အိမ်မှာသောင်းကျန်းနေတဲ့ ကြောင်လေးတွေကို ထိန်းကျောင်းပေးနိုင်မယ့် နည်းလမ်းများ

ကြောင်လေးတွေက ချစ်စရာကောင်းပေမယ့် တစ်ခါတရံ လူကို အရမ်းကုတ်တာ၊ အိမ်က ပစ္စည်းတွေပေါ်မှာ အပေါ့သွားတာ၊ အရမ်းအော်တာ၊ ရန်လိုတာ စတဲ့ အပြုအမူလေးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေကို လိမ္မာအောင်ပြုပြင်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကြောင်လေးတွေက သူ့နေရာနဲ့သူ အညစ်အကြေးမစွန့်ဘဲ ညစ်ပတ်အောင် လုပ်ထားရင် ချက်ချင်း အပြစ်မပေးသင့်ပါဘူး။ ကြောင်လေးတွေရဲ့ ကျန်းမာရေး ပြဿနာကို အရင်ဆုံး လေ့လာကြည့်ပါ။

တစ်ခါတရံ ကြောင်လေးတွေမှာ ဟော်မုန်းမညီမျှတာ၊ စိတ်ဖိစီးမှုများတာ၊ နေမကောင်းတာ စတဲ့ အခြေအနေတွေကြောင့် မှားယွင်းတဲ့ အပြုအမူတွေကို လုပ်တတ်ပါတယ်။

ကြောင်လေးက လိမ်လိမ်မာမာနေတဲ့အခါ သူကြိုက်တဲ့ အစားအစာကျွေးတဲ့နည်းတွေနဲ့ အသိအမှတ် ပြုပေးနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကြောင်လေးက ဟင်းတွေကို နှိုက်စားတာ၊ ကုတ်ဖဲ့တာ၊ ရန်လိုတာ စတဲ့မကောင်းတဲ့ အပြုအမူတွေ လုပ်တဲ့အခါ သီချင်းသံကို ဆူညံသွားအောင် အကျယ်ကြီး ဖွင့်ပေးလိုက်ပါ။ ကြောင်လေးတွေက ဆူညံသံကို မခံနိုင်တာကြောင့် ချက်ချင်းငြိမ်ကျသွားပါတယ်။

၁။ ကောင်းတဲ့ အပြုအမူလေးတွေကို သင်ပေးပါ။

ကြောင်လေးက ဝါယာကြိုးတွေကို မကြိုက်တော့ရင်၊ ပစ္စည်းတွေကို ဆွဲမချတော့ရင် စတဲ့ ကောင်းတဲ့ အပြုအမူလေးတွေ လုပ်တဲ့အခါ ပွတ်သပ်ပေးတဲ့နည်း၊ ကစားပေးတဲ့နည်းတွေနဲ့ ဆုချပေးပါ။ အစာမကျွေးခင်၊ အိပ်ရာမဝင်ခင်မှာ ကောင်းတဲ့အပြုအမူလေးတွေကို သင်ပေးနိုင်ပါတယ်။

ကြောင်လေးတွေက သူတို့ကို အချိန်ပေးပြီး မကစားရင် ပျင်းပြီးတော့ အိမ်က ပစ္စည်းတွေကို ပြဿနာ ရှာတတ်ကြပါတယ်။ ကြောင်လေးတွေရဲ့စိတ်ကို ပျော်ရွှင်စေဖို့ တစ်နေ့ကို ၁၅ မိနစ်လောက် အတူတူကစားပေးဖို့ လိုအပ်ပါတယ်။ သူတို့ချစ်တဲ့သခင်က အချိန်မပေးတော့တဲ့အခါ ကြောင်လေးတွေက စိတ်မကောင်း ဖြစ်တတ်ကြပါတယ်။

၂။ မကောင်းတဲ့ အပြုအမူတွေကို ဖျောက်ပေးပါ။

- ကြောင်လေးက မီးဖိုထဲက ဟင်းပန်းကန်တွေ နှိုက်စားတယ်ဆိုရင် ဆူညံသံတစ်ခုခု ပြုလုပ်လိုက်ပါ။ သင်မသွားစေချင်တဲ့နေရာကို သွားရင် သံဘူးတစ်ခုထဲမှာ အကြွေစေ့လေးတွေကို ထည့်ပြီး လှုပ်ပါ။ ဒါမှမဟုတ် ကြောင်လေးတွေ မသွားသင့်တဲ့ နေရာတွေမှာ အကြွေစေ့ထည့်ထားတဲ့ သံဘူးကို ထားလိုက်ပါ။ အကြွေစေ့ဘူးကို တိုက်မိသွားရင် နောက်တစ်ခါ ထပ်မသွားတော့ပါဘူး။ အကျင့်ဆိုးကို မပျောက်မချင်း ဒီနည်းကို သုံးနိုင်ပါတယ်။

