သင့်ရဲ့ဖူးစာရှင်နဲ့အခုထိ မဆုံတွေ့ရသေးတဲ့ အဓိကအကြောင်းအရင်း (၇) ချက်

အထီးကျန်ရတာ အရမ်းကို ငြီးငွေ့ဖို့ကောင်းပါတယ်။ တစ်ခါတရံမှာ သင့်ရဲ့ဖူးစာဖက်ကို ဒီတစ်သက်မတွေ့နိုင်တော့ဘူးလားလို့ တွေးထင်ကောင်း တွေးထင်ပါလိမ့်မယ်။ အဲဒါကြောင့် သင့်ရဲ့ဖူးစာဖက်နဲ့ ခုထိမတွေ့ရသေးတဲ့ အဓိကအကြောင်းရင်း (၇) ချက်ကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အရင်က အချစ်ရေးမှာ နာကျင်ခဲ့ရခြင်း

အချစ်ဆိုတာ မီးနဲ့ကစားနေရသလိုပါပဲ။ အရင်က အချစ်ရေးမှာ အရမ်းခံစားခဲ့ရတဲ့အခါ နောက်ထပ်မချစ်ရဲတာ၊ မချစ်ချင်တာမျိုး ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ အချိန်ယူပြီး စိတ်အေးအေးထားတဲ့အခါ သင်တကယ် လိုချင်တဲ့ပုံစံရှိသူကို ရှာတွေ့ပါလိမ့်မယ်။

၂။ မျှော်လင့်ချက် များလွန်းခြင်း

အချို့မိန်းကလေးတွေက ပြီးပြည့်စုံသူကို လိုချင်ကြသလို အချို့ယောက်ျားလေးတွေကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ပြစ်မျိုးမှဲ့မထင် မိန်းကလေးမျိုးကို လိုချင်ကြပါတယ်။ ပြီးပြည့်စုံသူတွေက ရုပ်ရှင်တွေ၊ ဝတ္တုတွေမှာပဲ ရှိတတ်ကြပြီး လက်တွေ့ဘမှာတော့ ဘယ်သူမှ အလုံးစုံ မပြီးပြည့်စုံကြပါဘူး။ သင်က ကောင်းမွန်သူကို လိုချင်ရင် သင့်ဘက်ကလည်း ကောင်းမွန်နေဖို့ လိုပါသေးတယ်။

၃။ ပိုင်ရှင်ရှိပြီးသားသူကို စိတ်ကူးယဉ်ခြင်း

ပိုင်ရှင်ရှိပြီးသားသူက သင့်ကို စိတ်ဝင်စားလာမလားဆိုပြီး စိတ်ကူးယဉ်တာတွေနဲ့ အချိန်မကုန်လိုက်ပါနဲ့။ တစ်စုံတစ်ယောက်ကို သစ္စာဖောက်ပြီးမှ သင့်ဆီကိုရောက်လာသူက သင့်ကိုလည်း တစ်ချိန်ချိန်မှာ သစ္စာဖောက်နိုင်ပါတယ်။ သစ္စာဖောက်တတ်သူက ဘယ်တော့မှာ soul mate မဖြစ်နိုင်ပါဘူး။

၄။ လှေနံဓားထစ် ယုံကြည်ခြင်း

"ယောက်ျားတွေအားလုံးက အတူတူပါပဲ၊ အချိန်တန်ရင် ဒီပုံစံပါပဲ" ဆိုပြီး သင်က တွေးမြင်ကောင်းတွေးမြင်ပါလိမ့်မယ်။ လူတိုင်းက သင့်ရည်းစားဟောင်းနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဘယ်သူ့ကိုမှလည်း ပုံအပ်ပြီး မယုံကြည့်သင့်သလို အမြဲတမ်းသံသယစိတ်နဲ့ ကြည့်နေတာကလည်း အဆင်မပြေပါဘူး။ မလိုအပ်တဲ့ သံသယတွေက တကယ့်ဖူးစာဖက်နဲ့ လွဲချော်သွားစေပါတယ်။

၅။ မလွတ်လပ်တော့မှာကို တွေးကြောက်ခြင်း

ရည်းစားထားလိုက်ရင်၊ အိမ်ထောင်ပြုလိုက်ရင် ကိုယ်ပိုင်အချိန်တွေ နည်းသွားမှာ၊ မလွတ်လပ်တော့မှာကို သင်တွေးပူကောင်း တွေးပူနေပါလိမ့်မယ်။ အဲဒါကြောင့် အချစ်နဲ့ဝေးဝေးနေရင်း သင့်ဖူးစာဖက်ကို တွေ့တော့မှာမဟုတ်ပါဘူး။ အဆင်သင့်ပြင်ထားပြီးသား အဖြေတွေဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေထိုင်ပြီး အဆိုးမြင်တဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ပါ။

၆။ တစ်ဖက်သားအကြိုက်ကို လိုက်နေခြင်း

သင်မကြိုက်တဲ့အရာကို တခြားသူက ပြုမူနေပေမယ့် ဟန်ဆောင်ပြီးနေတာက အဆင်မပြေပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းလည်း မတူတာကြောင့် မတူတဲ့အရာကို အတင်းလုပ်ယူလို့လည်း မရပါဘူး။ စိတ်တူကိုယ်တူဖြစ်မှသာ နှစ်ပေါင်းများစွာ အဆင်ပြေမှာပါ။ အဲဒါကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကို သဘောကျတဲ့သူက ရှိလာမှာပါ။

၇။ ဆန္ဒစောခြင်း

သင့်မှာ ရည်ရွယ်ချက်တွေရှိတာ ကောင်းပေမယ့် အရမ်းဆန္ဒစောရင်တော့ မကောင်းပါဘူး။ သင်က စိတ်မြန်လက်မြန် လုပ်တတ်ပေမယ့် တစ်ဖက်သားအတွက်တော့ အချိန်ယူပြင်ဆင်စရာတွေ ရှိနေမှာပါ။ သင့်ဖက်က တစ်ဖက်သက်ဆန္ဒတွေ အရမ်းများနေရင်လည်း တကယ်စစ်မှန်တဲ့သူနဲ့ လွဲချော်သွားနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments