ယုန်အပါအဝင် အိမ်မွေးတိရစ္ဆာန်လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

အိမ်မွေးတိရစ္ဆာန်လေးတွေက လူသားတွေစားတဲ့ အစားအစာတွေကို လိုက်ပြီး စားကြည့်ချင်ကြပါတယ်။ ဒါပေမယ့် လူသားတွေစားတဲ့ အစားအစာတိုင်းက အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ မတည့်ပါဘူး။ အဲဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

- ချောကလက်မှာ ကာဖိန်းနဲ့ theobromine ပါဝင်ပါတယ်။ အဲဒီနှစ်မျိုးက ခွေးလေးတွေအတွက် အရမ်းကို အန္တရာယ်များပါတယ်။ စားမိလိုက်ရင် အာရုံကြောတွေကို အလွန်အမင်း လှုံ့ဆော်ပေးပြီး သွေးလွှတ်ကြောတွေကို တင်းကြပ်သွားစေပါတယ်။ နှလုံးခုန်နှုန်းတွေကိုလည်း တိုးလာစေပါတယ်။ ခွေးတွေက ချောကလက်ကို အများကြီးစားမိရင် နောက်ဆုံးအချိန်ထိ ရောက်သွားစေပါတယ်။

- ထောပတ်သီးကလည်း ခွေးလေးတွေနဲ့ မတည့်ပါဘူး။ ဝမ်းလျှောပြီး အန်တတ်တာကြောင့် မကျွေးသင့်ပါဘူး။

- ခွေးလေးတွေက ချယ်ရီသီးတွေကို စားမိရင် ဆဲလ်တွေကိုပို့တဲ့ အောက်ဆီဂျင်တွေ မရောက်တော့ဘဲ အဆိပ်ဖြစ်စေပါတယ်။ အသက်ရှူရခက်ပြီး အဆိပ်သင့်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

- စပျစ်သီးက ခွေးလေးတွေအတွက် ကျောက်ကပ်ပျက်စေပြီး အသက် ဆုံးရှုံးတဲ့အထိ ဖြစ်စေပါတယ်။ သင့်ခွေးလေးက စပျစ်သီးစားပြီး အန်တာ၊ အားနည်းတာ၊ ဝမ်းလျှောတာ၊ အစားစားချင်စိတ် မရှိဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

- ကြက်သွန်နီနဲ့ကြက်သွန်ဖြူက ခွေးလေးတွေရဲ့ သွေးနီဥဆဲလ်တွေကို ထိခိုက်စေတာကြောင့် သွေးအားနည်းရောဂါအထိ ဖြစ်စေပါတယ်။

- လက်ဖက်ရည်၊ ကော်ဖီနဲ့ ကာဖိန်းပါတဲ့ သောက်စရာတွေက ခွေးလေးတွေရဲ့ သွေးလွှတ်ကြောမှာ ဖိအားတွေဖြစ်စေပြီး နှလုံးခုန်နှုန်းမြန်တာ၊ ကြွက်တက်တာတို့ ဖြစ်စေပါတယ်။

- ကြက်ဥအစိမ်းက ခွေးလေးတွေအတွက် အစာချေစနစ်မှာ ပြဿနာ ဖြစ်စေတဲ့အရာပါ။

- မက်ကေဒေးမီးယားအစေ့တွေက ခွေးလေးတွေကို အဖျားတက်တာ၊ အန်တာတွေဖြစ်စေတဲ့အပြင် အသက်ကိုပါ ထိခိုက်စေပါတယ်။

- ဝက်ဆားနယ်ခြောက်က အန္တရာယ်မရှိဘူး ထင်ရပေမယ့် အစာချေစနစ်ကို အခက်အခဲ ဖြစ်စေပါတယ်။

- ခွေးလေးတွေအတွက် အရိုးအစိမ်းကသာ အာဟာရဖြစ်စေတာပါ။ ပြုတ်ပြီးသား၊ ချက်ပြီးသား အရိုးတွေက စားမိရင် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပါတယ်။

- သကြားအပါအဝင် ချိုတဲ့အစားအစာတွေက ခွေးလေးတွေအတွက် သွားနဲ့ပတ်သက်တဲ့ ပြဿနာ၊ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါတို့ ဖြစ်စေပါတယ်။

ကြောင်လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

- ချောကလက်ကလည်း ကြောင်လေးတွေနဲ့ မတည့်တဲ့အစားအစာပါ။ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေကို ဖြစ်စေလို့ မကျွေးသင့်ပါဘူး။

- ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို ကြောင်လေးတွေ စားမိရင် အားနည်းတာ၊ အစားစားချင်စိတ်နည်းတာတွေ ဖြစ်စေပါတယ်။

