စိတ်ကြီးဝင်နိုင်ကြပါစေ

ဖေ့စဘွတ်ခ်မှာ စိတ်ကြီးဝင် ဆိုပြီး တက်လာတယ်။ အားလုံး စိတ်ကြီး ဝင်လိုက်ကြတာ သောက်သောက် လဲ။ ကျွန်တော်လည်း စိတ်ကြီး ဝင်လိုက် ပါသေးတယ်။

ဒီနေ့ သေချာ ပြန်စဉ်းစား ကြည့်တော့ အတွေး တမျိုး ဝင်လာတယ် ဗျ။ ကျွန်တော်တို့ အားလုံး မြန်မာလူမျိုး ဆိုတဲ့ စိတ်ကြီး ဝင်နိုင် ကြရင် မကောင်းဘူး လားဗျာ။

တနေ့က ကျွန်တော် အလုပ်က ပြန်တော့ တိုကျို ဘူတာ ထဲမှာ ရန်ပွဲ အသေးလေး ဖြစ်ကြတယ်ဗျ။ ဂျပန်လူမျိုး အချင်းချင်းပါပဲ။

တယောက်နဲ့ တယောက် တိုက်မိရာ ကနေ အသက်ငယ်သူက စပြီး မတောင်းပန်ရ ကောင်းလား ဆိုပြီး အတိုက်ခံ ရတဲ့ အဘိုးကြီးက လိုက်ဆွဲလို့ ဖြစ်တဲ့ ပွဲပါ။

လူရွယ် ကလည်း အရေးကြီး နေပုံ ရပါတယ်။ အရေးတကြီး သွားလာရင်း တိုက်မိ တာပါ။ ဒါကို အဘိုးကြီးက မတောင်းပန်ရ ကောင်းလား ဆိုပြီး လိုက်ပြီး ရန်လုပ် ပါတယ်။

ဂျပန်မှာ ရန်ဖြစ်ရင် စပြီး ထိုးကြိတ်သူက အရှုံး ဖြစ်တဲ့ အတွက် ဘယ်သူ့ ဘယ်သူမှ စပြီး မလုပ်ကြပဲ ပခုံးချင်းတိုက် အော်ကြ ဟစ်ကြ တာပါ။

ရန်ပွဲကို ဘယ်သူမှ ဝင်မဆွဲ ပါဘူး။ နိုင်ငံခြားသားတွေ အလည်အပတ် များတဲ့ တိုကျို ဘူတာမှာ ဂျပန်လူမျိုးတွေ ရန်ဖြစ်တာ မတွေ့ဘူးတဲ့ ကျွန်တော်တို့လို နိုင်ငံခြားသားတွေ အတွက် တော့ ပွဲကြီး ပေါ့ဗျာ။

အော်လို့ ဟစ်လို့ အရှိန် တက်နေချိန် မှာပဲ ဖြတ်သွား ဖြတ်လာ ဂျပန် တယောက်က "ဟေ့ မရှက်ကြဘူးလား။ မင်းတို့ ဂျပန်လူမျိုး မဟုတ်ဘူး လား" လို့ တခွန်းပဲ ပြောသွားတယ်ဗျာ။

အံ့ဩစရာက ရန်ဖြစ်နေသူ နှစ်ဦးလုံး လူခွဲပြီး ကိုယ့်လမ်းကိုယ် ဆက်သွား ကြတယ်။

"ဂျပန်လူမျိုး" ဆိုတဲ့ စိတ်ကြီးဝင်မှုက ကိုယ့်ရဲ့ စိတ်ကိုပါ ထိန်းချုပ် ပြီးသား ဖြစ်သွား ကြတယ်။ သူတို့ (ဂျပန်လူမျိုး) တွေ စိတ်ကြီး ဝင်ကြတယ်။ စည်းကမ်း ရှိတဲ့လူမျိုး ဆိုပြီး စိတ်ကြီးဝင် ကြတယ်။

စည်းလုံးတဲ့ လူမျိုး ဆိုပြီး စိတ်ကြီးဝင် ကြတယ်။ ကြိုးစားတဲ့ လူမျိုး ဆိုပြီး စိတ်ကြီးဝင် ကြတယ်။ အချိန် လေးစားတဲ့ လူမျိုး ဆိုပြီး စိတ်ကြီးဝင် ကြတယ်။ အဲဒီလို စိတ်ကြီး ဝင်နိုင်အောင်လည်း စိတ်ဓါတ်တွေ အကြီးကြီး ထားခဲ့ ကြတယ်။

ကျွန်တော်တို့လည်း စိတ်ကြီးဝင်နိုင် ကြရမယ်။ ကျနော်တို့ အချင်းချင်း ရန်မဖြစ်ကြဘဲ စည်းလုံးကြမယ် ဆိုတဲ့ အတွေး၊ အမှိုက်ကို စည်းကမ်းမဲ့ ပစ်ခါနီးတိုင်း ငါတို့ မြန်မာတွေ စည်းကမ်း ရှိရတော့မယ် ဆိုတဲ့ အတွေး၊ ကွမ်းတံတွေး ထွေးခါ နီးတိုင်း ငါတို့ မြန်မာတွေ စောင့်စည်း ရတော့မယ် ဆိုတဲ့ အတွေး၊

အသံချဲ့စက်ကြီး အကျယ်ကြီး ဖွင့်ခါနီးတိုင်း ငါတို့ မြန်မာတွေ သူတပါးကို အနှောက် အယှက် မဖြစ်ရဘူး ဆိုတဲ့ အတွေး၊ တန်းစီတဲ့ နေရာတိုင်း ငါတို့ မြန်မာတွေ ကြားဖြတ် မကျော်ဘူးကွာ ဆိုတဲ့ အတွေး လေးတွေ တွေးမိ ဆင်ခြင်မိ ကြရင် ကျွန်တော်တို့ မြန်မာလူမျိုး ဆိုတဲ့ စိတ်ကြီးဝင် လို့ ရပြီ။

ကဲ ကျွန်တော်တို့ ရွှေမြန်မာတွေ စိတ်ကြီး ဝင်ကြရအောင်ဗျာ။ မင်းယျာ

Post a Comment

0 Comments