အစွမ်းထက်ဆုံး ပစ္စည်း

တခါတုန်းက စေတန်နတ်ဆိုးဟာ သူ့၏ အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး သူ၏ လုပ်ငန်းသုံး ကိရိယာ တန်ဆာပလာတွေကို ရောင်းချရန် အတွက် ဆိုင်လေး တဆိုင်ကို စီစဉ်နေ လေသည်။

နတ်ဆိုးသည် ဆိုင်တဆိုင် ဖွင့်လှစ်ကာ သူ၏ ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများ အသီးသီး၌ ဈေးနှုန်း တံဆိပ်လေးများ ကပ်ကာ ရောင်းချဖို့ ပြသထားသည်။

စေတန်နတ်ဆိုး ခင်းကျင်း ပြသထားသော ပစ္စည်း ကိရိယာများမှာ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ၊ မစ ္ဆရိယ၊ မာန၊ ရမ္မက်၊ တဏှာ စသည်တို့ ဖြစ်သည်။

သို့သော် ဆိုင်၏ တနေရာတွင်မူ ထူးထူးခြားခြား ပစ္စည်းလေး တခုကို တွေ့ရလေသည်။ ၎င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင် ကြီးမားနေသည်။ ထို့အပြင် ထိုပစ္စည်းမှာ များစွာလည်း သုံးစွဲပြီး ဖြစ်ပုံရသည်။

ဈေးဝယ်သူ တယောက်က စေတန်နတ်ဆိုးအား မေးသည်။ "ဒါက ဘာပစ္စည်းလဲဗျ။ သူက ဘာကြောင့် ဒီလောက် ဈေးကြီးနေရတာလဲ"

နတ်ဆိုးက ပြန်ဖြေသည်။ "ဒါက စိတ်ဓါတ်ချ ကိရိယာပဲ"

ဈေးဝယ်သူက ထပ်မေးသည်။ "သူက ဘာလို့ ကျန်တာတွေထက် အများကြီး ပိုဈေးကြီးနေ ရတာလဲ"

"ဒီကောင်က အရမ်း အစွမ်းထက်တာဗျ။ လူတယောက်ရဲ့ သိစိတ် အာရုံထဲကို ကျွန်တော် တခြားကိရိယာတွေနဲ့ ဘယ်လိုမှ ဝင်လို့ နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူးဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်။ ဒီကောင် အထဲဝင်လို့ရပြီ ဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ ရတော့တာပဲ" ဟု စေတန်နတ်ဆိုးက ရှင်းပြလေသည်။

မှန်ပါသည်။ အနုတ်လက္ခဏာ ဆောင်သော လူ့အပြုအမူများ၊ လုပ်ရပ်များ၏ နောက်ကွယ်၌ "စိတ်ဓါတ်ကျဆင်းမှု" သည် ပုန်းခိုလျက် ရှိနေတတ်သည်။ မည်သူ့မဆို နေ့စဉ်ဘဝ၌ စိတ်ပျက်စရာ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည် ဖြစ်သည်။

ထိုသို့ နေ့စဉ် ကြုံတွေ့ရသည့် စိတ်ဓါတ်ကျစရာ အကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက် ပန်းတိုင်သို့ သင် ရောက်ခြင်း မရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

အကယ်၍ အကြောင်း တစုံတရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့။ ငါ အပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီလမ်းကြောင်းထဲမှ မြန်မြန် ရုန်းထွက်နိုင်အောင် ကြိုးစားပါ။

လောကကြီးမှာ အနှောင့်အယှက် အခက်အခဲ ဆိုတာ မလွဲမသွေ တွေ့ရမည့် အရာပဲ ဟု အားပေးဆင်ခြင်သော စကားမျိုး ကိုယ့်ကိုယ်ကို အားပေးပါ။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သော စကားမျိုးဖြင့် ကိုယ့်ကိုယ်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ။ Saw Yaw Su

Post a Comment

0 Comments