- နို့ထွက်ပစ္စည်းတွေက ကြောင်လေးတွေကို လုံးဝ မကျွေးသင့်တာပါ။ ကြောင်ပေါက်စအရွယ်မှာပဲ ကျွေးသင့်ပဲ အရွယ်ရောက်ပြီးကြောင်တွေ စားမိရင်တော့ အစာချေစနစ်ကို ထိခိုက်တာ၊ အန်တာ၊ ဝမ်းလျှောတာတို့ ခံစားရစေပါတယ်။

- အာလူးက ကြောင်လေးတွေကို အစာချေရတာ ခက်ခဲစေတဲ့ အစားအစာပါ။

- ကြက်ဥအစိမ်းက ကြောင်လေးတွေအတွက် အရေပြားပြဿနာ ဖြစ်စေပြီး အမွေးတွေကို အရောင်ဖျော့စေပါတယ်။

- အဆီများတဲ့ အစားအစာတွေနဲ့ အရိုးပြုတ်၊ အရိုးအစိမ်းတွေက ကြောင်လေးတွေအတွက် အန်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်စေပါတယ်။

- ကြောင်လေးတွေက ထောပတ်သီးကြိုက်ပေမယ့် သူတို့မစားသင့်တဲ့ အစားအစာပါ။ ထောပတ်သီးမှာပါတဲ့ persin က ကြောင်လေးတွေအတွက် အဆိပ်အတောက်ပါပဲ။

- စပျစ်သီးက ကြောင်လေးတွေအတွက် ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါတွေ ခံစားရစေပါတယ်။

ယုန်‌လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

- ထောပတ်သီးက ယုန်လေးတွေအတွက် အသက်ရှူရခက်ခဲစေတဲ့ အစားအစာပါ။

- ပန်းသီး၊ တရုတ်ဆီးသီး၊ မက်မွန်သီးတို့ကလည်း ယုန်လေးတွေတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။ နည်းနည်းလေးတောင် မကျွေးသင့်ပါဘူး။

- ပီတမုန်လာက ယုန်လေးတွေအတွက် အစာချေစနစ်မှာ အခက်အခဲ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို ပီတမုန်လာက ဟန့်တားတာကြောင့် ဝေးဝေးမှာပဲ ထားသင့်ပါတယ်။

- ယုန်လေးတွေက ဆလတ်ရွက်စားမိရင် ဝမ်းလျှောတာ၊ အားနည်းတာ ဖြစ်စေပါတယ်။

- အာလူးတွေကို ယုန်လေးတွေ စားမိရင် အစာချေရတာ အရမ်းကြာပါတယ်။ ဒါ့အပြင် အဆိပ်အတောက် ဖြစ်စေကြောင့် မကျွေးသင့်တဲ့ အစားအစာတွေထဲက တစ်ခုပါ။

Hamsters နဲ့ ရှဉ့်လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

- Hamster တွေအတွက် ဗာဒံသီးက အန္တရာယ်ဖြစ်စေတဲ့ အစားအစာပါ။

- ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက Hamsters နဲ့ ရှဉ့်လေးတွေရဲ့ သွေးနီဥဆဲလ်တွေကို ဒုက္ခပေးပါတယ်။

- ခရမ်းချဉ်သီးက သူတို့ကြိုက်တဲ့ အစားအစာဖြစ်ပေမယ့် ဝမ်းလျှောစေမှာပါ။ အဆိပ်လည်း ဖြစ်စေတာကြောင့် နည်းနည်းစားမိရင်တောင် လူသားတွေနဲ့ အပြီးသတ် နှုတ်ဆက်ရစေပါတယ်။

- အာလူးနဲ့ ပဲတွေကလည်း သူတို့အတွက် ရေဓာတ်ခန်းခြောက်စေတာကြောင့် မကျွေးသင့်ပါဘူး။

- မြေပဲမှာ aflatoxin ပါဝင်တာကြောင့် Hamsters နဲ့ ရှဉ့်လေးတွေအတွက် မတည့်တဲ့ အစားအစာပါ။

- အသားက Hamsters နဲ့ ရှဉ့်လေးတွေ စားလေ့စားထရှိတဲ့ အစားအစာ မဟုတ်ပါဘူး။ အသားစားရင် အဝလွန်ပြီး နှလုံး၊ ကျောက်ကပ်နဲ့ အသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်စေပါတယ်။ အသားကျွေးချင်ရင်တော့ အဆီမပါတဲ့ ကြက်သားနဲ့ ဆော်လမွန်ငါးတို့ကို ကျွေးလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments