ဒေါသထွက်နေချိန်မှာ အော်ဟစ်ပြောဆိုခြင်းကြောင့် ခန္ဓာကိုယ်မှာ ရလာမယ့်ဆိုးကျိုး (၅) ချက်

ဒေါသထွက်တာက လူတိုင်း ကြုံဖူးတဲ့ စိတ်အခြေအနေတစ်ခုပါပဲ။ အချို့တွေက ဒေါသထွက်ပေမယ့်လည်း စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ကြပါတယ်။ ဒါပေမယ့် အချို့ကတော့ ဒေါသထွက်ရင် အော်ဟစ်လိုက်ရမှ စိတ်ပြေတဲ့သူတွေလည်း ရှိကြပါတယ်။ အဲဒါကြောင့် ဒေါသထွက်တဲ့အချိန် အော်ဟစ်ဆူပူရင် ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာစေမလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားများလာခြင်း

ဒေါသထွက်တဲ့အချိန် သင့်အသံကျယ်သွားတဲ့အချိန်၊ မာသွားတဲ့အချိန်မှာ နှလုံးခုန်နှုန်းတွေ မြန်နေတာကို သတိထားမိမှာပါ။ ဒါဟာ သွေးဖိအားတွေ များနေတဲ့အဓိပ္ပါယ်ပါပဲ။ အဲဒါကြောင့် သွေးကြောတွေ ထင်းကနဲ မြင်နေတာရတာ၊ မျက်နှာတွေနီလာပါတယ်။ အသက်ရှူသံတွေက ကျယ်လာပါတယ်။ တစ်ခါတရံမှာ ခြေဖျားလက်ဖျားတွေ အေးစက်လာတာကိုလည်း ကြုံတွေ့ရပါတယ်။

၂။ ကိုယ်ခံအားစနစ်ကို ထိခိုက်ခြင်း

ဒေါသထွက်လို့ အော်ဟစ်လိုက်တိုင်း ကိုယ်ခံအားစနစ်က အားနည်းနည်းသွားပါတယ်။ အထူးသဖြင့် ဒေါသမဖြစ်လွယ်ဘဲ စိတ်အေးနားအေးနေသူတွေမှာ ပိုသိသာပါတယ်။ အချို့တွေက ဒေါသထွက်ပြီး မကြာခင်မှာ ဖျားနာချင်သလို၊ အအေးမိသလို ဖြစ်လာပါတယ်။ ကိုယ်ခံအားလျော့တာနဲ့အတူ စိတ်ပူပန်မှုတွေက များလာတာကြောင့် ခေါင်းကိုက်တာကိုပါ ခံစားရပါတယ်။

၃။ အခြားကျန်းမာရေး ပြဿနာများ

ဒေါသထွက်ပြီဆိုရင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်ထဲကို လှိမ့်ဝင်လာပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲသွားစေပါတယ်။ အဲဒါကြောင့် မကြာခဏဒေါသထွက်သူတွေက ခေါင်းကိုက်တာ၊ သွေးပေါင်ချိန်တက်တာကို ကြုံတွေ့ရတာပါ။ ဒါ့အပြင် ညဘက်အိပ်မပျော်တာ၊ အစာချေပြဿနာတွေကိုပါ ခံစားရပါတယ်။ ဒေါသကို မထိန်းချုပ်နိုင်ပါများလာရင် လေဖြတ်နဲ့ နှလုံးရောဂါဖြစ်နိုင်ချေ တက်လာစေပါတယ်။

၄။ မှတ်ဉာဏ်ကို ထိခိုက်စေခြင်း

ဒေါသထွက်တာက ဦးနှောက်မှတ်ဉာဏ်ကိုပါ ထိခိုက်စေပါတယ်။ ဒေါသထွက်နေချိန်မှာ ပြောတဲ့စကားတွေက ၈၀ရာခိုင်နှုန်းခန့် အမှားပါကြောင်း သုတေသနတွေမှာ ဖော်ပြထားပါတယ်။ ဒေါသထွက်နေချိန်မှာ ဦးနှောက်က စိတ်ဖိစီးမှုတွေကိုပဲ စဉ်းစားမိနေပါတယ်။ အဲဒါကြောင့် ဒေါသကြီးလွန်းသူတွေက ရေရှည်မှာ စကားလုံးတွေကို မမှတ်မိတာ၊ လုပ်စရာတွေကို မေ့နေတတ်တာ၊ မကြာခဏ သတိလျော့တာတွေကို ကြုံတွေ့ရပါတယ်။

