ယုံကြည်မှု ဓလေ့

ရှေးဟောင်း အိန္ဒိယပြည်မှာ Sati ဆာတီဆိုတဲ့ စက်ဆုပ်ရွံရှာဖွယ် ယုံကြည်မှု ဓလေ့ဆိုးတခု ရှိခဲ့တယ်။ အဲဒါကတော့ ခင်ပွန်းသည် သေဆုံးသွားတဲ့ အခါ ကျန်ရစ်တဲ့ မုဆိုးမကို အရှင်လတ်လတ် သေဆုံးသူနဲ့ အတူ မီးရှို့တဲ့ ဓလေ့ပဲ ဖြစ်တယ်။

အဲဒီဓလေ့ကို ကျင့်သုံးစဉ် အခါက ဘာသာရေး အယူသည်းသူတွေ ကတော့ အရှင်လတ်လတ် မီးရှို့ခံရတဲ့ မုဆိုးမဟာ ခင်ပွန်းသည်နဲ့ သေအတူ ရှင်မကွာ သစ္စာရှိသူ၊ မိန်းမမြတ်လို့ ယူဆကြတယ်။ အဲဒီဓလေ့ဟာ အိန္ဒိယရဲ့ ဂုပတ မင်းဆက်ကနေ ဗြိတိသျှ လက်အောက် ရောက်တဲ့ ကိုလိုနီခေတ်အထိ ကျင့်သုံးနေကြဆဲပဲ။

ဗြိတိသျှ အစိုးရဟာ ဒီဓလေ့ကို နဖူးတွေ့ဒူးတွေ့ တွေ့တဲ့ အချိန်မှာ အင်မတန် ထိတ်လန့်သွားတယ်။ အဲဒီဓလေ့ ပျောက်ဖို့အတွက် ဥပဒေတွေ တားမြစ်ချက်တွေ ထုတ်တယ်။ အဲဒီအခါ ဘာသာရေး အယူသီးသူတွေက ဦးဆောင်ပြီး "ငါတို့ဘာသာနဲ့ ရိုးရာဓလေ့ကို ဝင်မစွက်ဖက်ရ၊ ငါတို့ရိုးရာဓလေ့ အတိုင်း ဆက်ပြီး ကျင့်သုံးမယ်" ဆိုပြီး စည်းရုံးဆန္ဒပြ ကြတယ်။

အဲဒီလို ဆန္ဒပြကြတဲ့ အခါ Sir Charles James Napier ဆာချားလတ်စ် ဂျိမ်းမ်စ် နာပီယာ ဆိုတဲ့ ဗြိတိသျှ အရာရှိကြီး တယောက်က ဆန္ဒပြသူတွေ အရှေ့ကို ရောက်လာတယ်။ အဲဒီနောက် ဆန္ဒပြသူတွေနဲ့ ဒီလို စကားအပြန်အလှန် ပြောပါသတဲ့။

"ခင်ဗျားတို့က ဘာလိုချင်တာလဲ"

"ကျုပ်တို့ ဘာသာနဲ့ ရိုးရာဓလေ့ကို ကျုပ်တို့ကြိုက်သလို ကျင့်သုံးခွင့်"

"ဘာလို့များ ခင်ဗျားတို့က ဒီဓလေ့ကို ကျင့်သုံးချင်ရတာလဲ"

"ရိုးရာဓလေ့ ဆိုတာ ဘယ်တော့မှ မသွေဖယ်ရဘူး၊ ကျင့်သုံးမြဲ ကျင့်သုံးရမယ်"

"ကောင်းပြီလေ၊ ခင်ဗျားတို့ စကားအတိုင်းပဲ ခင်ဗျားတို့ ရိုးရာဓလေ့ အတိုင်းလည်း ကျင့်သုံးသလိုပဲ။ ကျုပ်တို့ရိုးရာဓလေ့ ကိုလည်း ကျင့်သုံးရမှာပဲ။ ခင်ဗျားတို့ဆီမှာ မုဆိုးမတယောက်ကို သေဆုံးသူနဲ့ ထည့်ပြီး မီးရှို့တဲ့ ဓလေ့ရှိသလို၊ ကျုပ်တို့ရိုးရာဓလေ့ မှာလည်း မုဆိုးမကို မီးရှို့သတ်တဲ့ လူတွေကို ကြိုးပေးရတဲ့ ဓလေ့ရှိသဗျ။

ကျုပ်ရဲ့ လက်သမားဆရာက အဲဒီဓလေ့ကို ကျင့်သုံးဖို့ ကြိုးစင်တောင် ရိုက်နေပြီဗျ။ ခင်ဗျားတို့ကလည်း ခင်ဗျားတို့ ဓလေ့အတိုင်းလုပ်၊ ကျုပ်တို့ကလည်း ကျုပ်တို့ ဓလေ့အတိုင်းပဲ လုပ်ကြတာပေါ့"

အဲဒီအချိန်ကစပြီး ဘာသာရေး အစွန်းရောက်တွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားသလို သူတို့ရဲ့ ဓလေ့ဆိုးဟာလည်း ပျောက်ကွယ်သွားတယ်။ သူတို့ ခံရမှာကိုတော့ ကြောက်ကြတာကိုး။

တခါတလေမှာ ဥပေဒ မရှိတဲ့အခါ ဥပဒေမဲ့ ပြုကျင့်သူတွေဟာ ဝမ်းသာအားရ ရှိတတ်ကြတာမျိုး။ လူတဖက်သားကို အနိုင်အထက်ပြု၊ မတရား လုပ်နေတာကို တောင်မှ လုပ်ရိုးလုပ်စဉ်သဘော ဖြစ်လာကြတယ်။

အရင်တုန်းကလည်း မုဒိမ်းကျင့်ခဲ့တာပဲကွာ၊ ခုလည်းကျင့်မယ်၊ အရင်တုန်းကလည်း လုခဲ့ယက်ခဲ့ တာပဲကွာ၊ ခုလည်း လုမှာပဲ၊ အရင်တုန်းကတည်းက အနိုင်ကျင့်ခဲ့တာပဲ အခုလည်း အနိုင်ကျင့်မယ် ဆိုတဲ့ မကောင်းမှုကို လုပ်ရိုးလုပ်စဉ် သဘောမျိုးလည်း ဖြစ်သွားတတ်ကြသေးတာပဲ။

တကယ်တော့ ဗြိတိသျှ အရာရှိကြီးပြောတဲ့ "ကျုပ်တို့ရဲ့ ရိုးရာဓလေ့" ဆိုတာက law and order ပဲ။ တရားမမျှတတဲ့၊ အနိုင်ကျင့် နှိပ်စက်တတ်တဲ့၊ ဘာသာရေး အစွန်းရောက်တဲ့ ပြစ်မှုမှန်သမျှဟာ ဖြောင့်မတ်တဲ့၊ မျှတတဲ့ တရားစီရင်မှု အောက်မှာ ပျောက်သွားခဲ့ရတာချည်း ပါပဲ။ အဲဒီလို ဖြောင့်မတ်တဲ့၊ မျှတတဲ့ တရားစီရင်ရေးဟာ တချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ဓလေ့တခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ယုံကြည်နေဆဲ ပါပဲ။ crd ဖြိုးသုတ

Post a Comment

0 Comments