို့ ပြောကြတော့တာပါပဲ။ ဒါနဲ့ ကျနော်က ငယ်ငယ်ကလည်း အကန်းရေတွင်းကျ လူစားဗျ။ ကျနော့် အဘိုးက ဒီပုံပြင်လေး ပြောပြီး ဆုံးမလိုက်မှ ကျနော်လည်း အမှားကို ဝန်ခံတတ် လာတာပါ။ မိတ်ဆွေတို့လည်း ဒီပုံပြင်ထဲက အကန်းလို အကန်းရေတွင်းကျ စကားမျိုး မပြောဖြစ်အောင် သတိထားကြပါလို့။ Han Tun Aung (p k u)

Post a Comment

0 Comments