ဉာဏ်ပညာသည်သာ အားကိုးရာ

တခါတုန်းက အမတ်ချုပ်ကြီး ဘာဘယ်သည် သူ၏ ဉာဏ်ပညာနှင့် ဟာသတို့ကြောင့် ဘုရင်ကြီး အာကဘာ၏ ချစ်မြတ်နိုးမှု ကိုသာ ရရှိခြင်း မဟုတ်ပဲ သာမန်ပြည်သူ အများစု၏ ချစ်မြတ်နိုးမှု ကိုလည်း ရရှိပြီး ပြည်သူတွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အတွက် အကြံဉာဏ် ရရှိဖို့ အဝေးကြီးကနေ သူ့ဆီကို လာလေ့ ရှိသည်။

သို့သော်လည်းသူ၏ ကျော်ကြားမှုကို မနာလို ဖြစ်ပြီး သူ့ကို အသဲအသန် မုန်းတီးနေသည့် ဝန်ကြီးအဖွဲ့ တဖွဲ့လည်း ရှိခဲ့သည်။ သူတို့သည် အပြင်ပန်း အားဖြင့် ဘာဘယ်အား ချီးမွမ်းခြင်းနှင့် ချီးကျူးစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြ သော်လည်း အတွင်းစိတ်ထဲ၌ သူတို့က ဘာဘယ့်ကို သတ်ရန်ပင် ကြံစည်ခဲ့သည်။

တနေ့မှာ သူတို့ဟာ အစီအစဉ် တခု ချမှတ်ပြီး ဘုရင်ရဲ့ ဆံသဆရာထံ ချဉ်းကပ်လာ ခဲ့သည်။ ဆံသဆရာသည် ဘုရင့်လူယုံ ဖြစ်ပြီး ဘုရင်နှင့် အလွန် နီးကပ်သောကြောင့် ဘာဘယ်ကို အပြီးအပြတ် ရှင်းလင်း ဖယ်ရှားပေးရန် အကူအညီ တောင်းခဲ့သည်။ အောင်မြင်ခဲ့ရင် ငွေ အမြောက်အများ ပေးမယ်လို့လည်း ကတိပေး ထားသည်။ စိတ်ထား မကောင်းတဲ့ ဆံသဆရာ ကလည်း သဘောတူလိုက်သည်။

နောက်တကြိမ် ဘုရင်ကြီး ဆံပင်ညှပ်လိုတဲ့ အခါ ဆံသဆရာသည် ဆံပင်ညှပ်ပေးနေရင်း ဘုရင်ကြီး၏ နူးညံ့ ချောမွေ့တဲ့ ဆံကေသာကို ချီးမွမ်းခဲ့ ပြီးနောက် သူအမှု ထမ်းခဲ့ဖူးသော ဘုရင်ကြီးရဲ့ ဖခင်၏ ဆံပင်အကြောင်း စကား စတင် ပြောခဲ့ပြီး ဘုရင်ဟောင်းကြီး၏ ကျေးဇူးတရားများကို ပြောကြား ခဲ့သည်။

ထို့စကားများကြောင့် ဘုရင်ကြီး နှစ်ချိုက်နေစဉ် ဆက်ပြောသည်မှာ "ဘုရင်ကြီးအား ဧကရာဇ်အဖြစ် ဤမျှ ကြီးကျယ်သော ချမ်းသာသုခကို ခံစားရအောင် ဆောင်ရွက်ပေး ခဲ့သော နတ်ရွာစံပြီးသည့် ဘိုးဘေးများ ကောင်းကျိုးအတွက် တခုခု လုပ်ပေးဖို့ကြိုးစားခဲ့ဘူးလား" ဟု ဘုရင်အား မေးခဲ့သည်။

မင်းကြီးမှ ဤမေးခွန်းကို အလွန် ဒေါသထွက်ခဲ့ပြီး "သေပြီးသူ များအတွက် ဘယ်သူမှ ဘာမှ မလုပ်ပေးနိုင်" ဟု ဆံသဆရာကို ဒေါသတကြီး ပြောခဲ့သည်။

