နှလုံးသားလှသူ

တနေ့မှာ ကောင်မလေး တယောက်ဟာ ပန်းဝယ်ရန် အတွက် ပန်းဈေးတန်းထဲကို ဝင်သွားတယ်။ ပန်းဈေးတန်းထဲ ရောက်တော့ မဝယ်ခင် ဈေးတန်းတလျှောက် ပန်းတွေကို အရင် လိုက်ကြည့်တယ်။

ပန်းသည်တွေ ကလည်း သူ့ကို ပန်းဝယ်မည်လော အလျိုလျို မေးကြတယ်။ ကောင်မလေးက ဘယ်သူ့အမေးမှ မဖြေပဲ ဈေးတန်း ဆုံးသည်အထိ ပန်းတွေအားလုံးကို လိုက်ကြည့်လိုက်တယ်။

ပြီးတော့မှ အဖွားအိုတယောက်ရဲ့ နှင်းဆီပန်းဆိုင်ကို ပြန်လျှောက်လာပြီး အဘွားကို ပန်းတပွင့်ကို ဘယ်လောက်လဲ လို့ မေးတယ်။ အဘွားအိုကလည်း နှင်းဆီပန်းတွေက အားလုံး လှပနေတာကြောင့် တပွင့်ကို ၅၀ လို့ ပြန်ဖြေတယ်။

ထိုအခါ ကောင်မလေးက အဘွားအိုကို တချက်ပြုံးပြပြီး အစီအရီ ခင်းထားတဲ့ ပန်းခြင်းတွေထဲက ညှိုးနွမ်းနေတဲ့ ပန်းပွင့်တွေကို ရွေးပြီး ဆွဲထုတ်လိုက်တယ်။ အဘွားအိုက ကောင်မလေးရဲ့ လုပ်ရပ်တွေကို စိတ်ကွက်နေမိတယ်။

နှင်းဆီပန်းတွေ အားလုံးလှပတယ် လို့ ပြောထားတာ ခု မလှတဲ့ပန်းတွေကို ဆွဲထုတ်နေတယ် ဆိုတော့ ဒါသူ့ကို သက်သက် ချိုးတာပဲ လို့ တွေးပြီး စိတ်မကြည်မသာ ဖြစ်နေတယ်။ ပန်းတွေက အထက်အောက် ဆွဲထုတ်ရတာမို့ အနည်းငယ် ပုံပျက်သွားလေတယ်။

အဘွားအိုကလည်း စိတ်မရှည်စွာနဲ့ ယူမှာလား မယူဘူးလား ဟိုလှန် ဒီလော မလုပ်ပါနဲ့ ပန်းတွေ ကြေကုန်မယ် လို့ လေသံခပ်မာမာနဲ့ ပြောလိုက်တယ်။

ကောင်မလေးကတော့ ဘာမှပြန်မပြောပဲ သူရွေးထားတဲ့ ညှိုးနွမ်းလုလု နှင်းဆီပန်းတွေကို စုပြီး "အဘွား ဘယ်နှပွင့်ရှိလဲ၊ သမီး ဒီပန်းတွေ ဝယ်ပါမယ်" လို့ ပြောလိုက်တော့ ပန်းသည်အဘွားဟာ အနည်းငယ် မျက်နှာပျက်သွားတယ်။

ပြီးတော့မှ ပန်းသည်အဘွားက "ပန်းအလှတွေ လန်းဆန်းတာတွေ ဒီလောက်များတာ ဘာလို့ ဒီမလှတဲ့ ပန်းတွေကိုမှ ရွေးပြီးဝယ်သလဲ" လို့ နားမလည်စွာ မေးလိုက်တယ်။

ကောင်မလေးက "ပန်းတွေအားလုံး လှပပါတယ်။ ဒါပေမယ့် ဒီ ညှိုးနေတဲ့ ပန်းတွေကတော့ ခဏပဲ ခံတော့မယ် ထင်တယ်။ သမီးက သမီးချစ်သူရဲ့ အုတ်ဂူမှာ ပန်းစည်းတင်ဖို့ပါ။ ဘယ်လောက်ပဲ လှပ လန်းဆန်းတဲ့ ပန်းကိုပဲ ဝယ်ဝယ် နေပူမှာ ထားခဲ့မှာမို့ ခဏလေးနဲ့ ညှိုးသွားနိုင် ပါတယ်။

ဒါကြောင့် အဘွားလည်း ကျန်တဲ့ ပန်းတွေ လှလှပပ ရောင်းရအောင် သမီး တမင်ရွေးပြီး နွမ်းမယ်ထင်တဲ့ ပန်းတွေကို ဝယ်ခဲ့တာပါ" လို့ အပြုံးလေးနဲ့ ဖြေလိုက်တော့ အဘွားအိုဟာ ခုနက သူစိတ်ကွက်မိတာကို သူ့ကိုယ်သူ ရှက်သလိုလိုဖြစ်သွားသည်။

တကယ် နှလုံးသား လှသူဆိုတာ စာနာစိတ် အပြည့်အဝ ရှိသလို ကိုယ့်ဖို့ထက် သူများ အဆင်ပြေဖို့ကိုပဲ အရင်ဆုံး တွေးပေးတတ်ကြပါတယ်။ Crd

Post a Comment

0 Comments