ခန္ဓာကိုယ်ကို ပိန်သွယ်တယ်လို့ထင်ရစေတဲ့ အဝတ်အစားရွေးချယ်နည်း (၁၀) ခု

ဝတဲ့အမျိုးသမီးတွေအတွက် ပိန်သွယ်တယ်လို့ ထင်ရစေဖို့ အဝတ်အစား ရွေးချယ်တာက အနည်းငယ် ခက်ခဲပါတယ်။ အဝတ်အစား အရွေးမှားသွားရင် ပိုပြီးဝယ်လို့တောင် ထင်ရမှာပါ။ အဲဒါကြောင့် ပိန်သွယ်တယ်လို့ ထင်ရစေဖို့ အဝတ်အစားကို ဘယ်လိုရွေးချယ်သင့်လဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။

၁။ အရောင်ရင့်များကို ရွေးချယ်ပါ။

အနက်ရောင်က သင့်ကို ပိန်တယ်လို့ ထင်ရစေပါတယ်။ အနက်ရောင်အပြင် အရောင်ရင့်တွေကလည်း သင့်ကို ခန္ဓာကိုယ်သွယ်လျတယ်လို့ ထင်ရစေပါတယ်။ ဥပမာအနေနဲ့ မီးခိုးရောင်အရင့်၊ ကြက်သွေးရောင်၊ အပြာရင့်ရောင်တွေကို ရွေးချယ်ပါ။ အရောင်နုတဲ့အင်္ကျီနဲ့ ဘောင်းဘီတွေက ဝနေတာကို ပိုပြီး သိသာစေပါတယ်။

၂။ V ပုံစံလည်ပင်းရှိတဲ့အင်္ကျီတွေကို ရွေးချယ်ပါ။

V ပုံစံလည်ပင်းရှိတဲ့ အင်္ကျီတွေနဲ့ လည်ပင်းကျယ်တဲ့ အင်္ကျီတွေကို ဝတ်လိုက်ရင် ညှပ်ရိုးက ပိုပြီးပေါ်လွင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အလှက ပိုပေါ်လွင်ပြီး ပိန်တယ်လို့လည်း ထင်ရစေပါတယ်။

၃။ ဒေါင်လိုက်အစင်းကြောင်းတွေပါတဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။

ဝတဲ့သူတွေက ကန့်လန့်အစင်းကြောင်းတွေပါတဲ့ အဝတ်အစားတွေ ဝတ်လိုက်ရင် ဝတာထက် ပိုဝသွားပါတယ်။ အဲဒါကြောင့် ပြည့်ပြည့်ဝဝ ခန္ဓာကိုယ်ပိုင်ရှင်တွေက ဒေါင်လိုက်အစင်းကြောင်းပါတဲ့ အဝတ်အစားတွေကို ဦးစားပေးသင့်ပါတယ်။

၄။ အင်္ကျီလက်တိုတွေကို ရှောင်ပါ။

အင်္ကျီလက်တိုတွေကို ဝတ်လိုက်ရင် လက်မောင်းတုတ်ခိုင်နေတာကို အသားပေးလိုက်သလိုပါပဲ။ အဲဒါကြောင့် ဝတဲ့သူတွေနဲ့ မလိုက်ဖက်ပါဘူး။ သွယ်သွယ်လျလျလေးဖြစ်စေဖို့ အင်္ကျီလက်ရှည် သို့မဟုတ် လက်စကလေးတွေကို ရွေးသင့်ပါတယ်။

၅။ အပွင့်သေးလေးတွေပါတဲ့ အဝတ်အစားတွေကို ရွေးပါ။

အပွင့်ကြီးတွေပါတဲ့ အဝတ်အစားတွေက သင့်ကို ပိုဝတယ်လို့ ထင်ရစေပါတယ်။ အပွင့်သေးလေတွေ၊ အစက်အပြောက် သေးသေးလေးတွေပါတဲ့ အဝတ်အစားတွေက သင့်ကို လူငယ်ဆန်စေပြီး ခန္ဓာကိုယ်ကို သေးတယ်လို့ ထင်ရစေပါတယ်။

၆။ အပေါ်ထပ်အင်္ကျီအရောင်

အပေါ်ထပ်အင်္ကျီအရောင်က နုနေရင် ခန္ဓာကိုယ်က ပိုကြီးသွားပါတယ်။ အဲဒါကြောင့် အရောင်ရင့်တွေ၊ အရောင်မှိုင်းတွေကိုသာ ပိုမိုရွေးချယ်ပါ။

၇။ ထိပ်ချွန်နေတဲ့ဖိနပ်

ထိပ်ဝိုင်းနေတဲ့ ဖိနပ်တွေက သင့်ခြေထောက်ကို အကြီးကြီးလို့ ထင်ရစေပါတယ်။ ဒါ့အပြင် အရပ်ပုတယ်လို့ပါ အဆစ်အနေနဲ့ ထင်ရစေပါသေးတယ်။ ထိပ်ချွန်နေတဲ့ဖိနပ်တွေက ခြေထောက်သေးသွယ်ဖို့ ကူညီပေးပါတယ်။

၈။ Pencil စကတ်

Pencil စကတ်က သင့်ကို ပိန်တယ်လို့ ထင်ရစေတဲ့အပြင် သပ်သပ်ရပ်ရပ် ချပ်ချပ်ကပ်ကပ် ဖြစ်စေပါတယ်။ Pencil စကတ် ရွေးတဲ့အခါမှာလည်း အရမ်းမကျပ်ဖို့၊ အရမ်းမပွဖို့လည်း အရေးကြီးပါတယ်။ အတွန့်တွေ အများကြီးပါတဲ့စကတ်က ခန္ဓာကိုယ်ကို ပိုပြီးဘေးကားသွားစေပါတယ်။

၉။ ဂျက်ကတ်အတို

သင့်ရဲ့ခြေထောက်တွေကို ပိုပြီးရှည်တယ် ထင်ရစေဖို့၊ ပိန်တယ်ထင်ရစေဖို့ ရှည်လျားတဲ့ ကုတ်အင်္ကျီတွေအစား ဂျက်ကတ်အတိုတွေကိုသာ ရွေးချယ်ပါ။

၁၀။ ဘောင်းဘီ

ခြေဖမိုးအထိဖုံးနေတဲ့ ဘောင်းဘီတွေကို ဝတ်ရင် ခန္ဓာကိုယ်က ပိုကြီးသွားပါတယ်။ ပိန်သွယ်ပြီး အရပ်ရှည်တယ် ထင်ရစေဖို့ သပ်သပ်ရပ်ရပ်နဲ့ ခြေမျက်စိအထိသာဖုံးတဲ့ ဘောင်းဘီတွေကို ဝတ်ဆင်ပါ။

Zombie (lovemedia)

Post a Comment

0 Comments