ဆံပင်ညှပ်ဆရာက အလွန်အမင်း တောင်းပန်ခဲ့ ပြီးနောက် "တမလွန် (ကောင်းကင်) မှ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရန် အကူအညီ ရနိုင်မည့် မှော်ဆရာ တဦးကို ကျွန်တော် သိပါတယ်။ ထိုမှော်ဆရာသည် ဘိုးဘေးတို့၏ သက်သာ ချောင်ချိမှုကို မေးမြန်းရန် လူတဦးအား တမလွန် (ကောင်းကင်) သို့ စေလွှတ် နိုင်ပါတယ်။ ဒါပေမယ့် စေလွှတ်မယ့်သူကို သေချာ ရွေးချယ်ဖို့လိုအပ်ပါတယ်။

ထိုသူသည် မှော်ဆရာ၏ ညွှန်ကြားချက်များကို သေချာ လိုက်နာရန်နှင့် တထိုင်တည်း ဆုံးဖြတ်ချက်များ ချနိုင်ရန် လုံလောက်သော အသိဉာဏ် ရှိရမည် ဖြစ်ပါတယ်။ သူသည် အသိဉာဏ်ပညာနှင့် တာဝန်ယူမှု ရှိရမှာ ဖြစ်ပါတယ်"

ဟု ပြောကြားခဲ့ပြီးနောက် ဆံသဆရာသည် ထိုအလုပ် အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံး ပုဂ္ဂိုလ်မှာ အမတ်ကြီး ဘာဘယ်သာ ဖြစ်သည်ဟု မင်းကြီးအား လျှောက်တင်လေသည်။

မင်းကြီးသည် နတ်ရှာစံသွားသော ဖခင်နှင့် ဆက်သွယ်နိုင်သည် ဟူ၍ ကြားရသောအခါ အလွန် စိတ်လှုပ်ရှား သွားပြီး မှန် မမှန်၊ အဓိပ္ပာယ် ရှိ မရှိပင် မစဉ်းစားနိုင်တောပဲ "ဘာလိုလုပ်ရမှာလဲ" ဟု မေးလိုက်တယ်။ ဆံပင်ညှပ်ဆရာက

"ဘာဘယ့်ကို သင်္ချိုင်းမြေဆီ ခေါ်သွားပြီး သင်္ချိုင်းမှာ မှော်ဆရာက မီးနဲ့ ယဇ်ပူ‌ဇော် ပေးပါလိမ့်မယ်။ ဘာဘယ့်ကို မီးလောင်သွားတယ် လို့ မြင်ရပြီး မီးခိုးများနှင့် အတူ ကောင်းကင်သို့ တက်သွားပါလိမ့်မယ်။ မှော်ဆရာက စကတည်းက မန္တန်များကို ရွတ်ဆိုပေးနေလို့ ဘာဘယ့်ကို မီးမလောင်ပဲ ကောင်ကင်ကို ရောက်သွား ပါလိမ့်မယ်" ဟု ပြောသည်။

ဘုရင်က ဘာဘယ်အား ဤအစီအစဉ်ကို ပျော်ရွှင်စွာ အသိပေးခဲ့သည်။ ဘာဘယ်က သူ သဘောမတူရင် မင်းကြီး စိတ်ခုပြီး ဒုက္ခရောက်နိုင်တာ သိတာနဲ့ မင်းကြီးကို "အခု အကြံသည် အလွန်သင့်တော် ကောင်းမွန်လှပါသည်။ ဒီလို အကြံကောင်းကို ဘယ်သူ စိတ်ကူးခဲ့တာပါလဲ ဘုရား" ဟု မေးလိုက်သည်။

ဆံသဆရာရဲ့ အကြံအစည်မှန်း သိတဲ့အခါ သူက ခရီးရှည် အတွက် ငွေအများကြီး အပြင် သူ့မိသားစု ကိစ္စကို ဖြေရှင်းဖို့ အချိန် တလ တောင်းခဲ့သည်။ ဘုရင်သည် နှစ်ချက်လုံးကို သဘောတူခဲ့တယ်။