- ကြောင်လေးတွေက လက်ခုပ်သံ၊ ဆူညံသံတွေကို သဘောမကျပါဘူး။ အဲဒါကြောင့် သင်မကြိုက်တဲ့ အပြုအမူကို လုပ်ရင် အဆက်မပြတ် လက်ခုပ်တီးပါ။ ဒါမှမဟုတ် လေချွန်လို့လည်း ရပါတယ်။

- နောက်တစ်နည်းကတော့ ရေနဲ့ဖျန်းတာပါ။ ကြောင်လေးက သင်သဘောမကျတဲ့အရာကို လုပ်နေရင် ရေကို spray ဘူးထဲထည့်ပြီး ဖြန်းပေးလိုက်ပါ။

- ကြောင်လေးတွေအတွက် အန္တရာယ်ရှိတဲ့ နေရာတွေမှာ အနံ့ပြင်းတဲ့ပန်းနံ့၊ ယူကလစ်နံ့၊ ရှားစောင်းလက်ပတ် အနံ့တွေကိုလည်း ဖျန်းထားနိုင်ပါတယ်။ ကြောင်လေးတွေက အနံ့ပြင်းတွေကို မခံနိုင်ကြပါဘူး။

- တန်ဖိုးကြီးတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ကြောင်လေးတွေရဲ့ လက်စာမမိဖို့အတွက် နှစ်ဖက်ပါတဲ့တိပ်ကို ကပ်ထားလိုက်ပါ။ စေးကပ်တဲ့အရာကို ကြောင်လေးတွေ သဘောမကျတာကြောင့် တန်ဖိုးကြီးတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေနားကို မလာတော့ပါဘူး။

နောက်တစ်ခုတော့ "မလုပ်ရဘူး၊ မထိရဘူး၊ တော်တော့" စတဲ့စကားလုံးတွေနဲ့ ရင်းနှီးအောင် ကြောင်လေးတွေကို သင်ထားပေးပါ။ သင်မကြိုက်တဲ့ အပြုအမူတစ်ခုခုကို ကြောင်လေးက လုပ်တော့မယ်ဆိုရင် အဲဒီစကားလုံးတွေ ကြားထဲအခါ သူတို့လှုပ်ရှားမှုက အရှိန်တန့်သွားပါတယ်။

- နောက်တစ်နည်းကတော့ ကြောင်လေး အပြစ်လုပ်တဲ့အခါ အခန်းတစ်ခုထဲမှာ မိနစ် ၂၀ ခန့် တစ်ကောင်တည်းထားလိုက်ပါ။ အခန်းထဲမှာ ရေ၊ အစားအစာ၊ အညစ်အကြေးစွန့်တဲ့ဇလုံ စတဲ့အရာတွေကိုပါ ထည့်ထားပေးလိုက်ပါ။ အချိန်ပြည့်ရင် ပြန်ထုတ်ပေးဖို့လည်း မမေ့သင့်ပါဘူးနော်။

၃။ ကြောင်လေးတွေက အပြစ်လုပ်တတ်ကြပေမယ့် မရိုက်သင့်ပါဘူး။

ရိုက်လိုက်တဲ့အခါ ကြောက်စိတ်တွေ ပိုဖြစ်လာစေပါတယ်။ သင်က ကြောင်ကို ရိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ သင့်ကို ပြန်ကုတ်နိုင်ပါတယ်။ ဒါ့အပြင် သင့်အနားမှာနေရတာ မလုံခြုံဘူး၊ မပျော်ရွှင်ဘူးဆိုတဲ့ ခံစားချက်မျိုး ရသွားစေပါတယ်။ နောက်ပြီးတော့ ကြောင်ကို သူ့အချိန်နဲ့သူ အစာကျွေးဖို့လည်း မမေ့သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments