အားလုံးနဲ့ဆိုင်တဲ့ ထောင်ချောက်

တခါတုန်းက ကြွက်တကောင်က လယ်သမားအိမ်ထဲ အိမ်နံရံ ပျဉ်နှစ်ချပ် စပ်ကြားက ဟနေတဲ့ နေရာ ကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တထုပ် ဖြေနေတာ တွေ့ရတယ်။ အထဲမှာ စားစရာများ ပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊

လား လား စားစရာ မုန့် မဟုတ်၊ နာစရာ တုတ် ဖြစ်နေတယ်။ အဲ၊ စကားအဖြစ် ပြောတာ၊ တကယ်တုတ် မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ ပစ္စည်း။ အခုဟာက သတ္တဝါအများနဲ့ မဆိုင်၊ သူတဦးတည်းကို ရည်ရွယ်တာ၊ သူ့ကို အသေဆော်ဖို့ ရည်ရွယ်ချက်နဲ့ မြို့က ဝယ်လာတဲ့ “ကြွက်ထောင်ချောက်”

မြင်တာနဲ့တင် ကြွက်ထောင်ချောက် မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့ အသံကို သူ့စိတ်က ကြားလိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ် ကြားမှာ ညပ်ပြီး သေနေမယ့် သူ့ရုပ်ပုံ ကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်း ထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက် လုပ်တော့မယ်။ အားလုံးကို သတိပေးထားမှပဲ ဆိုပြီး ကြွက်က ခြံထဲ လျှောက်ပြေးပြီး အော်တယ်။

"အိမ်ထဲမှာ ကြွက်ထောင်ချောက် တခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် ရောက်နေပြီ" အဲဒီလို အော်ရင်း ကြက်မနား ရောက်တော့ ပါစပ်က တကွပ်ကွပ် မြည်ရင်း ဖုန်ထဲ သဲထဲမှာ စားစရာ ယက်ပြီး ရှာနေတဲ့ ကြက်မက၊ "အဲဒီလောက် အော်မနေနဲ့ ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာ ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှ မဆိုင်တာ၊ ဘာကို သတိထားရမှာလဲ" လို့ ဆိုတယ်။

ကြွက်က ဝက်ခြံနား သွားပြီ ဝက်ကို ပြောပြန်တော့ ဝက်က "ငါမင်းအတွက် စိတ်မကောင်းပါဘူး ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့် ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ အလွန်ဆုံး ဘုရားမှာ ဆုတောင်းရုံ လောက်ပဲ တတ်နိုင်တယ်။ ညဘက် ဘုရားရှိခိုးတဲ့ အခါ မင်းအတွက် ထည့်ပြီး ဆုတောင်းပေး ပါ့မယ်ကွာ" လို့ ချွေးသိပ်တယ်။

ခြံထဲမှာ နွားတကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။ "ဟ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ။ ခြေမ ညှပ်မိရင် ငါသေပြီ၊ ဟား ဟား" တဲ့။ ကြွက်ဟာ အတော် ခံရခက်ပြီး ပြန်လှည့် လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊ အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့ အရေးလို့ မယူဆ၊ ကိုယ်တယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲ သတိထားရမယ်။

တကယ်တော့ နာမည်ကိုနှိုက် ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာ တပ်ထားမယ့် အနံ့ကလည်း မွှေး၊ အရသာလည်း ရှိပြီး ကြွက်မှန်သမျှ သွားရည် တများများကျစေမယ့် အစာကို အနားသားလေးတောင် ဖဲ့မစားမိအောင် ဝေးဝေးက ရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆတိုက်မိ တယ်ဆိုတာမျိုး မဖြစ်အောင်လည်း အထူး သတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကို သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။

အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့ အသံ ကျယ်လောင်စွာ ပေါက်ထွက်လာပြီး သတ္တဝါတွေ အားလုံး လန့်နိုးကြတယ်။ "ဖိုးရွှေကြွက် တကောင်တော့ သွားရှာပေါ့" လို့ ဝက်က ဆိုတော့ ကြက်မက "စိတ်မ ကောင်းဘူး၊ ဒီလောက် မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့" ဆိုပြီး မနက်က သူမစာမနာ ပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။ နွားကြီးကတော့ "စောစော သေတော့လည်း ကြောက်ရတဲ့ဒုက္ခ စောစော ငြိမ်းတာပေါ့ကွာ" တဲ့။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။

အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက် မိတာ သူမှ မဟုတ်တာ။ ဂျိုင်းခနဲ မြည်သံ ကြားတော့ သူလည်း သူကိုယ်တိုင် မိသလောက် လန့်သွားတာ။ နောက်တော့မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့် ဆိုပြီး ထ ချောင်းကြည့်တော့ မြွေတကောင်။ မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်း မသိတော့ ကြွက်စာအနံ့ မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီး သွားခဲတာ။ မောင်းတံရိုက်တဲ့ အချိန် ဘယ်လို ဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။

ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေး မှိန်မှိန်နဲ့ အိမ်ရှင်မ ထွက်လာတာ မြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကို သွားဆွဲတဲ့အခါ မြွေက လှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမားပြေးလိုက်လာတယ်။ မီးအိမ် ပိုလင်းအောင် မီးစာ မြှင့်ကြည့်လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်း ထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာ တုတ်တချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။

အဲဒီမြွေက အတော် အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော် ခေါင်းနားပန်း ကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေ လှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန် သွားပင့်ပေးဖို့ အကူအညီ တောင်းတယ်။ မနက်မလင်းခင် ဆရာဝန် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ် အရှိန်နဲ့ ဖျားပြီး ညည်းနေတယ်။ တနေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင် ဖြစ်နေတယ်။

အဲဒါနဲ့ အစာမဝင်ရင် ကိုယ်ခံအား နည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ် ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိ သွားအောင် ကြက်စွပ်ပြုတ် ကျွေးပါ လို့ ဝိုင်းဝန်းအကြံ ပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သားစွပ်ပြုတ် လုပ်တယ်။ ဆရာဝန်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့် ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။

လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုး မိတ်သင်္ဂဟတွေ လူမမာသတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်း မပြန်နိုင်ကြဘူး။ တညလောက် အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာအခြေအနေ မကောင်းတော့ သားချင်းတချို့လည်း အနီးကပ် ပြုစုလို့ ရအောင် ဆိုပြီး အိမ်မပြန် ကြတော့ဘူး။ အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ဝယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။

ဒီအတွက် ဝယ်ဖို့ ခြမ်းဖို့ရော၊ ဆရာဝန် ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့ ဝက်ကို သတ်ပြီး အိမ်မှာ စားဖို့အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက် ရောင်းခိုင်းလိုက် ရတယ်။ ဆရာဝန်ရော အရပ်ကပါ ဝိုင်းပြီး ပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမားမယားဟာ ပြန်နာလန် ထူမလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက် ဆုံးသွားခဲ့တယ်။

အသုဘချ၊ ရက်လည် ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူ လုပ်လိုက်ရတယ်။ ရက်ပိုင်းအတွင်း ဆက်တိုက် ဖြစ်သွားခဲ့တဲ့ အဲဒီ အခြင်းအရာတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ကြွက်ဟာ အကြီးအကျယ် ထိတ်လန့် အံ့သြသလို၊ ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက်လဲ ဆိုတာကိုလည်း စဉ်းစား မရနိုင်အောင် ဖြစ်နေတယ်။

ဘာပဲဖြစ်ဖြစ် သူတယောက်တည်း ကြောက်နေတုန်းက ကိုယ်နှင့် မဆိုင်သလို နေခဲ့ကြတဲ့ ကြက်၊ ဝက်၊ နွား အပါအဝင် သတ္တဝါ ၅ ဦး အသက် ဆုံးရုံးသွားပြီးတဲ့ နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက် ပိုပြီး အကြောက်ကြီး ကြောက်သွားခဲ့တယ်။ ကိုယ်နဲ့ မဆိုင်သလို နေတဲ့ သူတွေဟာ သူတို့ အိမ်ရှေ့ကို အဲ့ဒီ ဒုက္ခရောက်လာမှ သိပါလိမ့်မယ်။ ဖေမြင့်

Post a Comment

0 Comments