မင်းကြီးထံက ငွေရပြီးတာနဲ့ ဒီတလအတွင်းမှာ ယဇ်ပူဇော်တဲ့ နေရာကနေ သူ့အိမ်ကို မြေအောက် လိုဏ်ခေါင်း ဖောက်ဖို့ ယုံကြည် စိတ်ချရတဲ့ လူအနည်းငယ်နဲ့ ကိုယ်တိုင် ဆောင်ရွက်သည်။ ယဇ်ပူဇော်တဲ့ နေ့မှာ ဘာဘယ်ဟာ ယဇ်ပူဇော်တဲ့ နေရာကို ကိုယ်တိုင် ပျော်ရွှင်စွာ တက်ရောက်သွားပြီး မီးရှို့လိုက်သည်နှင့် ဘာဘယ်ဟာ ဖုံးကွယ်ထားသော တံခါးမှ တဆင့် မြေအောက် လှိုင်ခေါင်းထဲမှ အိမ်သို့ ထွက်ပြေးခဲ့သည်။

သူသည် ဆံပင်များနှင့် မုတ်ဆိတ် ရှည်လာသည်အထိ လအနည်းငယ် သူ၏ အိမ်၌ လျို့ဝှက်စွာ ပုန်းအောင်း နေခဲ့သည်။ ထိုအတောအတွင်း သူ၏ ရန်သူများသည် ဘာဘယ် သေဆုံးသွားပြီဟု ထင်သောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။

ဒီလိုနဲ့ လအတော် ကြာပြီးတဲ့ တရက်မှာ ဘာဘယ်ဟာ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ဆံပင်များ ရှည်လျားစွာဖြင့် မင်းကြီးအဖေရဲ့သတင်းကို ယူဆောင်ပြီး နန်းတော်ကို ပြန်ရောက်လာသည်။ ဘုရင်က သူ့ကို တွေ့တာနဲ့ မေးခွန်းတွေ တခုပြီး တခု ထုတ်ပြီးအလွန် သဘောကျ နေသည်။ ဘာဘယ်နဲ့ ဆံသဆရာ ကိုလည်း အလွန် ယုံကြည်လာ ခဲ့သည်။

ဘာဘယ်က ဧကရာဇ်ဟောင်းကြီးဟာ စိတ်ဓါတ်ခွန်အား အလွန် ပြည့်ဝပြီး ကောင်းကင်က နန်းတော်ကြီးထဲမှာ စည်းစိမ်ချမ်းသာ အပြည့်နဲ့ သက်တောင့်သက်သာ ရှိတယ်လို့ ဘုရင်ကို ပြောခဲ့တယ်။ မင်းကြီးသည် ပစ္စည်းများနှင့် လူများကိုကောင်းကင်သို့ စေလွှတ်ရန် နည်းလမ်း ရှိနေပြီဟု ထင်သောကြောင့် နတ်ရွာစံ ဘုရင်ကြီး ဘာလိုအပ်နေသည်ကို သိလိုလှသည်။

ဘာဘယ်က "ကောင်းကင်၌ အကုန် ပြည့်စုံသော်လည်း ဆံသဆရာ မရှိပါ ဘုရား၊ ထို့ကြောင့် ကျွန်တော်မျိုးပင် မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ဆံပင်များ ရှည်လျားစွာဖြင့် နေခဲ့ရပါသည်။ ဧကရာဇ်ကြီးက သူညှပ်နေကြ ဆံသဆရာကို တတ်နိုင်ရင် ပို့ပေးဖို့ မှာကြားလိုက်ပါတယ် ဘုရား" ဟု လျောက်တင်လိုက်သည်။

ဒါကြောင့် ဘုရင်က ကောင်းကင်က သူ့အဖေထံမှာ အမှုထမ်းဆောင်ဖို့ သူ့ဆံသဆရာကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်သို့ သွားဖို့ ပြင်ဆင်ရန် ဆံသဆရာနှင့် မှော်ဆရာ နှစ်ယောက်လုံးကို ခေါ်ပြောခဲ့သည်။ ဆံပင်ညှပ်သူသည် မိမိထောင်ချောက်ထဲ မိမိ ကျသွားသောကြောင့် သူ့မိသားစုကို ကာကွယ်ရန် အတွက် ဘာမျှ မပြောနိုင်ပေ။ ယဇ်ပူဇော် ပြီးသည်နှင့် သူသည် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဘာဘယ့်ကို ဘယ်သူကမှ ထပ်ပြီး ပူးပေါင်း ကြံစည်ဝံ့မှာ မဟုတ်တော့ပါဘူး။

သင်ခန်းစာ – သူများ မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ။ ပညာနှင့် အကြံဉာဏ်သည်သာ အားကိုးရာ။ Crd

Post a Comment

0 Comments