၅။ နာတာရှည်နာကျင်မှု

ဒေါသထွက်ချိန် အော်ဟစ်ပြောဆိုတာက ပြောတဲ့သူကိုသာမက ပြောခံရသူကိုပါ ထိခိုက်စေပါတယ်။ ကလေးတွေကို ဒေါသတကြီး အော်ဟစ်ပြောဆိုရင် သူတို့ရဲ့အပြုအမူတွေက ပိုပိုပြီး ကြမ်းတမ်းလာပါတယ်။ ငယ်ငယ်ကတည်းက အော်ဟစ်ပြောဆိုခံရတဲ့ ကလေးတွေက ဘာသာစကားနဲ့ အသံကို မှတ်ယူတဲ့နေရာမှာ အခက်အခဲဖြစ်လာစေပါတယ်။ နောက်တစ်ခုကတော့ ခါးနာတာ၊ လည်ပင်းနာတာ၊ ခေါင်းကိုက်တာ၊ အဆစ်ရောင်နာတွေကို အသက်ကြီးလာတဲ့အခါ ခံစားရစေနိုင်ပါတယ်။

ဒေါသထွက်တဲ့အချိန်မှာ အော်ဟစ်ပြောဆိုတာက အနိုင်ရတာ မဟုတ်ပါဘူး။

ဒေါသထွက်တဲ့အချိန် အော်ပြောလိုက်ရရင် ကိုယ့်ကိုယ့်ကိုယ် မှန်တယ်ဆိုပြီး အထင်ရောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် စကားများနေတဲ့အချိန် တစ်ဖက်သားကို အော်ပြောတဲ့သူ၊ စကားဖြတ်ပြောတဲ့သူ၊ မမှန်ကန်တဲ့အပြုအမူတွေနဲ့ ဆက်ဆံတဲ့သူတွေက အမှားပိုလုပ်မိသွားတတ်ကြပါတယ်။ ဒေါသထွက်နေချိန်မှာ စိတ်ကို တည်ငြိမ်အောင်ထားတာက ပြဿနာရဲ့ အဓိကအချက်ကို မြင်နိုင်ပြီး အဖြေကို ရှာတွေ့စေမယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။

ဒေါသထွက်နေချိန်မှာ မအော်ဟစ်မိစေဖို့ ထိန်းချုပ်နိုင်မယ့် နည်းလမ်းများ

၁။ စကားမပြောခင်မှာ အရင်ဆုံးစဉ်းစားပါ။ အလွယ်ဆုံးနည်းကတော့ နောင်တရစေမယ့် စကားတွေ မပြောမိအောင် ထိန်းလိုက်ပါ။ သင်က ဒေါသထွက်လို့ပြောလိုက်တဲ့ စကားတွေက သူတစ်ပါးအတွက် ခွင့်မလွှတ်နိုင်စရာ စကားတွေ ဖြစ်နေနိုင်ပါတယ်။

၂။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့ အချိန်ယူပါ။ တစ်ဖက်သား ပြောနေတာကို နားထောင်ပေးပြီးမှ သင် မကျေနပ်တဲ့အရာတွေကို ပြောပါ။ ဒီနည်းက လက်တွေ့မှာ ခက်ပေမယ့် သင့်အတွက် အများကြီး အကျိုးရှိစေမှာပါ။

၃။ ဒေါသထွက်နေချိန်မှာ ဆုံးဖြတ်ချက် မချသင့်ပါဘူး။ အဲဒါကြောင့် ပြဿနာရဲ့အဖြေကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစားမှသာ နည်းကို ရှာတွ့မှာပါ။

၄။ အာဃာတတွေမထားဘဲ ခွင့်လွှတ်ခြင်းက စိတ်ငြိမ်းချမ်းမှုကို ရစေပါတယ်။

၅။ ဒေါသအရမ်းထွက်နေချိန်မှာ ဟာသတစ်ခုကို တွေးကြည့်ပါ။ ဟာသကို တွေးချိန်မှာ စိတ်ဖိစီးမှုက လျော့ကျတာမြန်တာကြောင့် ပြဿနာရဲ့အဖြေကို မြန်မြန်ရှာတွေ့စေနိုင်ပါတယ်။

၆။ ဒေါသကြီးနေချိန်မှာ အသက်ကို ဝဝရှူတာ၊ နာပျော်တဲ့ တေးသံလေးတွေကို နားထောင်တာ၊ စိတ်တည်ငြိမ်စေတဲ့ စကားလုံးတွေကို ထပ်ခါထပ်ခါ နားထောင် စတဲ့နည်းတွေက တကယ်ကို အသုံးဝင်ပါတယ်။

၇။ သင့်ကိုယ်သင် ထိန်းချုပ်ဖို့အတွက် မဖြစ်နိုင်တော့ဘူးထင်ရင် ကျွမ်းကျင်သူဆီမှာ အကူအညီရယူဖို့ မတွေဝေသင့်ပါဘူး။ ကျွမ်းကျင်သူတွေက သင့်အတွက် အကောင်းဆုံးနည်းတွေကို လမ်းပြပေးနိုင်ပါတယ်။

Lovemedia

Post a Comment

0 Comments