ပိုင်ဆိုင်ခွင့်ရတဲ့ နတ်မိမယ်

တခါတုန်းက နတ်ပြည်မှာ နတ်သားတပါး စုတေပြီး လူ့ပြည်မှာ လူအဖြစ် မွေးဖွား ရတော့မယ့် အချိန် ရောက်လာသတဲ့။

နတ်သက် ကြွေတော့မယ့် နတ်သားက နတ်မင်းကြီးကို မေးတယ်။ "အကူညီမဲ့တဲ့ ကလေးပေါက်စ ဘဝနဲ့ လူ့ဘဝမှာ ကျွန်တော် ဘယ်လို နေရမှာလဲ"

နတ်မင်းကြီးက "နတ်မိမယ်တွေ အများကြီး ရှိတဲ့ အထဲက မင်းအတွက် နတ်မိမယ် တပါးကို ငါရွေးချယ် ပေးပါ့မယ်။ သူက မင်းကို စောင့်ရှောက် လိမ့်မယ်" လို့ ပြောတယ်။

ထိုအခါ နတ်သားက "ကျွန်တော်က နတ်ပြည်မှာ ပျော်ရွှင် ရယ်မောတာနဲ့ တေးသီချင်း ဆိုတာပဲ လုပ်ပြီး ကျေနပ် ပျော်ရွှင်နေ ခဲ့တယ်။ လူ့ပြည်ရောက်ရင်ရော" လို့ မေးတယ်။

အဲ့ဒီတော့ နတ်မင်းကြီးက "လူ့ပြည် ရောက်ရင် နတ်မိမယ်က မင်းကို တေးသီချင်းတွေ ဆိုပြမယ်။ ချိုမြတဲ့ အပြုံးတွေနဲ့ နေ့စဉ် ပြုံးပြမယ်၊ နတ်မိမယ်ရဲ့ ချစ်ခြင်း မေတ္တာကို ခံယူရပြီး မင်း အရမ်း ပျော်ရွှင်ရ ပါလိမ့်မယ်"

"လူ့ပြည် ရောက်ရင် လူတွေက ကွိကွိကွကွ အမျိုးမျိုး လာပြောကြ တဲ့အခါ ကျွန်တော်က သူတို့ပြောတဲ့ ဘာသာစကား မပြောတတ်ရင် ဘယ်လို လုပ်ရမလဲ"

"မင်းဘဝမှာ တခါမှ မကြားဖူးတဲ့ အင်မတန် ချိုသာ အေးမြတဲ့ လေသံလေးနဲ့ ချစ်စဖွယ် စကားလုံး လှလှလေးတွေကို နတ်မိမယ်က ပြောလိမ့်မယ်။ နတ်မိမယ်ကပဲ မင်းကို ကာကွယ် စောင့်ရှောက် ပေးပါလိမ့်မယ်။ သူ့အသက်ကို စွန့်ရမယ် ဆိုရင်တောင်မှ အသက်နဲ့ ရင်းပြီး မင်းကို ကာကွယ် ပါလိမ့်မယ်"

နတ်မင်းကြီးနဲ့ တွေ့ရမှာ မဟုတ်တော့လို့ ဝမ်းနည်းမိတာ အမှန်ပါ လို့ နတ်သားက ပြောတော့ နတ်မင်းကြီးက "ဝမ်းမနည်းပါနဲ့၊ နတ်မိမယ်ကမင်းကို ကောင်းမှုကုသိုလ်တွေ ဘယ်ပုံဘယ်နည်း လုပ်ရမယ် ဆိုတာ သင်ပြပေး ပါလိမ့်မယ်။ ကောင်းတဲ့အမှု ပြုရင် တို့နဲ့ မဝေးပါဘူး"

အဲဒီလို ပြောနေဆဲမှာ နတ်သားဟာ နတ်သက်ကြွေချိန် ကျရောက်လာတယ်။ နတ်သားက ခပ်မြန်မြန်ပဲ "အို နတ်မင်းကြီး၊ ကျွန်တော် ခုပဲ သွားရတော့မယ်။ ကျွန်တော် မသွားသေးခင်မှာ နတ်မိမယ်ရဲ့ အမည်ကို ဘယ်လို ခေါ်ရမလဲ၊ ခပ်မြန်မြန် ပြောပါ"

ထိုအခါ နတ်မင်းကြီးက တခွန်းထဲ ပြန်ပြော လိုက်တယ်။ "အမေ" တဲ့။ လူ့ဘဝမှာ လူတိုင်း ကိုယ်ပိုင်ဆိုင်ခွင့် ရတဲ့ နတ်မိမယ်ကို တန်ဖိုးထား ချစ်မြတ်နိုး နိုင်ကြပါစေ။ Crd

Post a Comment

0 Comments